ယခုနှစ် မယ်စကြာဝဠာ မြန်မာပြိုင်ပွဲတွင် နှစ်နှစ်စာအတွက် အလှမယ်နှစ်ဦးရွေးချယ် သွားမည်

ယခုနှစ် မယ်စကြာဝဠာ မြန်မာပြိုင်ပွဲတွင် နှစ်နှစ်စာအတွက် အလှမယ်နှစ်ဦးရွေးချယ် သွားမည်

ရန်ကုန် ၊ ဇူလိုင် ၂၅ ။      ။ ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် ကျင်းပပြုလုပ်မည့် Miss Universe Myanmar 2015 ပြိုင်ပွဲ တွင် Miss Universe Myanmar 2015 အပြင် ၂၀၁၆ ခုနှစ် အတွက် Miss Universe Myanmar 2016 ကိုပါ ရွေးချယ် သွားမည်ဖြစ်ကြောင်း Miss Universe Myanmar Organization ၏  National Director ဒေါ်စိုးယုေ၀ က မဇ္ဈိမကို ပြောသည်။

Miss Universe Myanmar Organization မှ ထိုသို့ အလှမယ် ၂ဦး ရွေးချယ် ခြင်းသည် ပထမဆုံး အကြိမ် ဖြစ်ပြီး Miss Universe ပြိုင်ပွဲ၏ အဖွဲ့အစည်းမှလည်း ခွင့်ပြုချက် ရရှိပြီး ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

ဒေါ်စိုးယုဝေက  "မိုးစက်ဝိုင် သွားပြိုင်တဲ့ နှစ်ကဆို လေ့ကျင့်ချိန် အရမ်းနည်းတယ်။ သူများနိုင်ငံတွေကို ကြည့်လိုက်ရင် တစ်နှစ်စောရွေးချယ်ပြီး လေ့ကျင့် ပေးထားကြတာ ဆိုတော့ ဒီက ပရိသတ်တွေကလည်း အဲဒီလို ဖြစ်စေ ချင်ကြတယ်။

ဒီနှစ်မှာ စပြီး အကောင်အထည် ဖော်လိုက်တာ။ တစ်ပွဲထဲမှာ  နှစ်ယောက် ရွေးထားလိုက်မယ်။ ကြိုရွေး ထားတဲ့ အတွက် တစ်နှစ် တစ်နှစ် အချိန် ပိုရသွားတာပေါ့" ဟု  ပြောသည်။

Miss Universe Myanmar 2016 အတွက် ကြိုတင် ရွေးချယ် ရခြင်းသည် သွားရောက် ယှဉ်ပြိုင်မည့် အလှမယ် အတွက်လေ့ကျင့် ချိန် ပိုရရန် ကြိုတင် ရွေးချယ် ထားခြင်း ဖြစ်ပြီး ပြိုင်ပွဲ အတွက် လိုအပ်သည့် လေ့ကျင့်မှုများ ဝတ်စုံများလည်း ပြင်ဆင်ချိန် ပိုရရှိရန် အတွက် ပြုလုပ်ခြင်း ဖြစ်သည်။

၎င်းက  " ၂၀၁၆ အတွက် ရွေးချယ်ခြင်း ခံရတဲ့သူကတော့ သူ့ အတွက် လေ့ကျင့်ချိန် ပိုရမယ်။ ပြီးတော့ ၂၀၁၅ အတွက် သွားပြိုင် မယ့် အလှမယ်ဆီက အတွေ့အကြုံတွေလည်း ရမယ်။ နှစ်ဦးစလုံး အတွက်ကိုတော့ အမတို့ဘက်က အတတ်နိုင်ဆုံးပြင်ဆင်ပေး သွားမှာပါ" ဟု ဆိုသည်။

Miss Myanmar Universe 2015 နောက်ဆုံး ပြိုင်ပွဲတွင် မြို့ကြီး ၁၄မြို့မှ ရွေးချယ် ခံရသည့် ကိုယ်စားပြု အလှမယ် (၁၄)ဦးသည် Miss Myanmar Universe 2015 နောက်ဆုံး ပြိုင်ပွဲ ဆန်ခါတင်(၂၀)ဦး စာရင်းတွင် တိုက်ရိုက် ဝင်ရောက် ယှဉ်ပြိုင် မည်ဖြစ်ပြီး ကျန်ရှိသည့် ခြောက်ဦးကိုမူ  တစ်နိုင်လုံးမှ လျှောက် ထားသည့် ရန်ကုန် လျှောက်လွှာများမှ ရွေးချယ် သွားမည် ဖြစ်သည်။

Miss Myanmar Universe 2015 နောက်ဆုံး ပြိုင်ပွဲကို အောက်တိုဘာ ၃ရက်တွင် ရန်ကုန်မြို့ Gandamar Whole Sale ၏ Grand Ball Room ၌ ကျင်းပ ပြုလုပ် သွားမည် ဖြစ်ပြီး မြို့ကြီး ၁၄မြို့ ကိုယ်စားပြု အလှမယ် နှင့် ရန်ကုန်မှ ဝင်ရောက် ယှဉ်ပြိုင် မည့် Finalist Contestants (၆) ဦး စုစုပေါင်း ဆန်ကာတင် အယောက် ၂၀ တို့ ယှဉ်ပြိုင် ကြမည် ဖြစ်သည်။

Miss Universe 2013 ပြိုင်ပွဲအား ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၉ရက်တွင် ရုရှားနိုင်ငံ မော်စကိုမြို့၌ ကျင်းပ ပြုလုပ် ခဲ့ခြင်းဖြစ် ပြီးမြန်မာနိုင်ငံကိုယ်စားပြု အဖြစ် Miss Myanmar Universe 2013 အလှမယ် မိုးစက်ဝိုင်က ဝင်ရောက် ယှဉ်ပြိုင် ခဲ့သည်။

Miss Universe 2014 ပြိုင်ပွဲကို ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၂၅ရက် တွင် အမေရိကန် နိုင်ငံ၏ Florida ပြည်နယ် Doral မြို့၌ ကျင်းပ ပြုလုပ် ခဲ့ပြီး မြန်မာနိုင်ငံမှ သျှားထွဋ်အိန္ဒြာ ဝင်ရောက် ယှဉ်ပြိုင် ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly