မောင်တောဒေသနယ်မြေရှင်းလင်းရေး စစ်ဆင်ရေးရပ်ဆိုင်း

မောင်တောဒေသနယ်မြေရှင်းလင်းရေး စစ်ဆင်ရေးရပ်ဆိုင်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇ ။            ။ အကြမ်းဖက်မှု ဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောဒေသတွင် ဒေသအခြေနေ တည်ငြိမ်စပြုလာပြီ ဖြစ်၍ နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးများအား ရပ်ဆိုင်းလိုက်ပြီး ဖြစ်ကြောင်း အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက ပြောကြား သတင်းရရှိသည်။

အဆိုပါ ပြောကြားမှုအား အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း က သံတမန်အသိုင်းအဝိုင်းနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများမှ အဖွဲ့ဝင် ၆ဝ ကျော်တို့အား ဖေဖော်ဝါရီ ၁၅ ရက်က ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)တွင် တွေ့ဆုံမှုတွင် ပြောကြားလိုက်ခြင်း ဖြစ်သည်။

''အခုဆိုရင် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အခြေအနေတွေ တည်ငြိမ်စပြုနေပြီဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးတွေ ရပ်ဆိုင်းသွားပါပြီ။ ညမထွက်ရအမိန့်ကိုလည်း   လျှော့ပေါ့ပေးထားပြီး ရဲတပ်ဖွဲ့ တွေနဲ့ပဲ တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းနိုင်ဖို့ ဆောင်ရွက်နေပြီဖြစ်ပါတယ်။ အရေးပေါ် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ထောက်ပံ့ကူညီမှုတွေ   ထောက်ပံ့ပေးနေတဲ့အပြင် ရခိုင်ပြည်နယ်အတွက် စစ်မှန်ပြီး ရေရှည်တည်တံ့တဲ့ ဖြေရှင်းချက်မျိုးကို ရှာဖွေဖော်ထုတ်နိုင်ဖို့အတွက် ဒီကနေ့ ပစ်မှတ်ထားဆောင်ရွက်ပါတယ်''ဟု ပြောကြားလိုက်ခြင်း   ဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း ညှဉ်းပန်း နှိပ်စက်မှုများနှင့်စပ်လျဉ်းသည့် စွပ်စွဲချက်များအား စုံစမ်း စစ်ဆေးပြီး ရခိုင်ဒေသအတွင်း ဖြစ်ပေါ်နေသည့်  စိန်ခေါ် မှုများအတွက် ရေရှည်အဆင်ပြေမည့် အဖြေတစ်ခု ရှာဖွေ ဖော်ထုတ်သွားရန် အစိုးရက သန္နိဋ္ဌာန်ချမှတ်ထားကြောင်း ဦးသောင်းထွန်းက ဆိုသည်။

မောင်တောဒေသတွင် လက်ရှိအခြေနေ လုံခြုံရေးနဲ့ပတ်သက်ပြီး တရားဥပဒေစိုးမိုးရေးနင့်လုံခြုံရေးများ ထပ်မံတိုးချဲ့ရန် လိုအပ်သေးကြောင်း မောင်တောမြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးမောင်အုန်းကဆိုသည်။

“အထူးသဖြင့် ပင်လယ်ကိုထွက်တဲ့ ငါးဖမ်းလှေတွေကို လုံခြုံရေးတွေ စောင့်ကြည့်ဖို့လိုအပ်နေပါသေးတယ်၊ လက်ရှိ မောင်တောမြို့၏ လုံခြုံရေးနဲ့ပါတ်သက်ပြီးလည်း လာမယ့်ဖေဖော်ဝါရီ ၂၀ မှာ ပြည်နယ်လွှတ်တော်မှာ မေးခွန်းမေးမြန်းဖို့ အစီစဉ်ရှိပါတယ်” ဟု ဆိုသည်။

အကြမ်းဖက်မှု ဖြစ်ပွားပြီးနောက်တွင် အမှတ်(၁) နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့သည် နယ်မြေရုံး ၁၁ ရုံး၊ နယ်မြေရဲစခန်း ၁၂ ခု၊ ကင်းစခန်း ၁၂၄ ခု၊ ချောင်းဝကင်းစခန်း ၂၇ ခု၊ နယ်စပ်ခြံစည်းရိုးကင်းစခန်း ၁၂ ခု စုစုပေါင်း ၁၈၆ နေရာကို နယ်ခြားစောင့်ရဲကွပ်ကဲမှုတို့က တာဝန်ယူထားကြောင်း သိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly