ကြားဖြတ်ရွေးကောက်ပွဲအတွက် စောင့်ကြည့်လေ့လာရေးအဖွဲ့တွေ ဘာတွေပြင်ဆင်နေပြီလဲ (အပိုင်း -၂)

ကြားဖြတ်ရွေးကောက်ပွဲအတွက် စောင့်ကြည့်လေ့လာရေးအဖွဲ့တွေ ဘာတွေပြင်ဆင်နေပြီလဲ (အပိုင်း -၂)

မဇ္ဈိမ ။         ။ နောက်တစ်ခုက ရွေးကောက်ပွဲကော်မရှင်က အခုရွေးကောက်ပွဲကော်မရှင်ဟာ ဆိုလို့ရှိရင် အစိုးရသစ်မှာမှ ပြန်ပြီးတော့ ဖွဲ့ထားတာပေါ့နော်။   ပြောင်းတော့ပြောင်းသွားတယ် ကော်မရှင်လူတွေလည်း ပြောင်းသွားတယ်။ လုပ်ထုံးလုပ်နည်းတွေလည်း အထိုက်အလျောက်တော့ ပြောင်းသွားမယ်လို့ ယူဆတယ်။ ဆိုတော့ ဒီကော်မရှင်က အရင်ရွေးကောက်ပွဲကော်မရှင်နဲ့ တကယ်ကို ကွဲပြားခြားနားသွားတဲ့ဟာတွေက ဘာတွေဖြစ်မလဲပေါ့နော် ပြီးတော့ ဒီကော်မရှင်က အရင်ရွေးကောက်ပွဲကော်မရှင် နောက်ပြီးတော့ အရင်တုန်းကလုပ်ခဲ့တဲ့ ရွေးကောက်ပွဲအပေါ်မှာ နမူနာတွေ အားနည်းချက်တွေ ဘာတွေကိုယူပြီးတော့ ပြောင်းလဲသင့်တယ်ဆိုတဲ့ဟာလေးကို အကြံပေးပါဦး ဆရာ။

ဦးစိုင်းရဲကျော်စွာမြင့် ။        ။ ဟုတ်ကဲ့။ အရင် ၂၀၁၅ ရွေးကောက်ပွဲကော်မရှင်ရဲ့ စိန်ခေါ်မှုကကျတော့ ပြည်သူလူထုရဲ့ ယုံကြည်မှု မရတာပေါ့။ အဲဒါက ကျွန်တော်ထင်တယ် အကြီးမားဆုံးစိန်ခေါ်မှုပဲ။ သူ့မှာအမှားအယွင်းတွေရှိတယ်။ နည်းပညာပိုင်းဆိုင်ရာ အမှားအယွင်းတွေရှိတယ်။ ဒါပေမယ့် ပြည်သူလူထုက အဲဒီအမှားအယွင်းတွေကို မြင်တဲ့အခါမှာ နိုင်ငံရေး အမှားအယွင်းလို့ပဲ ယူဆတယ်။ ပြောချင်တဲ့အဓိပ္ပာယ်က ကော်မရှင်ရဲ့ လုပ်ဆောင်နေတဲ့အပေါ်မှာ ပြည်သူလူထု ယုံကြည်မှု လုံးလုံးမရှိတာပေါ့။ အဲဒါက အရင်ကော်မရှင်ရဲ့ အကြီးမားဆုံး စိန်ခေါ်မှုပဲ။

ဆိုတော့ ဒါပေမယ့်လည်း ရွေးကောက်ပွဲနေ့မှာတော့ သူ ချောမွေ့အောင် ရွေးကောက်ပွဲကို သူကျော်ဖြတ်နိုင်တဲ့ တစ်ချက်ကကျတော့ ရွေးကောက်ပွဲကို သူ အောင်မြင်အောင် ကျင်းပနိုင်တယ်။ မြို့နယ် ၅ မြို့နယ်ကလွဲရင်။ ဒါပေမယ့် ရွေးကောက်ပွဲအဖြေတွေကိုလည်း လက်ခံလာနိုင်အောင် သူပြောနိုင်တယ်။ ဆိုတော့ ဒီသဘောက ဒီအဖြေကမှန်တယ် ဒါက အရင်ရွေးကောက်ပွဲကော်မရှင်ရဲ့ စိန်ခေါ်မှုနဲ့ သူရရှိသွားတာ။

အခု ဒီရွေးကောက်ပွဲကော်မရှင်အသစ်ကကျတော့ ကျွန်တော်အမြင်ပြောရရင် သူ့မှာ ပြည်သူလူထုက ယုံကြည်မှုဆိုတဲ့ သူ့မှာ အဲဒီစိန်ခေါ်မှု မရှိဘူး။ ဒါပေမယ့် ဒီရွေးကောက်ပွဲကို ရွေးကောက်ပွဲဖြစ်စဉ်ကို ဒီမိုကရေစီနည်းကျလာအောင် ဘယ်လိုအားကောင်းအောင် လုပ်ရမလဲဆိုတဲ့စိန်ခေါ်မှုက သူ့အတွက် ရွေးကောက်ပွဲ ပြုပြင်ပြောင်းလဲရေးက ဒီရွေးကောက်ပွဲကော်မရှင်အတွက်က စိန်ခေါ်မှုအသစ်ပဲ။ ဘာဖြစ်လို့လဲဆိုတော့ အခု ရွေးကောက်ပွဲတွေရဲ့ ဥပဒေတွေအားလုံးဟာ အရင် ၂၀၁၀ တုန်းက ဆွဲခဲ့တဲ့ဥပဒေတွေပဲ။ ပြင်ဆင်မှု အနည်းငယ်က လွဲရင်ပေါ့လေ။

ဆိုတော့ ဒီရွေးကောက်ပွဲဥပဒေ ငါးခုလုံးဟာ အရင်ဥပဒေတွေပဲ။ ဒီဥပဒေတွေနဲ့ ပတ်သက်ပြီးတော့မှ ကျွန်တော် ဝေဖန်မှုတွေ အများကြီးရှိပါတယ်။ ဒီဥပဒေတွေကို ကျွန်တော်တို့ ပြင်ဆင်ပြီးတော့မှ ရွေးကောက်ပွဲဟာ ဒီမိုကရေစီ နိုင်ငံသားအားလုံးကို ထင်ဟပ်တဲ့ တကယ့်ဒီမိုကရေစီနည်းကျတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ပြုပြင်ပြောင်းလဲဖို့လိုတယ်။ အဲဒါဟာ ဒီရွေးကောက်ပွဲကော်မရှင်အသစ်အတွက် စိန်ခေါ်မှု အကြီးမားဆုံးပဲ။

ဥပမာဆိုကြပါစို့ ကျွန်တော်တို့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ရှိရင် ကော်မရှင်တွေရဲ့အပေါ်မှာ ဝေဖန်မှုရှိတယ်။ အဲဒါက ဘာလဲဆိုရင် ရွေးကောက်ပွဲကော်မရှင်ဟာ အုပ်ချုပ်တဲ့အစိုးရနဲ့ ဘက်လိုက်မှုရှိတယ်ဆိုတဲ့ စိန်ခေါ်မှုပေါ့။

ဆိုတော့ ဒီစိန်ခေါ်မှုကို ရွေးကောက်ပွဲကော်မရှင်က ငါဖြေရှင်းဖို့လိုတယ်။ ပထမအချက်က သူ့ရဲ့ အမူအကျင်ပိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းဆိုင်ရာ သူဖြေရှင်းဖို့လိုတယ်။ အခုကော်မရှင်မှာလည်း ပါတီတစ်ခုကို သီးသန့်လိုက်တာမျိုး မတွေ့ရပါဘူး။ ဒါပေမယ့် ကျွန်တော်တို့အတွက် ဒီရွေးကောက်ပွဲတွေ ပိုကောင်းလာဖို့ဆိုရင်တော့ သူဟာ ကော်မရှင်ကို ဘယ်လိုခန့်အပ်သလဲဆိုတဲ့ ကျွန်တော်တို့ ဥပဒေကို ပြင်ဖို့လိုတယ်။

ဥပမာ သမ္မတကခန့်တယ်။ ဒါဆို ကျွန်တော်တို့ နည်းပညာပိုင်းအရ ကြည့်မယ်ဆိုလို့ရှိရင် ကော်မရှင်ဟာ အုပ်ချုပ်ရေးမဏ္ဍိုင်ကို ကော်မရှင်အပေါ်မှာ လွှမ်းမိုးမှုရှိတယ်ဆိုတာ ကျွန်တော်တို့ ဥပဒေကြောင်းအရ ကြည့်မယ်ဆိုရင် မူဘောင်အရ ကြည့်မယ်ဆိုရင် ထင်ထင်ရှားရှားပေါ်တယ်။ အဲဒါမျိုးလေးတွေပေါ့နော်။ ကော်မရှင်အသစ်တွက်ဆိုလို့ရှိရင်တော့ ဒီစိန်ခေါ်မှုပဲ။

ဒီရွေးကောက်ပွဲကို လုပ်ထုံးလုပ်နည်းတွေ ပြင်တာကတော့ ဘာမှ သိပ်ပြီးတော့ မထူးဆန်းဘူး။ Operation မှာ ပိုလွယ်သွားအောင် ခုနကပြောတဲ့ ရွေးကောက်ပွဲစောင့်ကြည့်ဖို့အတွက် အသိအမှန်ပြုကဒ်ပြားတွေ လျှောက်တာဟာ မြန်သွားတာဟာ ဒါက ကြိုဆိုရမှာပဲ။ ဒါပေမယ့် ကျွန်တော်တို့ ဒီရွေးကောက်ပွဲဟာ ပြဿနာကတော့ဗျာ ရွေးကောက်ပွဲဟာ ဒီမိုကရေစီနဲ့ ရွေးကောက်ပွဲ အချိတ်အဆက်ပေါ့။ အရင်တုန်းကတော့ ရွေးကောက်ပွဲက ဘာလဲဆိုလို့ရှိရင် ကျွန်တော်တို့ နိုင်ငံရေးအပြောင်းအလဲအတွက်ကို ကျွန်တော်တို့ စဉ်းစားတဲ့ စဉ်းစားချက်ပေါ့။ အခုကျတော့ ရွေးကောက်ပွဲဟာ ဒီမိုကရေစီနဲ့ စပြီးတော့ ချိတ်ဆက်ဖို့လိုတယ်။ မဟုတ်ရင် ကျွန်တော်တို့ ရွေးကောက်ပွဲတော့ရှိတယ် ဒီမိုကရေစီတော့ အားမကောင်းဘူးဖြစ်တဲ့ဟာကို ရွေးကောက်ပွဲနဲ့ ဒီမိုကရေစီနဲ့ကို ချိတ်ဆက်ဖို့ ဒီကော်မရှင်မှာ တာဝန်ရှိတယ်လို့ ကျွန်တော်တို့ မြင်တယ်။ အဲဒါဟာ ဒီကော်မရှင်အတွက် အကြီးမားဆုံး စိန်ခေါ်မှုပါပဲ။

မဇ္ဈိမ ။         ။ ရွေးကောက်ပွဲကော်မရှင်မှာ စိန်ခေါ်မှုတွေ အများကြီးရှိတယ်။ အဲဒီလိုအများကြီး ရှိသလိုမျိုးပဲ ရွေးကောက်ပွဲကော်မရှင်နဲ့ ပတ်သက်ပြီးတော့ ပြင်ရမယ့်ဥပဒေတွေလည်း ရှိတယ်ပေါ့နော်။ လုပ်ထုံးလုပ်နည်းတွေလည်းရှိတယ်။ ဆိုတော့ အဲဒါတွေကို လုပ်ဖို့အတွက် ဆရာတို့ CSO တွေအနေနဲ့ ပူးပေါင်းဆောင်ရွက်မှု ဘာတွေလုပ်သွားဦးမလဲ။ အဲသလိုမျိုး လုပ်ဖို့အတွက်ရော ဆရာတို့မှာ စိန်ခေါ်မှုတွေရှိတယ်။ ရွေးကောက်ပွဲကော်မရှင်ကရော အဲဒါကို လုပ်ချင်စိတ် ရှိရဲ့လား။

ဦးစိုင်းရဲကျော်စွာမြင့် ။        ။ ဟုတ်ကဲ့။ ကျွန်တော်တို့ အခု အရပ်ဖက်အဖွဲ့အစည်းတွေကတော့ ၂၀၁၅ တုန်းမှာလည်း ကျွန်တော်တို့က စောင့်ကြည့်လေ့လာမှုတွေ အများကြီးလုပ်ခဲ့တယ်။   နိုင်ငံတကာအဖွဲ့အစည်းတွေကရော ပြည်တွင်းအဖွဲ့အစည်းတွေကရော ကျွန်တော်တု့ိ အကြံပြုချက်တွေရှိတယ်။ ဥပမာ နိုင်ငံရေးပါတီတွေဆိုရင် အကြံပြုချက်က ဘယ်လို၊ ရွေးကောက်ပွဲ   ကော်မရှင်တွေက အကြံပြုချက်ကဘယ်လို၊ အဲဒီအကြံပြုချက်တွေကို ကျွန်တော်တို့က အကုန်ပြန်စုပြီးတော့မှ ဒါကို ပြုပြင်ပြောင်းလဲဖို့အတွက်ကို ကျွန်တော်တို့ အရပ်ဖက်အဖွဲ့အစည်းတွေက စပြီးတော့မှ ပြင်ဆင်နေကြပြီပေါ့လေ။

ဒါပေမယ့်လည်း ကျွန်တော်တို့ ဒီရွေးကောက်ပွဲဥပဒေ ပြုပြင်ပြောင်းလဲဖို့ဆိုရင် အဓိက အရေးအကြီးဆုံး ကျွန်တော်တို့ ပုဂ္ဂိုလ်တွေဖြစ်တဲ့ ရွေးကောက်ပွဲကော်မရှင် နောက်တစ်ခါ လွှတ်တော်၊ အဲဒီနှစ်ခုက အရေးကြီးတာကို။ အခု ကျွန်တော်တို့အတွက် စိန်ခေါ်မှုကကျတော့ ရွေးကောက်ပွဲကော်မရှင်က နည်းဥပဒေတွေ လုပ်ထုံးလုပ်နည်းတွေ ပြင်ဖို့တော့ သူ စိတ်ဝင်စားတယ်။ ဒါပေမယ့် ခုနကပြောတဲ့ ရွေးကောက်ပွဲ ဖြစ်စဉ်တစ်ခုလုံးကို ပိုပြီးတော့မှ ဒီမိုကရေစီ နည်းကျလာဖို့အတွက် ကျွန်တော်တို့ ရွေးကောက်ပွဲ နည်းဥပဒေ ပြုပြင်ပြောင်းလဲရေးလုပ်ဖို့အတွက် ရွေးကောက်ပွဲကော်မရှင်ကို ကျွန်တော်တို့ အများကြီး တိုက်တွန်းရဦးမယ်လို့ ယူဆတယ်။

နောက်တစ်ခါ အရွေးချယ်ခံပြီးတော့မှ တက်လာတဲ့ အမတ်တွေရှိတယ် ကိုယ်စားလှယ်တွေရှိတယ်။ ကိုယ်စားလှယ်တွေကလည်း ရွေးကောက်ပွဲနဲ့ပတ်သက်လို့ အရေးကြီးတဲ့ပုဂ္ဂိုလ်တွေပဲ သူတို့လည်း အများဆုံး ဝေဖန်ခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေပဲ။ ဒါပေမယ့်လည်း တစ်နှစ် ရွေးကောက်ပွဲအပြီး ကျွန်တော်တို့ လွှတ်တော်သက်တမ်းကလည်း တစ်နှစ်နီးပါးရှိပြီ ကော်မရှင်သက်တမ်းကလည်း တစ်နှစ်နီးပါးရှိပြီ။ ဒါပေမယ့် ကြီးမားတဲ့ ပြုပြင်ပြောင်းလဲမှုကို ကျွန်တော်တို့ မတွေ့ရသေးဘူး။

ဒါဟာ ကျွန်တော်တို့ ၂၀၂၀ အတွက်ကို ဝေးပေမယ့် ကျွန်တော်တို့အတွက်ကတော့ မဝေးဘူးလို့ ယူဆတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြုပြင်ပြောင်းလဲရေးအတွက်ကို ဆွေးနွေးမှုတွေလုပ်ရမယ်။ အဲဒါတွေကို ပြဌာန်းဖို့လိုမယ်။ ဆိုတော့ ဒါဟာ ကျွန်တော်တို့ စပြီးတော့မှ လုပ်ဖို့ပဲ။

ဥပမာဆိုကြပါစို့ ကျွန်တော် ထပ်ပြီးတော့မှ ပြောရမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ မဲဆန္ဒနယ်နဲ့ ပတ်သက်လို့ရှိရင် ရွေးကောက်ပွဲဟာ ဒီမိုကရေစီနဲ့ တစ်သားတည်းကျဖို့အတွက် အာဏာရှင်နိုင်ငံတွေမှာလည်း ရွေးကောက်ပွဲရှိတယ်။ ဒါပေမယ့် အဲဒီရွေးကောက်ပွဲက ပြည်သူလူထုရဲ့ဆန္ဒကို မထင်ဟပ်ဘူး။ ဒါဟာ အခု ကျွန်တော်တို့ အစိုးရသစ်ရယ် လွှတ်တော်ရယ် ကော်မရှင်ရယ် စိန်ခေါ်မှုက ဒီရွေးကောက်ပွဲက ပြည်သူလူထုကို ထင်ဟပ်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ပြုပြင်ပြောင်းလဲရေးလုပ်ရမှာ။

ဥပမာဆိုကြပါစို့ ကျွန်တော်တို့ ရွေးကောက်ပွဲမှာ နိုင်ငံသားတွေအတွက် အခြေခံကျဆုံးသော မူက ဘာလဲဆိုရင် အားလုံး တန်းတူညီမျှမှုရှိရေး မဲတစ်မဲရဲ့တန်ဖိုးဟာ မဲတစ်မဲနဲ့ တန်းတူညီမျှမှုရှိရမယ်။ ဆိုတဲ့အခါမှာ ကျွန်တော်တို့ ကြည့်လိုက်လို့ရှိရင် ဥပမာဆိုကြပါစို့ ကိုကိုးကျွန်းမှာ မဲပေးပိုင်ခွင့်ရှိတဲ့သူဟာ ကိုကိုးကျွန်းမြို့နယ်မှာ ၂၀၀၀ ပဲရှိတယ်။ လမ်းမတော်မြို့နယ်မှာ မဲပေးပိုင်ခွင့်ရှိသူဟာ ၃ သိန်းရှိတယ်။ ဆိုတော့ မဲအရေအတွက်က မတူတော့ဘူး။ ဆိုတော့ ကိုယ်စားလှယ်တစ်ယောက်က ကိုကိုးကျွန်းမှာရှိတဲ့ ကိုယ်စားလှယ်က မဲအနိုင်ရဖို့ လူနှစ်ထောင်ရဲ့မဲပဲလိုတယ်။ ဆိုတော့ လမ်းမတော်မြို့နယ်မှာရှိတဲ့ ကိုယ်စားလှယ်ကတော့ သူအနိုင်ရဖို့ဆိုရင် သူ မဲပေါင်း သိန်းနဲ့ချီပြီး လိုတယ်။ ဒါဆိုလို့ရှိရင် မဲအရေအတွက်တွေက မတူတော့ဘူး။ အဓိပ္ပာယ်ဟာ ဒါဟာ ရွေးကောက်ပွဲနဲ့ ဒီမိုကရေစီရဲ့ အစပ်အဟပ်ကို အကြီးမားဆုံး စိန်ခေါ်မှုပဲ။

ကော်မရှင်တွေအနေနဲ့ တက်နိုင်သမျှ မဲဆန္ဒနယ်တွေကို ညီမျှအောင်ပေါ့ ဆိုတဲ့သဘောက ကျွန်တော်တို့ ဆယ်ရာခိုင်နှုန်း ငါးရာခိုင်နှုန်းလောက်ပဲ ကွာတယ်ဆိုတာက လက်ခံနိုင်စရာရှိတယ်။ အခုက ကွာခြားချက်က ရာခိုင်နှုန်းက အကြီးကြီးပဲ။ ဒါဟာ ကျွန်တော်တို့ ရေရှည်မှာ ဒီမိုကရေစီ နိုင်ငံဖြစ်ဖို့ဆိုရင် ဒါဟာ အကြီးမားဆုံး စိန်ခေါ်မှုပဲ။

အဲဒါတွေကအစ ကော်မရှင်ဘက်ကနေ ပြုပြင်ပြောင်းလဲဖို့အတွက်က ဗျူရိုကရေစီယန္တယားနဲ့ ပြင်လို့မရဘူး။ ကော်မရှင်ကိုယ်တိုင်ကိုက နိုင်ငံရေးအရ လွှတ်တော်ရယ်   ကော်မရှင်ရယ်   ပေါင်းပြီးတော့မှ ပြင်ရမယ်။ ကျွန်တော်တို့အတွက် အကြီးမားဆုံးစိန်ခေါ်မှုက ကော်မရှင်မှာ အဲလောက်အထိ ပြောင်းချင်တဲ့ Political Way ရှိသလား။ နောက်တစ်ခါ လွှတ်တော်အမတ်တွေကရော ဒီဟာက သူတို့အတွက် အရေးကြီးတယ်ဆိုတဲ့ အမြင်ကို သူတို့ အခုချိန်ထိ မမြင်သေးဘူး။ ၂၀၁၉ လောက်မှမြင်မယ်ဆိုရင် နောက်ကျနေပြီ။ လွှတ်တော်အမတ်တွေကလည်း အခြားသော အရေးကြီးတာတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် ဒီကိစ္စကိုလည်း ကျွန်တော်တို့ စပြီးတော့ စဉ်းစားဖို့လိုတယ်။ အဲဒါကတော့ ကျွန်တော်တို့ အရပ်ဖက်အဖွဲ့အစည်းတွေအတွက်ကို ၂၀၂၀ အတွက် ရွေးကောက်ပွဲ ပြုပြင်ပြောင်းလဲရေးအတွက်မှာ အခု လက်တလောရင်ဆိုင်နေရတဲ့ အကြီးမားဆုံး စိန်ခေါ်မှုတွေပါပဲ။

အင်တာဗျူး အပိုင်း(၁) ကို အောက်ပါလင့်တွင် ဖတ်ရှု့နိုင်ပါသည်။ http://www.mizzimaburmese.com/article/23665

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly