မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး နှုတ်ထွက်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး နှုတ်ထွက်
ကျိုက်ထီးရိုးစေတီနှင့်ပတ်သက်သည့် အစည်းအဝေးတစ်ခုတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးအား တွေ့ရစဉ်(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဖေဖော်ဝါရီ ၁၈ရက်၊ ၂၀၁၇ခုနှစ်)။ ။ ရာထူးမှ နှုတ်ထွက်ပြီဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးက လူမှုကွန်ယက် ဖေ့စ်ဘွတ်တွင် တရားဝင် ကြေငြာလိုက်ပြီး နှုတ်ထွက်စာကို ယခုတစ်ပတ်အတွင်း သမ္မတထံ တင်ပြသွားမည်ဟုလည်း ၎င်းက မဇ္ဈိမကို အတည်ပြု ပြောကြားသည်။

“ဟုတ်ပါတယ်၊ အတည်ပါ။ တစ်ခါထဲ ကြိုကြေငြာထားလိုက်တာပါ။ သမ္မတအထိတော့ မတင်ရသေးဘူး။ ဒီတစ်ပါတ်ထဲမှာ တင်မှာပါ” ဟု ဦးမင်းမင်းဦးက ဖေဖော်ဝါရီ ၁၈ရက်၊ နံနက် ၉နာရီတွင် မဇ္ဈိမကို ပြောသည်။

၎င်း၏ လူမှုကွန်ယက် ဖေ့စ်ဘွတ်တွင်လည်း ဦးမင်းမင်းဦးက “နှုတ်ထွက်ပါပြီး။ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဖြစ်တည်မှု အားလုံးဟာ ပျက်စီးဖို့ ရာ ဓမ္မတာပါဘဲ” ဟု ယနေ့နံနက်ပိုင်းတွင် ရေးသားထားသည်။

ဦးမင်းမင်းဦးသည် ဖေဖော်ဝါရီ ၁၇ရက်က ကျိုက်ထိုမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီ၊ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်နှင့် တွေ့ဆုံခဲ့သေးသည်။

အဆိုပါ တွေ့ဆုံမှုှနှင့်ပတ်သက်၍ ဦးမင်းမင်းဦးက “ကျွန်တော် ထွက်တော့မယ်ဆိုတော့ သူတို့ညှိနှိုင်းတာ။ ပါတီနဲ့ ဘာမှမဆိုင်ပါဘူး။ နည်းနည်း တွန်းအားလေးတွေတော့ ရှိတာပေါ့” ဟု မဇ္ဈိမကို ပြောသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးနှင့် တနင်္သာရီတိုင်းလွှတ်တော်ဥက္ကဌ ဦးခင်မောင်အေးတို့အား အရေးယူပေးရန် တိုင်စာများရောက်ရှိလာမှုကြောင့် အဆိုပါတိုင်စာများ မှန်၊ မမှန် စစ်ဆေးရန် လေ့လာသုံးသပ်ရေးအဖွဲ့ကို ၂၀၁၆ နိုဝင်ဘာ ၂၈ရက်တွင် ဖွဲ့စည်းခဲ့သည်။  

လေ့လာသုံးသပ်ရေးအဖွဲ့တွင် အဖွဲ့ခေါင်းဆောင်အဖြစ် ဦးဉာဏ်ဝင်း၊ အဖွဲ့ဝင်အဖြစ် ဒေါက်တာမျိုးညွန့်နှင့် ဦးကျော်ဟိုးတို့ ပါဝင်ပြီး အဖွဲ့၏ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို ပါတီ CEC နှင့် နိုင်ငံတော်အတိုင်ပင်ခံရုံးသို့ ၂၀၁၇ ဇန်နဝါရီလအတွင်းက တင်ပြခဲ့သည်။

စစ်ဆေးချက်များအရ ဦးမင်းမင်းဦးတွင် အပြစ်ရှိကြောင်း တွေ့ရှိရသည်ဟုလည်း ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောဆိုထားသည်။

ဦးမင်းမင်းဦးသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မွန်ပြည်နယ် ဘီးလင်းမဲဆန္ဒနယ် အမှတ် ၂တွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်လာပြီးနောက် မွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရခြင်း ဖြစ်သည်။

သူသည် ၁၉၈၈ခုနှစ် ဒီမိုကရေစီအရေး လှုပ်ရှားမှုတွင် ကျောင်းသားခေါင်းဆောင်တစ်ဦးအဖြစ် ပါဝင်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။

ရန်ကုန်စက်မှုတက္ကသိုလ်မှ အီလက်ထရွန်နစ် အင်ဂျင်နီယာဘွဲရတစ်ဦးဖြစ်သည့် ဦးမင်းမင်းဦးသည် အသက်မွေးဝမ်းကျောင်းအဖြစ် ရာဘာလုပ်ငန်း၊ မိုင်ဘိုင်းလ်ဖုန်းအရောင်းဆိုင်နှင့် မုန့်တီလုပ်ငန်း လုပ်ကိုင်လျက် ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly