ကြားဖြတ်ရွေးကောက်ပွဲအတွက် စောင့်ကြည့်လေ့လာရေးအဖွဲ့တွေ ဘာတွေပြင်ဆင်နေပြီလဲ (အပိုင်း -၁)

မင်္ဂလာပါရှင်။

ဒီကနေ့ တွေ့ဆုံမေးမြန်းမှာကတော့ လာမယ့် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ CSO တွေရဲ့ လှုပ်ရှားမှုအခြေအနေ မဲပေးမှုအခြေအနေတွေကို စောင့်ကြည့်လေ့လာမှုတွေ၊ မဲဆန္ဒရှင်တွေရဲ့ မဲပေးမှုအခြေအနေတွေကို စောင့်ကြည့်လေ့လာမှုတွေ၊ ပါတီတွေရဲ့ မဲဆွယ်စည်းရုံးမှုတွေကို စောင့်ကြည့်လေ့လာမှုတေ၊ွ ရွေးကောက်ပွဲကော်မရှင်ရဲ့ လှုပ်ရှားနေတဲ့ အခြေအနေတွေကို ဘယ်လိုစောင့်ကြည့်သွားမလဲဆိုတဲ့ အခြေအနေတွေအပါအဝင် လာမယ့် ကြားဖြတ်ရွေးကောက်ပွဲအပါအဝင် ၂၀၂၀ ရွေးကောက်ပွဲအတွက် ရေရှည်အလားအလာတွေကိုပါ ဆွေးနွေးသွားမှာဖြစ်ပါတယ်။

ဆွေးနွေးမှုကို ပါဝင်ဆွေးနွေးဖို့ ဖိတ်ကြားထားတဲ့ ပုဂ္ဂိုလ်ကတော့ PACE လို့ခေါ်တဲ့ People’s Alliance For Credible Elections အဖွဲ့က ဆရာ ဦးစိုင်းရဲကျော်စွာမြင့်ကို ဖိတ်ကြားထားပါတယ်။

မဇ္ဈိမ ။  ။ ပထမဦးဆုံးအနေနဲ့ အခုလာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဆရာတို့အဖွဲ့အစည်းအနေနဲ့ မဲဆန္ဒရှင်တွေကို ပညာပေးမှုအခြေအနေတွေ ပြီးတော့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ ဘာတွေ ပူးပေါင်းဆောင်ရွက်နေတယ်ဆိုတဲ့ဟာရယ် ပြီးတော့ အခြား CSO တွေနဲ့ရော ဘယ်လို ပူးပေါင်းဆောင်ရွက်မလဲပေါ့ အဲဒါလေးနဲ့ပတ်သက်ပြီးတော့ နည်းနည်းလေး ရှင်းပြပေးပါဦးရှင့်။

ဦးစိုင်းရဲကျော်စွာမြင့် ။  ။ ဧပရယ် ၁ ရက်နေ့မှာကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ကျွန်တော်တို့ အဖွဲ့အနေနဲ့ ဒီရွေးကောက်ပွဲ ဖြစ်စဉ်တစ်ခုလုံးကို စောင့်ကြည့်ဖို့   ပြင်ဆင်နေကြတယ်။   ဖြစ်စဉ်တစ်ခုလုံးလို့ ပြောတဲ့အခါမှာ ဒီနေ့မှာ စောင့်ကြည့်ပြီးတော့မှလုပ်တဲ့ မဲဆန္ဒရှင်စာရင်း ကြေညာပြသမှုပေါ့ အဲဒါက ၁၄ ရက်ကြာမယ်။ အဲဒါကို ကျွန်တော်တို့ မြို့နယ် ၂၂ မြို့နယ်လုံးမှာ   စောင့်ကြည့်မယ်။ တစ်ဆက်တည်းမှာပဲ မဲဆွယ်စည်းရုံးရေးတွေကလည်း စနေပြီဆိုတော့ မဲဆွယ်စည်းရုံးရေးတွေကို ကျွန်တော်တို့ နောက်ထပ် လူအယောက် ၃၀ နဲ့ စောင့်ကြည့်နေတယ်ပေါ့။ ဒီရှေ့မှာတော့ ကျွန်တော်တို့ ကြိုးစားခဲ့တာ ဘာလဲဆိုတော့ မဲဆန္ဒရှင်စာရင်းကို ကျွန်တော်တို့ နဂိုမူရင်းကတော့ မဲဆန္ဒစာရင်းကို ကျွန်တော်တို့ စစ်ချင်တယ်။ ဒါပေမယ့် ကော်မရှင်ဆီကနေပြီးတော့မှ မဲဆန္ဒရှင်စာရင်း မရတဲ့အတွက်ကြောင့်မို့ ကျွန်တော်တို့က မဲဆန္ဒရှင်စာရင်းနဲ့ ပတ်သက်လို့ ပြည်သူလူထုက သဘောထား ဘယ်လိုရှိသလဲပေါ့။ ဒီစာရင်းအပေါ်မှာ သူတို့ ယုံကြည်မှုရှိသလား ဒါမှမဟုတ်ရင် ကြားဖြတ်ရွေးကောက်ပွဲနဲ့ပတ်သက်ရင် ဘယ်လောက်သိလဲဆိုတာ အဲဒါလေးတွေကို ကျွန်တော်တို့ စစ်တမ်းလေးတွေ လုပ်တယ်ပေါ့နော်။

တစ်ဆက်တည်းမှာပဲ ကျွန်တော်တို့ ဘယ်အထိ ရောက်သွားမလဲဆိုရင် ခန့်မှန်းခြေကတော့ ကျွန်တော်တို့ မက်လ ၃၀ နဲ့ ၃၁ ရက်မှာလုပ်မယ့် မဲဆန္ဒနယ်အတွင်း ကြိုတင်မဲကို ကျွန်တော်တို့ စောင့်ကြည့်မယ်။ နောက်ပြီးတော့မှ ရွေးကောက်ပွဲနေ့ပေါ့။

ရွေးကောက်ပွဲနေ့ကတော့ ကျွန်တော်တို့ မြို့နယ် ၂၂ မြို့နယ်လုံးမှာ စောင့်ကြည့်မယ့်သူတွေ ၆၀၀ လောက်နဲ့ ကျွန်တော်တို့ စောင့်ကြည့်မယ်။ အဲဒီအတွက်ကို ကော်မရှင်အနေနဲ့ကတော့ အဓိကအားဖြင့် ကော်မရှင်နဲ့ ကျွန်တော်တို့တွေ ပူးပေါင်းပြီးတော့ ဆောင်ရွက်တာထက် ဘာလဲဆိုတော့ ကော်မရှင်နဲ့ စောင့်ကြည့်လေ့လာဖို့အတွက်ကို စောင့်ကြည့်လေ့လာခွင့် အသိအမှတ်ပြု လျှောက်လွှာတွေ ကျွန်တော်တို့ တင်ရတယ်။ ကော်မရှင်ကနေ ပြန်ပြီးတော့မှ အသိအမှတ်ပြုတဲ့ စာတွေ ထုတ်ပေးတယ်။ ဆိုတော့ တိုးတက်မှုတစ်ခုကတော့ ကော်မရှင် အသိအမှတ်ပြု လျှောက်လွာက အရင်ကထက်စာရင် ပိုပြီးတော့မှ အချို့အဆင့်လေးတွေ လျော့သွားတယ်ပေါ့။ ဒါကတော့ ကျွန်တော်တို့ ကြိုဆိုရမယ့် ကိစ္စပါပဲ။

တစ်ဆက်တည်းမှာပဲ ကျွန်တော်တို့ ကောင်းတဲ့အချက်တစ်ချက်ကတော့ ရွေးကောက်ပွဲကို အရင်ကထက်စာရင် ကျွန်တော်တို့ သုံးလလောက်စောပြီးတော့ ကျွန်တော်တို့ ကြေညာတယ်။ အရပ်ဖက်အဖွဲ့အစည်းတွေအတွက်ကို ဒါ ကောင်းတယ်လို့ ပြောရမှာပေါ့လေ။ ပြင်ဆင်ချိန်ပိုရတယ်။ ဒါကတော့ ကော်မရှင်နဲ့ လက်ရှိလောလောဆယ်မှာ ဆောင်ရွက်နေတဲ့ကိစ္စပေါ့။

 အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ကတော့ ကျွန်တော်တို့ အချင်းချင်းကြားထဲမှာတော့ ရွေးကောက်ပွဲ ပြုပြင်ပြောင်းလဲရေးအတွက်လည်း ပြောနေတာတွေရှိတယ်။ နောက်တစ်ခုကကျတော့ ကျွန်တော်တို့ တစ်ဖွဲ့နဲ့တစ်ဖွဲ့နဲ့ ဘယ်နေရာမှာ ကြည့်ကြမယ်ဆိုတဲ့ ပူးပေါင်းပြီးတော့မှ ဘယ်နေရာတွေမှာတော့ ဘယ်အဖွဲ့တွေစောင့်ကြည့်ကြမယ် ဘယ်လိုနည်းနဲ့ စောင့်ကြည်တယ်ဆိုတာကတော့ ကျွန်တော်တို့နည်းတွေ ပူးပေါင်းဆောင်ရွက်မှုတွေတော့ ရှိပါတယ်။

မဇ္ဈိမ ။  ။ နောက်ပြီးတော့ မဲပေးမယ့် မဲဆန္ဒရှင် ပြည်သူတွေကိုရော Voter Education နဲ့ ပတ်သက်ပြီးတော့ လုပ်ဆောင်ဖို့အတွက် စီစဉ်ထားတဲ့ အခြေအနေတွေကိုရော ဘယ်လိုရှိလဲမသိဘူးဆရာ။ အဲဒါကရော ဘယ်လောက်အထိ ရွေးကောက်ပွဲဖြစ်စဉ်မှာ အရေးကြီးသလဲဆိုတာကို ရှင်းပြပေးပါဦး။

ဦးစိုင်းရဲကျော်စွာမြင့် ။  ။ ဟုတ်ကဲ့။ ကျွန်တော်တို့အဖွဲ့အနေနဲ့ကတော့ မဲဆန္ဒရှင် ပညာပေးလုပ်ငန်းကို သီးသန့်လုပ်တာမရှိဘူး။ ဒါပေမယ့် ခုနကတုန်းက ကျွန်တော်တို့ပြောတဲ့ မဲဆန္ဒရှင်စာရင်းနဲ့ ပတ်သက်တဲ့ လူထုသဘောထားအမြင် စစ်တမ်းမှာတော့ ကျွန်တော်တို့ ဘယ်လို Save လုပ်သလဲဆိုရင် အဓိကကတော့ ကျွန်တော်တို့ ကြားဖြတ်ရွေးကောက်ပွဲဖြစ်တယ်။ မဲဆန္ဒရှင် အရေအတွက်ကလည်း နည်းတယ်။ နည်းတဲ့အတွက်ကြောင့်မို့ လူထုရဲ့ စိတ်ဝင်စားမှုကလည်း နည်းတယ်လို့ ပြောလို့ရတယ်ပေါ့။

ကျွန်တော်တို့ စိတ်ပူတာကတော့ မဲလာပေးမယ့်နေ့မှာ မဲပေးတဲ့နှုန်း ကျတာရယ်။ နောက်ပြီးတော့ ပိုပြီးအရေးကြီးတာကတော့ မဲဆန္ဒရှင်စာရင်း ကပ်တဲ့နေ့ပေါ့လေ လူထုကနေပြီးတော့ သွားပြီးတော့ မစစ်မှာကို စိတ်ပူတယ်။ အဲဒါကြောင့်မို့ ကျွန်တော်တို့က ပြီးခဲ့တဲ့ သုံးရက် လေးရက်မှာ ဘာလုပ်လဲဆိုရင် စစ်တမ်းကောက်ရင်းနဲ့ ကျွန်တော်တို့ မဲဆန္ဒရှင်စာရင်း သွားစစ်ဖို့ကို အချက်အလက်တွေပေးမယ်။ ဥပမာဆိုကြပါစို့ ကျွန်တော်တို့မြို့နယ်မှာဆိုရင် မဲဆန္ဒရှင်စာရင်းက ဘယ်နားမှာကပ်လောက်တယ် ဘယ်အချက်အလက်တွေကိုတော့ ကျွန်တော်တို့ ကြည့်ရှုဖို့လိုတယ်ဆိုတဲ့ဟာမျိုးကို လှုံ့ဆော်တဲ့ဟာမျိုးပေါ့ အဲဒါမျိုးကိုတော့ ကျွန်တော်တို့ လုပ်ပါတယ်။ ဒါပေမယ့်လည်း တချို့အဖွဲ့တွေကို ကျွန်တော်တို့ ချင်းပြည်တို့ဘာတို့မှာတော့ မဲဆန္ဒရှင် အသိပညာပေးလုပ်ငန်းတွေ လုပ်နေတာတော့ တွေ့ရတယ်။

သူတို့ နှစ်ပိုင်းလုပ်မယ်လို့ သိရတယ်ပေါ့။ အစည်းအဝေးလုပ်တဲ့အခါမှာ သိရတာကတော့ မဲဆန္ဒရှင်စာရင်း ကြေညာပြသမှုကိုတစ်ပိုင်း နောက်တစ်ခါ ရွေးကောက်ပွဲနေ့အတွက်ကို တစ်ပိုင်းပေါ့လေ။ ရွေးကောက်ပွဲနေ့အတွက်ကတော့ မလာသေးဘူးပေါ့။ ဆိုတော့ မဲဆန္ဒရှင် အသိပညာပေးလုပ်ငန်းက ရွေးကောက်ပွဲမှာ ကျွန်တော်တို့ အရေးကြီးဆုံးကိစ္စပဲ။ ဘာလဲဆိုလို့ရှိရင် ပထမတစ်ချက်က ပြည်သူလူထုက သူ့ရဲ့နယ်မှာ ရွေးကောက်ပွဲ ရှိသာလား မရှိသလားဆိုတာ ပထမဦးဆုံး သိဖို့လိုတယ်။

နောက်တစ်ခုက အခုဆိုရင် ကြားဖြတ်ရွေးကောက်ပွဲ ဖြစ်တဲ့အတွက်ကြောင့်မို့ အထွေထွေရွေးကောက်ပွဲနဲ့ မတူတဲ့အချက်ကတော့ မြို့တိုင်းမှာက မဲပေးနေကျ လွှတ်တော် သုံးရပ်ကို ပေးရတာမဟုတ်ဘူးပေါ့။ တစ်ချို့နေရာတွေမှာ လွှတ်တော် တစ်ရပ်ပဲရှိတယ်၊ နှစ်ရပ်ရှိတယ်၊ တစ်ချို့နေရာတွေမှာ သုံးရပ်လုံးရှိတယ် အဲဒါတွေကို ကွဲကွဲပြားပြား သိဖို့လိုတယ်။ ဒါမှလည်း ငါတို့က ဘယ်နှစ်စောင် ထည့်ရမယ်ဆိုတာ သိရမှာပေါ့။ မဲဆန္ဒရှင် ပညာပေးလုပ်ငန်းက ရွေးကောက်ပွဲတစ်ခုလုံးအတွက်ကို အင်မတန်မှ ခရာကျတဲ့ ကိစ္စပါပဲ။

မဇ္ဈိမ ။  ။ နောက်ထပ်တစ်ခုကတော့ ပူးပေါင်းဆောင်ရွက်မှုပေါ့၊ ပူးပေါင်းဆောင်ရွက်မှုဆိုတဲ့အခါမှာ ကော်မရှင်ရဲ့ ပူးပေါင်းဆောင်ရွက်မှုရော၊ ပါတီတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုရော၊ တကယ် အရေးကြီးဆုံးဖြစ်တဲ့ မဲဆန္ဒရှင် ပြည်သူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုရော၊ အဲဒီအခြေအနေတွေကရော ဘယ်လိုအနေအထားရှိသလဲ။

ဦးစိုင်းရဲကျော်စွာမြင့် ။  ။ ဟုတ်ကဲ့။ ကော်မရှင်နဲ့ကတော့ ကျွန်တော်တို့ ဒီ အရင်ကော်မရှင်နဲ့ကတော့ ၂၀၁၃ လောက်ကနေစပြီးတော့မှ ကော်မရှင်နဲ့ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ဆက်ဆံရေးက ပိုပြီးတော့မှ မြင့်လာတယ်။ ဒီကော်မရှင်အသစ်နဲ့ကတော့ ကျွန်တော်တို့ နှစ်ကြိမ်လောက်တော့ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ တွေ့ပြီးတော့မှ ဆွေးနွေးဖူးတာရှိတယ်။ နောက်ပိုင်းတော့ အဖွဲ့လိုက် သီးသန့် သွားရောက်ပြီးတော့ တွေ့ဆုံတာတွေလည်း ရှိတော့ရှိပါတယ်။

အဓိကကတော့ ကျွန်တော်တို့ ဒီကော်မရှင်အသစ်ပေါ့လေ ၂၀၁၅ ရွေးကောက်ပွဲအပြီးမှာ ထွက်လာတဲ့ ကော်မရှင်အသစ်နဲ့ ကျွန်တော်တို့ ကြိုးစားနေတာကတော့ ရွေးကောက်ပွဲ ပြုပြင်ပြောင်းလဲရေးကို ဘယ်လိုလုပ်မလဲဆိုတာကို ကျွန်တော်တို့ စပြီးတော့မှ တိုင်ပင်နေကြတာပေါ့လေ။ ဒါကလည်း ကျွန်တော်တို့ ခရီးတော့ အဝေးကြီးတော့ မရောက်သေးဘူး။ အစပဲရှိသေးတယ်။ တစ်ချက်ကကျတော့ ကော်မရှင်နဲ့ ပတ်သက်ရင်တော့ သတင်းအချက်အလက်နဲ့ ပတ်သက်တဲ့ကိစ္စပေါ့လေ။ ကျွန်တော်တို့ ၂၀၁၅ ရွေးကောက်ပွဲမှာတုန်းကလည်း သတင်းအချက်အလက်က အရပ်ဖက်အဖွဲ့အစည်းတွေအတွက်က စိန်ခေါ်မှု အကြီးကြီးပဲ။ ကျွန်တော်တို့ ဘယ်နေ့မှာ ဘာလုပ်မယ်ဆိုတာကို မသိရတဲ့အတွက်ကြောင့်မို့ စောင့်ကြည့်လေ့လာမယ့်သူပဲဖြစ်ဖြစ် ပညာပေးလုပ်ငန်း လုပ်မယ်သူများဖြစ်ဖြစ် ပြင်ဆင်လို့မရဘူး။ ကျွန်တော်တို့ ရက်တွေရွေ့ဆိုင်းတာပေါ့လေ။ သတင်းအချက်အလက်တွေ တိတိကျကျမရဘူး။

အခု ရွေးကောက်ပွဲကော်မရှင်အသစ် လက်ထက်မှာလည်းပဲ အာလားတူ လျော့တော့လျော့သွားတယ်။ ဒါပေမယ့် ရှိတော့ရှိနေတုန်းပဲ။ ဥပမာဆိုကြပါစို့ ကျွန်တော်တို့ မဲဆန္ဒရှင်စာရင်းနဲ့ ပတ်သက်တဲ့ကိစ္စပေါ့။ မဲဆန္ဒရှင်စာရင်းဆိုရင် ကျွန်တော်တို့ အရပ်ဖက်အဖွဲ့အစည်းတွေက မဲဆန္ဒရှင်စာရင်းကို အရေအသွေးစစ်ချင်တယ်။ ဘာလို့လဲဆိုတော့ ၂၀၁၅ မှာတုန်းက ရွေးကောက်ပွဲကော်မရှင်က မဲဆန္ဒရှင်စာရင်း နိုင်ငံရေးပါတီတွေကရော ကော်မရှင်ကိုယ်တိုင်ကရော မဲစာရင်းဟာ မယုံကြည်ရဘူးလို့ ပြောတာကို။ ကျွန်တော်တို့ အရပ်ဖက်အဖွဲ့အစည်းအနေနဲ့က တကယ်ပဲ မဲဆန္ဒရှင်စာရင်းက မမှန်ဘူးလား။ ဒါမှမဟုတ်ရင်လည်း သူ့ဘာသာသူ မှန်နေတာလား။ နိုင်ငံရေးအရ ဝေဖန်မှုဖြစ်နေတာကို လေ့လာဆန်းစစ်မှုလုပ်ချင်တယ်။ ဒါပေမယ့် ကော်မရှင်ဆီက အဲဒီသတင်းအချက်အလက်က ခုချိန်ထိ မရသေးဘူးပေါ့။ ကော်မရှင်ကို အခုချိန်ထိ တိုက်တွန်းနေတုန်း ဒီသတင်းအချက်အလက်တွေက ပွင့်လင်းမြင်သာမှုက အရေးကြီးတယ်ဆိုတဲ့ဟာရော သတင်းအချက်အလက် ဝေငှမှုအပိုင်းမှာရော ကော်မရှင်ဘက်ကတော့ အလားတူ အားနည်းချက်တွေ ရှိနေတုန်းပဲ။

အရပ်ဖက်အဖွဲ့အစည်းတွက်ကလည်း သတင်းအချက်အလက် ရဖို့အတွက်ကတော့ စိန်ခေါ်မှုတွေ ရှိနေတုန်းပဲ။ နိုင်ငံရေးပါတီအတွက်ကကျတော့ ကျွန်တော်တို့အနေနဲ့ စိန်ခေါ်မှုက အခုလတ်တလော နိုင်ငံရေးပါတီကို ဆက်သွယ်ဖို့အတွက် ခက်တယ်။ ပါတီကြီးတွေ နှစ်ခုသုံးခုကလွဲရင် ကျန်တဲ့ပါတီလေးတွေက သူတို့မှာ ဘယ်သူ့ကို ဆက်သွယ်ရမလဲဆိုတဲ့ဟာမျိုး ဘယ်နေရာကို ကျွန်တော်တို့ စာတွေပို့ရမယ်ဆိုတဲ့ လိပ်စာမျိုးက အင်မတန်ခက်တယ်။ နိုင်ငံရေးပါတီနဲ့ ကျွန်တော်တို့ သတင်းအချက်အလက်တွေပေးဖို့ အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ ဘာတွေလုပ်နေတယ်ဆိုတာကို နိုင်ငံရေးပါတီကို ပြောဖို့အတွက်ကကျတော့ လောလောဆယ်မှာ ကျွန်တော်တို့ စိန်ခေါ်မှုက ပိုကြီးတယ်လို့ ကျွန်တော် အကြမ်းမျဉ်းပြောချင်တယ်။

မဇ္ဈိမ  ။  ။ နောက်တစ်ခုက ရွေးကောက်ပွဲကော်မရှင်က အခုရွေးကောက်ပွဲကော်မရှင်ဟာ ဆိုလို့ရှိရင် အစိုးရသစ်မှာမှ ပြန်ပြီးတော့ ဖွဲ့ထားတာပေါ့နော်။   ပြောင်းတော့ပြောင်းသွားတယ် ကော်မရှင်လူတွေလည်း ပြောင်းသွားတယ်။ လုပ်ထုံးလုပ်နည်းတွေလည်း အထိုက်အလျောက်တော့ ပြောင်းသွားမယ်လို့ ယူဆတယ်။ ဆိုတော့ ဒီကော်မရှင်က အရင်ရွေးကောက်ပွဲကော်မရှင်နဲ့ တကယ်ကို ကွဲပြားခြားနားသွားတဲ့ဟာတွေက ဘာတွေဖြစ်မလဲပေါ့နော် ပြီးတော့ ဒီကော်မရှင်က အရင်ရွေးကောက်ပွဲကော်မရှင် နောက်ပြီးတော့ အရင်တုန်းကလုပ်ခဲ့တဲ့ ရွေးကောက်ပွဲအပေါ်မှာ နမူနာတွေ အားနည်းချက်တွေ ဘာတွေကိုယူပြီးတော့ ပြောင်းလဲသင့်တယ်ဆိုတဲ့ဟာလေးကို အကြံပေးပါဦး ဆရာ။

ဦးစိုင်းရဲကျော်စွာမြင့် ။  ။ ဟုတ်ကဲ့။ အရင် ၂၀၁၅ ရွေးကောက်ပွဲကော်မရှင်ရဲ့ စိန်ခေါ်မှုကကျတော့ ပြည်သူလူထုရဲ့ ယုံကြည်မှု မရတာပေါ့။ အဲဒါက ကျွန်တော်ထင်တယ် အကြီးမားဆုံးစိန်ခေါ်မှုပဲ။ သူ့မှာအမှားအယွင်းတွေရှိတယ်။ နည်းပညာပိုင်းဆိုင်ရာ အမှားအယွင်းတွေရှိတယ်။ ဒါပေမယ့် ပြည်သူလူထုက အဲဒီအမှားအယွင်းတွေကို မြင်တဲ့အခါမှာ နိုင်ငံရေး အမှားအယွင်းလို့ပဲ ယူဆတယ်။ ပြောချင်တဲ့အဓိပ္ပာယ်က ကော်မရှင်ရဲ့ လုပ်ဆောင်နေတဲ့အပေါ်မှာ ပြည်သူလူထု ယုံကြည်မှု လုံးလုံးမရှိတာပေါ့။ အဲဒါက အရင်ကော်မရှင်ရဲ့ အကြီးမားဆုံး စိန်ခေါ်မှုပဲ။

ဆိုတော့ ဒါပေမယ့်လည်း ရွေးကောက်ပွဲနေ့မှာတော့ သူ ချောမွေ့အောင် ရွေးကောက်ပွဲကို သူကျော်ဖြတ်နိုင်တဲ့ တစ်ချက်ကကျတော့ ရွေးကောက်ပွဲကို သူ အောင်မြင်အောင် ကျင်းပနိုင်တယ်။ မြို့နယ် ၅ မြို့နယ်ကလွဲရင်။ ဒါပေမယ့် ရွေးကောက်ပွဲအဖြေတွေကိုလည်း လက်ခံလာနိုင်အောင် သူပြောနိုင်တယ်။ ဆိုတော့ ဒီသဘောက ဒီအဖြေကမှန်တယ် ဒါက အရင်ရွေးကောက်ပွဲကော်မရှင်ရဲ့ စိန်ခေါ်မှုနဲ့ သူရရှိသွားတာ။

အခု ဒီရွေးကောက်ပွဲကော်မရှင်အသစ်ကကျတော့ ကျွန်တော်အမြင်ပြောရရင် သူ့မှာ ပြည်သူလူထုက ယုံကြည်မှုဆိုတဲ့ သူ့မှာ အဲဒီစိန်ခေါ်မှု မရှိဘူး။ ဒါပေမယ့် ဒီရွေးကောက်ပွဲကို ရွေးကောက်ပွဲဖြစ်စဉ်ကို ဒီမိုကရေစီနည်းကျလာအောင် ဘယ်လိုအားကောင်းအောင် လုပ်ရမလဲဆိုတဲ့စိန်ခေါ်မှုက သူ့အတွက် ရွေးကောက်ပွဲ ပြုပြင်ပြောင်းလဲရေးက ဒီရွေးကောက်ပွဲကော်မရှင်အတွက်က စိန်ခေါ်မှုအသစ်ပဲ။ ဘာဖြစ်လို့လဲဆိုတော့ အခု ရွေးကောက်ပွဲတွေရဲ့ ဥပဒေတွေအားလုံးဟာ အရင် ၂၀၁၀ တုန်းက ဆွဲခဲ့တဲ့ဥပဒေတွေပဲ။ ပြင်ဆင်မှု အနည်းငယ်က လွဲရင်ပေါ့လေ။

ဆိုတော့ ဒီရွေးကောက်ပွဲဥပဒေ ငါးခုလုံးဟာ အရင်ဥပဒေတွေပဲ။ ဒီဥပဒေတွေနဲ့ ပတ်သက်ပြီးတော့မှ ကျွန်တော် ဝေဖန်မှုတွေ အများကြီးရှိပါတယ်။ ဒီဥပဒေတွေကို ကျွန်တော်တို့ ပြင်ဆင်ပြီးတော့မှ ရွေးကောက်ပွဲဟာ ဒီမိုကရေစီ နိုင်ငံသားအားလုံးကို ထင်ဟပ်တဲ့ တကယ့်ဒီမိုကရေစီနည်းကျတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ပြုပြင်ပြောင်းလဲဖို့လိုတယ်။ အဲဒါဟာ ဒီရွေးကောက်ပွဲကော်မရှင်အသစ်အတွက် စိန်ခေါ်မှု အကြီးမားဆုံးပဲ။

ဥပမာဆိုကြပါစို့ ကျွန်တော်တို့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ရှိရင် ကော်မရှင်တွေရဲ့အပေါ်မှာ ဝေဖန်မှုရှိတယ်။ အဲဒါက ဘာလဲဆိုရင် ရွေးကောက်ပွဲကော်မရှင်ဟာ အုပ်ချုပ်တဲ့အစိုးရနဲ့ ဘက်လိုက်မှုရှိတယ်ဆိုတဲ့ စိန်ခေါ်မှုပေါ့။

ဆိုတော့ ဒီစိန်ခေါ်မှုကို ရွေးကောက်ပွဲကော်မရှင်က ငါဖြေရှင်းဖို့လိုတယ်။ ပထမအချက်က သူ့ရဲ့ အမူအကျင်ပိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းဆိုင်ရာ သူဖြေရှင်းဖို့လိုတယ်။ အခုကော်မရှင်မှာလည်း ပါတီတစ်ခုကို သီးသန့်လိုက်တာမျိုး မတွေ့ရပါဘူး။ ဒါပေမယ့် ကျွန်တော်တို့အတွက် ဒီရွေးကောက်ပွဲတွေ ပိုကောင်းလာဖို့ဆိုရင်တော့ သူဟာ ကော်မရှင်ကို ဘယ်လိုခန့်အပ်သလဲဆိုတဲ့ ကျွန်တော်တို့ ဥပဒေကို ပြင်ဖို့လိုတယ်။

ဥပမာ သမ္မတကခန့်တယ်။ ဒါဆို ကျွန်တော်တို့ နည်းပညာပိုင်းအရ ကြည့်မယ်ဆိုလို့ရှိရင် ကော်မရှင်ဟာ အုပ်ချုပ်ရေးမဏ္ဍိုင်ကို ကော်မရှင်အပေါ်မှာ လွှမ်းမိုးမှုရှိတယ်ဆိုတာ ကျွန်တော်တို့ ဥပဒေကြောင်းအရ ကြည့်မယ်ဆိုရင် မူဘောင်အရ ကြည့်မယ်ဆိုရင် ထင်ထင်ရှားရှားပေါ်တယ်။ အဲဒါမျိုးလေးတွေပေါ့နော်။ ကော်မရှင်အသစ်တွက်ဆိုလို့ရှိရင်တော့ ဒီစိန်ခေါ်မှုပဲ။

ဒီရွေးကောက်ပွဲကို လုပ်ထုံးလုပ်နည်းတွေ ပြင်တာကတော့ ဘာမှ သိပ်ပြီးတော့ မထူးဆန်းဘူး။ Operation မှာ ပိုလွယ်သွားအောင် ခုနကပြောတဲ့ ရွေးကောက်ပွဲစောင့်ကြည့်ဖို့အတွက် အသိအမှန်ပြုကဒ်ပြားတွေ လျှောက်တာဟာ မြန်သွားတာဟာ ဒါက ကြိုဆိုရမှာပဲ။ ဒါပေမယ့် ကျွန်တော်တို့ ဒီရွေးကောက်ပွဲဟာ ပြဿနာကတော့ဗျာ ရွေးကောက်ပွဲဟာ ဒီမိုကရေစီနဲ့ ရွေးကောက်ပွဲ အချိတ်အဆက်ပေါ့။ အရင်တုန်းကတော့ ရွေးကောက်ပွဲက ဘာလဲဆိုလို့ရှိရင် ကျွန်တော်တို့ နိုင်ငံရေးအပြောင်းအလဲအတွက်ကို ကျွန်တော်တို့ စဉ်းစားတဲ့ စဉ်းစားချက်ပေါ့။ အခုကျတော့ ရွေးကောက်ပွဲဟာ ဒီမိုကရေစီနဲ့ စပြီးတော့ ချိတ်ဆက်ဖို့လိုတယ်။ မဟုတ်ရင် ကျွန်တော်တို့ ရွေးကောက်ပွဲတော့ရှိတယ် ဒီမိုကရေစီတော့ အားမကောင်းဘူးဖြစ်တဲ့ဟာကို ရွေးကောက်ပွဲနဲ့ ဒီမိုကရေစီနဲ့ကို ချိတ်ဆက်ဖို့ ဒီကော်မရှင်မှာ တာဝန်ရှိတယ်လို့ ကျွန်တော်တို့ မြင်တယ်။ အဲဒါဟာ ဒီကော်မရှင်အတွက် အကြီးမားဆုံး စိန်ခေါ်မှုပါပဲ။