YBS ယာဉ်လိုင်းများ သတ်မှတ်ကားမှတ်တိုင် မရပ်ခြင်းနှင့် ယာဉ်စီးခ ပိုမိုတောင်းခံမှု အများဆုံးတိုင်ခံရ

YBS ယာဉ်လိုင်းများ သတ်မှတ်ကားမှတ်တိုင် မရပ်ခြင်းနှင့် ယာဉ်စီးခ ပိုမိုတောင်းခံမှု အများဆုံးတိုင်ခံရ
ဓာတ်ပုံ-သက်ကို

ရန်ကုန်၊ ဖေဖော်ဝါရီလ ၁၈ ။              ။ YBS ယာဉ်လိုင်းများအား တိုင်ကြားမှုအများဆုံးမှာ သတ်မှတ်ကားမှတ်တိုင် မရပ်ခြင်းနှင့် ယာဉ်စီးခ ပိုမိုတောင်းခံမှုများဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ အတွင်းရေးမှူး ဒေါက်တာ မောင်အောင်က ဖေဖော်ဝါရီလ ၁၇ ရက်တွင် ပြောသည်။

ဇန်နဝါရီလအတွင်း ၂၃၄ ဦး တိုင်ကြားခဲ့ပြီး ၇၊ ၄ဝ၊ ၄၁ ယာဉ်လိုင်းများမှ အများဆုံးဖြစ်ကာ၊ ဖေဖော်ဝါရီလတွင် တိုင်ကြားသူ၂၈၆ ဦးထိ ရှိခဲ့ပြီး ယာဉ်လိုင်းနံပတ် ၆၊ ၃၆၊ ၆၅ တို့ ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှတော့ ရဲအရေးပိုင်သော တိုက်ရိုက်စော်ကားမှုများကိုသာ ဖြေရှင်းသွားမည်ဟု ပြောထားသေးသည်။

“ဆရာတို့တာဝန်ယူဖြေရှင်းတဲ့ အပိုင်းကတော့ ရဲအရေးနဲ့ပတ်သက်တဲ့ တိုက်ရိုက်စော်ကားတာပေါ့နော်။ စော်ကားတာဆိုတာက တကယ့် ကိုယ်ထိလက်ရောက်ဆိုတာမျိုးဆိုရင်တော့ ဆရာတို့ဆီက သွားတာ” ဟု ဆိုသည်။

YBS ယာဉ်လိုင်း စတင်ပြေးဆွဲမှု တစ်လပြည့်အနေဖြင့် ဖေဖော်ဝါရီလ ၁၇ ရက်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ပြုလုပ်သည့် သတင်းစာရှင်လင်းပွဲအပြီးတွင်   ဒေါက်တာမောင်အောင်က မီဒီယာ များ မေးမြန်းမှုကို ဖြေခဲ့ခြင်းဖြစ်သည်။

“ခုန ကပြောတဲ့ မချေမငံ ဆက်ဆံတာတို့၊ ယာဉ်စီးခပိုတောင်းတာတို့၊ ရပ်တယ်တို့က ဆရာတို့သိတာနဲ့ သက်ဆိုင်ရာကုမ္ပဏီကို ပြောတယ်။ အဲ့ဒီကုမ္ပဏီက အရေးယူတယ်။ အရေးယူတဲ့အခါမှာ ခုနကပြောတဲ့ ပုံစံချင်းမတူဘူး။ ပြစ်မှုကို မူတည်ပြီးတော့ မှတ်တမ်းတင်တယ်။ ဥပမာ လိုင်စင်သိမ်းမလား။ ဒါမှမဟုတ် ထုတ်ပယ်တာ ရှိချင်ရှိမယ်။ အဲ့ဒါမျိုးတွေနဲ့ အရေးယူတာ ရှိတယ်”ဟု ဒေါက်တာမောင်အောင်က ပြောသည်။

တိုင်ကြားမှုဌာန၌ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတွင် တိုင်ကြားခဲ့ရာ ပထမတိုင်ကြားမှုအများဆုံးမှာ သတ်မှတ်ထားသော ဘတ်စ်ကားမှတ်တိုင်တွင် မရပ်ခြင်း၊ ဒုတိယအများဆုံးမှာ ယာဉ်စီးခပိုမိုတောင်းခံခြင်းနှင့် တတိယအများဆုံးမှာ ခရီးသွားပြည်သူများကို မချေမငံဆက်ဆံခြင်းတို့ ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly