ဘတ်စ်ကားသစ် စီးရေ သုံးထောင်ခန့်ကို စျေးအသက်သာဆုံးဖြင့် ဝယ်ယူမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြော

ဘတ်စ်ကားသစ် စီးရေ သုံးထောင်ခန့်ကို စျေးအသက်သာဆုံးဖြင့် ဝယ်ယူမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြော
ဓာတ်ပုံ - သူရ

ရန်ကုန်၊ ဖေဖော်ဝါရီလ ၁၇ ။               ။ ရန်ကုန်မြို့တွင် ပြေးဆွဲနေသော YBS ယာဉ်လိုင်းများအတွက် ရန်ကုန်တိုင်းအစိုးရမှ ဘတ်စ်ကားစီးရေ သုံးထောင်ခန့်ကို အစိုးရအချင်းချင်း ဝယ်ယူသည့်စနစ်ဖြင့် တရုတ် နှင့် တောင်ကိုရီးယားမှ မှာယူတင်သွင်းသွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ လ ၁၇ ရက်တွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

YBS ယာဉ်လိုင်းစတင်ပြေးဆွဲခဲ့ရာ တစ်လပြည့်သည့်အနေဖြင့် ယနေ့ ဖေဖော်ဝါရီလ ၁၇ရက်၊ နေ့လည် (၁) နာရီတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားခဲ့ခြင်းဖြစ်သည်။

ထိုသို့ ဘတ်စ်ကားသစ်များကို ဝယ်ယူနိုင်ရန်အတွက် လက်ရှိတွင် ကားကုမ္ပဏီများကို ခေါ်ယူစစ်ဆေးနေပြီး ခေါ်ယူစစ်ဆေးပြီးပါက အစိုးရအချင်းချင်း ဝယ်ယူသည့်စနစ်ဖြင့် ဈေးအသက်သာဆုံးနှင့် ဘတ်စ်ကားများကို ဝယ်ယူတင်သွင်းသွားမည်ဟုပြောသည်။ လက်ရှိတွင်လည်း ဘတ်စ်ကားသစ်များကို မှာယူတင်သွင်းထားပြီး လာမည့် ဧပြီလတွင် ရောက်ရှိမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ကဆိုသည်။

“ဈေးကလည်း အသက်သာဆုံးဖြစ်ရမယ်။ ပစ္စည်းကလည်း အကောင်းဆုံးဖြစ်ရမယ်။ အာမခံလည်း နှစ်နှစ် လောက်ပါရမယ်။ အကြွေးလည်း ပေးနိုင်ရမယ်။ အဲ့ဒီနည်း အတိုင်းဝယ်မှာပါ။ ဘာဖြစ်လို့လဲဆိုရင် ကျွန်တော်တို့ နိုင်ငံအတွက် ဝယ်ယူမယ့် ပစ္စည်းဖြစ်ပါတယ်။ ပြည်သူ့ပိုက်ဆံတွေပါ။ ကျွန်တော် အဲ့ဒီအတိုင်းလုပ်မှာပါ။ ပြောမယ် ဘယ်ကုမ္ပဏီ၊ ဘယ်ဈေးဆိုတာ အဲ့ဒီဈေးအတိုင်းလိုက်ပတ်ရှာ လုံးဝမရစေရဘူး။ ဘာကြောင့်လဲဆိုရင် အစိုးရအချင်းချင်း ဝယ်မယ်ဆိုရင် ကျွန်တော်တို့က ပြောပါတယ် ကျွန်တော်တို့ရဲ့ အပြောင်းအလဲကို ဝင်ကူညီပါ ။ အဲ့ဒီအတွက် ခင်ဗျားအရင်းအတိုင်း၊ တခြားသူတစ်ယောက်က ဒီဈေးနဲ့ ဒီကုမ္ပဏီမှာ သွားဝယ်ရင် ရောင်းမှာ မဟုတ်ပါဘူး။ အဲ့ဒီလိုဖြစ်အောင်ကို ကျွန်တော်တို့က ကြိုးစားနေတာပါ။ ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့က ဘတ်စ်ကားများများ လိုချင်ပါတယ်။ ကျွန်တော်ရဲ့ မျှော်မှန်းချက်က ကားအစီးရေ သုံးထောင်ဖြစ်ပါတယ်” ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

အဆိုပါ မှာယူတင်သွင်းမည့် ကားအစီးရေ ၃ ထောင်နှင့် လက်ရှိပြေးဆွဲနေသောဘတ်စ်ကားများထဲမှ ကောင်းမွန်သည့် ဘတ်စ်ကားများကို ပေါင်းကာ ဘတ်စ်ကားစီးရေ ၄၅ဝဝ ခန့်ကို အများပိုင်ကုမ္ပဏီပုံစံဖြင့် ပြေးဆွဲသွားမည်ဖြစ်ကြောင်း၊ ယင်းအများပိုင်ကုမ္ပဏီတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ (က) အစုရှယ် ယာအဖြစ် ပါဝင်သွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly