၂၁ ညီလာခံ အကြိုပြင်ဆင်သော ကချင်အမျိုးသားတွေ့ဆုံပွဲမှ ကချင်ကိုယ်စားလှယ် ၁၀၀ ကျော်ရွေးချယ်ပြီး

၂၁ ညီလာခံ အကြိုပြင်ဆင်သော ကချင်အမျိုးသားတွေ့ဆုံပွဲမှ ကချင်ကိုယ်စားလှယ် ၁၀၀ ကျော်ရွေးချယ်ပြီး

ချင်းမိုင်၊ ဖေဖော်ဝါရီ ၁၈ ။               ။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မနောကွင်း မဂျွယ်ခန်းမတွင် ကျင်းပနေသော ကချင်အမျိုးသားများ တွေ့ဆုံပွဲ ဒုတိယနေ့ ဖေဖော်ဝါရီလ ၁၇ ရက်က ကချင်အမျိုးသား ကိုယ်စားပြု ကိုယ်စားလှယ် အယောက် ၁၀၀ကို ရွေးချယ်ခဲ့ပြီး ဖြစ်သည်။

ကချင်ပြည်နယ်ရှိ မြို့နယ်များနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ တက်ရောက်လာသော ကချင်အဖွဲ့အစည်း အသီးသီးက မိမိ၏ အဖွဲ့မှ ကိုယ်စားလှယ်များကို ရွေးချယ်၍ ကချင်အမျိုးသား တွေ့ဆုံပွဲတွင် တင်ပြကာ ပြန်လည်အတည်ပြု ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု သူက ပြောသည်။

“ရွေးချယ်ပြီးသွားပြီ။ မဲခွဲရွေးချယ်တာ မဟုတ်ဘူး။ ကြိုတင်ပြီး ကိုယ့်အဖွဲ့မှာ ကိုယ်ရွေးချယ်ထားတယ်။ ပြီးတော့ ဒီတွေ့ဆုံ ပွဲမှာ ဒီပုဂ္ဂိုလ်က တကယ် ဦးဆောင်နိုင်တဲ့လူ   ဖြစ်တယ်ဆိုတာကို   ပြန်လည် ပြန်အတည်ပြုပြီး ရွေးချယ်တယ်”ဟု ကချင် အမျိုးသားများ အတိုင်ပင်ခံအဖွဲ့ (WMR)မှ ပြောရေးဆိုခွင့်ရှိသူ ဦးအင်ခွန် တန်ဂွန်းက ပြောသည်။

“သူတို့က ကျနော်တို့ ၂၁ ပင်လုံနဲ့ ပတ်သက်ပြီးတော့ ပြင်ဆင်ရမှာတွေရှိတော့။ အဲဒီ ၂၁ ညီလာခံမှာ ကျနော်တို့ ကချင်အမျိုသားတွေရဲ့အကြောင်းတွေကို တင်ပြသွားဖို့။ ညီလာခံမှာ ဆွေးနွေးမဲ့ ကဏ္ဍတွေ ဆွေးနွေးညှိနှိုင်းတာတွေ၊ လေ့လာဖို့၊ လက်တွေ့ လုပ်သွားဖို့ ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်၊ အတွေ့အကြုံရှိတဲ့ လူကြီး၊ လူငယ်တွေ၊ ဦးဆောင်နိုင်တဲ့ လူတွေကို ရွေးချယ်ကြတယ်”ဟု မဇ္ဈိမကို ပြောသည်။

ထို့ပြင် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ အကြို ကချင်အမျိုးသား တွေ့ဆုံပွဲ နှစ်ရက်ကြာ ကျင်းပရန် ဖြစ်သော်လည်း ဆွေးနွေးမှု မပြီးပြတ်သေးသဖြင့် မနက်ဖြန် ဖေဖော်ဝါရီလ ၁၈ ရက် တစ်ရက်တိုး၍ ကျင်းပမည် ဖြစ်ကြောင်း ဦးအင်ခွမ်တန်ဂွန်းက ပြောသည်။

“ကျနော်တို့ အချိန်မီ မစနိုင်လို့ ဆွေးနွေးမှုတွေ မြ့ပီးသေးဘူး။ မနက်ဖြန်တော့ ကိုယ်စားလှယ်တွေမှာ တင်ပြချက်တွေ အတည်ပြုဖို့လိုသေးတယ်။ ကျနော်တု့ိ ကချင်အမျုးိသားတွေအတွက် အားလုံး သဘော တူညီစွာ လုပ်ဆောင်သွားမဲ့ လုပ်ငန်းတွေ အတည်ပြုဖို့ လိုသေးတယ်”ဟု သူက ပြောသည်။

မူလက ဖေဖော်ဝါရီလ ၁၆ ရက်နှင့် ၁၇ ရက် နှစ်ရက်ကြာ ကျင်းပရန် စီစဉ်ခဲ့သော်လည်း ပထမနေ့ နံနက်ပိုင်းတွင် မနောကွင်းရှိ မဂျွယ်ခန်းမတွင် ပြည်နယ်အစိုးရမှ မည်သည့်အကြောင်းအရင်းကြောင်း ကျင်းပခွင့် မရသည်ကို ထုတ်ဖော်ပြောဆိုခြင်းမရှိဘဲ လုံခြုံရေး ရဲတပ်ဖွဲ့မှ တားဆီးပိတ်ပင်ခဲ့သည်။

ပြည်နယ် အစိုးရနှင့် ပွဲဖြစ်မြောက်ရေးကော်မတီတို့ တွေ့ဆုံညှိနှိုင်းခဲ့ပြီးနောက် “ကချင်အမျိုးသားညီလာခံ” အစား “ကချင်အမျိုးသားတွေ့ဆုံပွဲ”အမည်သို့ ပြောင်းလဲ၍ မွန်းလွဲပိုင်း ၃ နာရီမှသာ ကျင်းပခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။

ကချင်အမျိုးသား တွေ့ဆုံပွဲတွင် ဒုတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ ညီလာခံအတွက် ကချင်အမျိုး ကိုယ်စားလှယ်များ ရွေးချယ်ခြင်းအပြင်၊ ညီလာခံတွင် တင်ပြမည့် အကြောင်းအရာများကို ပြင်ဆင်နေခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly