မီဒီယာအချို့တွင် နိုင်ငံတော်သမ္မတ နှင့် အစိုးရအဖွဲ့ထက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အား အများဆုံးဖော်ပြခဲ့ကြောင်း အစီရင်ခံစာထုတ်ပြန်

မီဒီယာအချို့တွင် နိုင်ငံတော်သမ္မတ နှင့် အစိုးရအဖွဲ့ထက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အား အများဆုံးဖော်ပြခဲ့ကြောင်း အစီရင်ခံစာထုတ်ပြန်

ရန်ကုန်၊ ဖေဖော်ဝါရီလ ၁၇ ။  ။ ပြည်တွင်း နာမည်ကြီး ပုဂ္ဂလိက မီဒီယာ (၇) ခုအနက် (၄) ခုသည် နိုင်ငံတော်သမ္မတ နှင့် အစိုးရအဖွဲ့ထက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ သတင်းများကိုသာ အများဆုံးဖော်ပြကြခဲ့ကြောင်း Myanmar Institute for Democracy (MID) က အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ သတင်းများကို အများဆုံးဖော်ပြသည့် မီဒီယာမှာ မဇ္ဈိမမီဒီယာဖြစ်ပြီး နိုင်ငံရေးသတင်းများအားလုံး၏ ၃၈ရာခိုင်နှုန်းကျော်သည် ဒေါ်အောင်ဆန်းစုကြည်၏ သတင်းများဖြစ်သည်ဟုဆိုသည်။ မဇ္ဈိမ နောက်တွင် DVB၊ ဧရာဝတီ၊ Voice တို့ အစဉ်လိုက်ရှိနေသည်ဟု မီဒီယာစောင့်ကြည့်လေ့လာ အဖွဲ့တစ်ခုဖြစ်သည့် MID က ဖေဖော်ဝါရီလ ၁၇ ရက်က Orchid Hotel တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ အစီရင်ခံစာသည် ၂၀၁၆ ခုနှစ် သြဂုတ်လ နှင့် စက်တင်ဘာလအတွင်းတွင် ကောက်ယူခဲ့သော စစ်တမ်းများကို အခြေခံပြီး ထုတ်ပြန်ခဲ့သော အစီရင်ခံစာဖြစ်သည်။ အစီရင်ခံစာထဲတွင် နိုင်ငံပိုင်မီဒီယာများ နှင့် တပ်မတော်ပိုင်မီဒီယာများသည် ယခင်အစိုးရလက်ထက်ကကဲ့သို့ အစိုးရနှင့်ပတ်သက်သည့်သတင်းများကို အကောင်းဘက်ကသာ အများဆုံးဖေါ်ပြနေကြောင်းထုတ်ပြန်ထားသည်။ ထို့အပြင် ပုဂ္ဂလိကမီဒီယာများသည် အစိုးရသစ် ရက် ၁၀၀ ကာလနောက်ပိုင်းတွင် ဝေဖန်ထောက်ပြမှုများ ရှိလာကြကြောင်းဖော်ပြထားသည်။

“အထူးသဖြင့် အစိုးရနဲ့ပတ်သတ်တဲ့သတင်းတွေဆိုရင် အစိုးရမီဒီယာတွေမှာ အကောင်းဖော်ပြမှုပဲများတယ်။ အခုနောက်ပိုင်းပုဂ္ဂလိက မီဒီယာတွေမှာတော့ ဝေဖန်စရာရှိတာတွေ ထောက်ပြစရာရှိတာတွေကို ထောက်ပြလာတယ်” ဟု Myanmar Institute for Democracy (MID) မှ ကိုမျိုးမင်းဇော်ကပြောသည်။

မီဒီယာများ အားလုံးတွင် တပ်မတော်နှင့်ပတ်သတ်သည့်သတင်းများကို အများဆုံးဖော်ပြပေးသော မီဒီယာမှာ မြဝတီသတင်းဌာနဖြစ်ပြီး သတင်းအားလုံး၏ ၆၅ ရာခိုင်နှုန်းနီးပါးရှိကြောင်းသိရသည်။

Myanmar Institute for Democracy (MID) သည် ဆလိုဗားကီးယားနိုင်ငံ သတင်းမီဒီယာစောင့်ကြည့်လေ့လာရေးအဖွဲ့အစည်းနှင့် ပူးပေါင်းပြီး နိုင်ငံရေးပါတီများ၊ လွှတ်တော်ဥက္ကဌများ၊ ဝန်ကြီးချုပ်များ၊ ဝန်ကြီးဌာန နှင့်  တပ်မတော်အကြောင်း မြန်မာသတင်းမီဒီယာများ၏ သတင်းထုတ်ပြန်မှုကို လေ့လာခဲ့ခြင်းဖြစ်သည် ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly