ကင်ဂျုံးနမ်က မြောက်ကိုရီးယားကို ပြုပြင်ပြောင်းလဲဖို့ ကြိုးစားနေသူဟု ဆို

ကင်ဂျုံးနမ်က မြောက်ကိုရီးယားကို ပြုပြင်ပြောင်းလဲဖို့ ကြိုးစားနေသူဟု ဆို

ပြုံယမ်း၊ ဖေဖော်ဝါရီ ၁၇ ။           ။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအွန်ရဲ့ လုပ်ကြံခံရတဲ့ အစ်ကိုတော်သူ ကင်ဂျုံးနမ်ဟာ သူ့နိုင်ငံကို ပြုပြင်ပြောင်းလဲရေးအတွက် ကြိုးစားလုပ်ဆောင်နေတဲ့ သတ္တိကောင်းသူတစ်ဦးဖြစ်တယ်လို့ သူ့အကြောင်း စာအုပ်ရေးဖူးတဲ့ ဂျပန်ဂျာနယ်လစ်တစ်ဦးက ဆိုပါတယ်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူလေဆိပ်မှာ အသတ်ခံရတဲ့ ကင်ဂျုံးနမ်ဟာ ဂျပန်က စာရေးဆရာသတင်းစာသမား ယိုဂျီဂိုမီနဲ့ ပုံမှန်အဆက်အသွယ်ရှိထားတာဖြစ်ပါတယ်။

“သူ့ကိုသူ အန္တရာယ်ထဲ ရောက်နေတာ သိပေမယ့် သူ့ရဲ့ အမြင်သဘောထားတွေကို ကျွန်တော်ကတစ်ဆင့် ဒါမှမဟုတ် အခြားမီဒီယာတွေကတစ်ဆင့် သူ့နိုင်ငံ မြောက်ကိုရီးယားကို သိစေလိုတဲ့သူပါ။”လို့ ဂိုမီက သတင်းထောက်တွေကို ပြောပါတယ်။

ကင်ဂျုံးနမ်ဟာ ဖခင်ဖြစ်သူ ကင်ဂျုံးအီရဲ့ အရိုက်အရာကို ဆက်ခံတဲ့ ဖအေတူမအေကွဲ ညီဖြစ်တဲ့ ကင်ဂျုံးအွန်နဲ့ တစ်ခါမှ မတွေ့ဖူးကြောင်း ပြောဖူးတယ်လို့ ဂိုမီက ဆိုပါတယ်။ ကင်ဂျုံးနမ်ကို လုပ်ကြံသတ်ဖြတ်ဖို့အတွက် အမျိုးသမီးအေဂျင့်နှစ်ဦးကို ကင်ဂျုံးအွန်က စေလွှတ်ခဲ့တာဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံက စွဲဆိုထားပါတယ်။

ဂိုမီဟာ ကင်ဂျုံးနမ်ကို ၂၀၀၄ ခုနှစ်က ပေကျင်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ တွေ့မိခဲ့ရာကစပြီး အဆက်အဆံ စရှိခဲ့တာပါ။

၂၀၁၀ ခုနှစ်အတွင်းမှာ ပုံမှန်အီးမေးဆက်သွယ်မှုကို ၎င်းတို့ကြားမှာ စတင်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာလည်း မကာအိုနဲ့ ပေကျင်းမှာ ကင်ဂျုံးနမ်ကို ဂိုမီက အင်တာဗျူးခဲ့ပြီး စုစုပေါင်း ခုနစ်နာရီကြာမြင့်ပါတယ်။

အီးမေးလ်ကတစ်ဆင့် နောက်ဆုံးဆက်သွယ်ခဲ့တာက ၂၀၁၂ ခုနှစ် ဇန်နဝါရီလအတွင်းက ဖြစ်ပြီး ကင်ဂျုံးနမ်ရဲ့ ဖခင် ကင်ဂျုံးအီ ကွယ်လွန်ပြီး သီတင်းပတ်တွေအတွင်းမှာပဲဖြစ်ပါတယ်။

ကင်ဂျုံးနမ်က မြောက်ကိုရီးယားနိုင်ငံကို ၁၉၇၀ ခုနှစ်များက တရုတ်နိုင်ငံအတိုင်း စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ချင်နေသူတစ်ဦးဖြစ်တယ်လို့ ဂိုမီက ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly