ကင်ဂျုံးနမ်အလောင်းကို ဒီအန်အေစစ်ဆေးပြီးမှ မြောက်ကိုရီးယားသို့ လွှဲပေးမည်ဟု မလေးရှားပြော

ကင်ဂျုံးနမ်အလောင်းကို ဒီအန်အေစစ်ဆေးပြီးမှ မြောက်ကိုရီးယားသို့ လွှဲပေးမည်ဟု မလေးရှားပြော

ကွာလာလမ်ပူ၊ ဖေဖော်ဝါရီ ၁၈ ။                   ။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအွန်ရဲ့ ဖအေတူအမေကွဲ ကင်ဂျုံးနမ်ရဲ့ ရုပ်အလောင်းကို ဒီအိုင်အေစစ်ဆေးပြီးမှ မြောက်ကိုရီးယားဆီ လွှဲပြောင်းပေးမယ်လို့ မလေးရှားရဲဌာနက ဆိုကြောင်း ဒေသတွင်းသတင်းများက ဖော်ပြပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက်က မလေးရှားနိုင်ငံ ကွာလာလမ်ပူလေဆိပ်မှာ အဆိပ်နဲ့ လုပ်ကြံခံရတယ်လို့ ကောက်ချက်ချထားတဲ့ ကင်ဂျုံးနမ်ဟာ ဆေးရုံပို့တဲ့လမ်းမှာ သေဆုံးတာဖြစ်ပါတယ်။

မလေးရှားအာဏာပိုင်တွေဟာ ကင်ဂျုံးနမ်အလောင်းက ဒီအန်အေနမူနာကို လုပ်ထုံးလုပ်နည်းနဲ့အညီ ထုတ်ယူပြီးဖြစ်ပြီး ဆက်လက်စစ်ဆေးသွားမှာဖြစ်ကြောင်း ဆီလန်ဂေါပြည်နယ်ရဲချုပ် ဆာမတ်ရှ်က စီအင်န်အေသတင်းဌာနကို ပြောပါတယ်။

ဒါပေမယ့် သေဆုံးသူရဲ့ ဆွေမျိုးအသိုင်းအဝန်းထံ အာဏာပိုင်တွေအနေနဲ့ မဆက်သွယ်ရသေးကြောင်းကိုလည်း ၎င်းက ပြောပါတယ်။

သေဆုံးသူဟာ မြောက်ကိုရီးယားခေါင်းဆောင်ဟောင်း ကင်ဂျုံးအီရဲ့ အကြီးဆုံးသားဖြစ်ပြီး လက်ရှိခေါင်းဆောင် ကင်ဂျုံးအွန်ရဲ့ ဖအေတူမအေကွဲ အစ်ကိုတော်သူဖြစ်ကြောင်းကို မလေးရှားဒုတိယဝန်ကြီးချုပ် ဇာဟစ်ဟာမီဒီက ဖေဖော်ဝါရီ ၁၆ ရက်မှာ အတည်ပြုပြီးဖြစ်ပါတယ်။

ကင်ဂျုံးနမ်ရဲ့ အလောင်းကို စုံစမ်းစစ်ဆေးမှုတွေ ပြီးစီးပြီဆိုပါက မြောက်ကိုရီးယားနိုင်ငံထံ လွှဲပြောင်းပေးသွားမှာဖြစ်ကြောင်း ဇာဟစ်က ပြောပေမယ့် နေ့ရက်နဲ့ ပတ်သက်ပြီး ပြောဆိုခဲ့ခြင်း မရှိပါဘူး။

ဖေဖော်ဝါရီ ၁၅ မှာ အလောင်းခွဲစိတ်စစ်ဆေးမှုကို မူခင်းဆေးပညာရှင်တွေက လုပ်ဆောင်ခဲ့ပေမယ့် သေဆုံးရတဲ့ အကြောင်းရင်းကို လက်ရှိအထိ တရားဝင် မထုတ်ပြန်ရသေးကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags