ဒေါ်အောင်ဆန်းစုကြည်နှင့် DPN တွေ့ဆုံရန် ငြိမ်းချမ်းရေးကော်မရှင် ဖိတ်ကြား

ချင်းမိုင်၊ ဖေဖော်ဝါရီ ၁၇ ။   ။ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးဆွေးနွေးမှု ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (DPN) တွေ့ဆုံရန် အစိုးရဘက်မှ ဖေဖော်ဝါရီလ ၁၆ ရက်က စာပေးပို့လိုက်သည်ဟု သိရသည်။

ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းမှ လာမည့် ဖေဖော်ဝါရီလ ၂၃ ရက် မွန်းလွဲပိုင်းနှင့် ၂၃ ရက်များတွင် တွေ့ဆုံဆွေးနွေးနိုင်မည်ဆိုပါက တရားဝင်ဖိတ်ကြားစာ ပို့မည်ဖြစ်ကြောင်း အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

“မနေ့က ပို့လိုက်တဲ့ စာမှာက ငြိမ်းချမ်းရေးကော်မရှင်နဲ့ ဒီပီအန်တွေ့ဆုံနိုင်ဖို့အတွက် ၂၃ ရက် မွန်းလွဲပိုင်းမှာ တွေ့မယ်။ နောက်ပြီး ၂၄ ရက်မှာ နေပြည်တော်မှာတွေ့မယ်ပေါ့။ အဲဒါ အဆင်ပြေနိုင်ခြင်း ရှိမရှိ ညှိနှိုင်းဆောင်ရွက်ချင်ပါတယ်။ တကယ်လို့ အဆင်ပြေမယ်ဆိုရင် တရားဝင် ဖိတ်ကြားစာကို ပေးပို့ပါ့မယ်ဆိုပြီးတော့ ရေးထားပါတယ်”ဟု DPN ခေါင်းဆောင် ခူဦးရယ်က ပြောသည်။

သို့သော် တွေ့ဆုံဆွေးနွေးပွဲ တက်ရောက်မည့် DPN အဖွဲ့ဝင်များ ခရီးလွန်နေသဖြင့် ၎င်းရက်များတွင် တွေ့ဆုံရန် အဆင်မပြေသဖြင့် လာမည့် မတ်လ ၁ ရက်တွင် တွေ့ဆုံဆွေးနွေးလိုကြောင်း ဖေဖော်ဝါရီလ ၁၇ ရက်တွင် ငြိမ်းချမ်းရေးကော်မရှင်ထံသို့ စာပေးပို့လိုက်သည်ဟု သူက ပြောသည်။

“ရှိတဲ့လူ တယောက်နှစ်ယောက်နဲ့ ကျနောတို့လိုက်ပါသွားဆွေးနွေးမယ်ဆိုရင်တော့ သိပ်ပြီးတော့ အလေးအနက် ထားပြီးတော့ လာရောက်တွေ့ဆုံတဲ့အနေအထားမျိုးမပေါ်ရင် အစိုးရဘက်ကို ကျနော်တို့ အဖြစ်သဘောလာတွေ့တယ်ဆိုတဲ့ဟာမျိုး စိုးရိမ်တယ်။ အဲဒီလို မဖြစ်စေချင်ဘူး၊ ဒါကြောင့် ဒီလကုန်ပြီးမှာတွေ့နိုင်မယ်ဆိုရင် ကျနော်တို့တွေ့ဖို့ပြင်ပါ့မယ်လို့ ပြန်စာရေးလိုက်ပါတယ်”ဟု သူက ဆက်ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပါက DPN ဘက်မှတင်ပြထားသည့် အချက် ၈ ချက်အပေါ် မူပိုင်းဆိုင်ရာနှင့် ပတ်သက်၍ တချို့အချက်အလက်များ ဆုံးဖြတ်ပေးနိုင်ပါက နှစ်ဖက်ညှိနှိုင်း ဆောင်ရွက်မှုများ အဆင်ပြေသွားနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း သူက ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း ငြိမ်းချမ်းရေးကော်မရှင်မှ ဒေါက်တာခင်မောင်ဝင်းကDPN ကို ပေးပို့သော စာတွင် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နေပြည်တော်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့ (JCB) အစည်းအဝေးတွင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် တက် ရောက်မည် ဖြစ်ပြီး အစည်းအဝေးအပြီးတွင် တွေ့ဆုံဆွေးနွေးနိုင်သည်ဟူသောသဘောမျိုး ဖော်ပြထားသည်ဟု သူက ပြောသည်။

ထိုသို့ ငြိမ်းချမ်းရေးကော်မရှင်ဘက်မှ ရေးပို့သော စာ မရှင်းလင်းသဖြင့် ပြန်လည် ရှင်းလင်းပေးပါရန် စာရေးသားပေးပို့လိုက်သဖြင့် ယမန်နေ့တွင် အစိုးရဘက်မှ ပြန်လည် တုံ့ပြန်လာခြင်း ဖြစ်သည်ဟု သူက ပြောသည်။ 

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၃ ရက်နေ့က ငြိမ်းချမ်းရေးကော်မရှင်နှင့် DPN တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးရန် ဇန်နဝါရီ ၃၀၊ ၃၁ ရက်နေ့တွင် DPN ဘက်မှ ကမ်းလှမ်းခဲ့ပြီး ယခု အစိုးရဘက်မှ ပြန်လည် အကြောင်းကြားလာခြင်း ဖြစ်သည်။