ရွှေထည်လက်ဝတ်ရတနာများ ရောင်းရငွေအပေါ် အခွန်စည်းကြပ်မှု ၅ရာခိုင်နှုန်း ထားရှိရန် ဆွေးနွေး

ရွှေထည်လက်ဝတ်ရတနာများ ရောင်းရငွေအပေါ် အခွန်စည်းကြပ်မှု ၅ရာခိုင်နှုန်း ထားရှိရန် ဆွေးနွေး
ပုလဲမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဖေဖော်ဝါရီ ၁၇၇က်၊ ၂၀၁၇ခုနှစ်)။ ။ ရွှေထည်လက်ဝတ်ရတနာများ ရောင်းရငွေအပေါ် အခွန်စည်းကြပ်မှုကို ငါးရာခိုင်နှုန်း ထားရှိရန် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေး တင်ပြခဲ့သည်။

“ငွေပိုငွေလျှံရှိပြီး အလှဆင်ဖို့၊ စုဆောင်းဖို့အတွက် အသုံးပြုတဲ့ ရွှေထည်လက်ဝတ်ရတနာများအပေါ် အခွန်လျှော့ချတဲ့အပေါ်မှာ ရှင်းလင်းပေးဖို့ လိုအပ်ပါတယ်။ ငွေကြေးပိုမို တတ်နိုင်သူများကို သက်သာခွင့်ပေးခြင်း ဖြစ်စေသလို ရွှေထည်လက်ဝတ်ရတနာရောင်းချတဲ့ဈေးကွက် ပိုမိုဖွံ့ဖြိုးကြီးထွားလာတာမျိုး ဖြစ်နိုင်ပါတယ်” ဟု ဒေါ်ခင်စန်းလှိုင်က ပြောသည်။

ဖေဖော်ဝါရီ ၁၇ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်သို့ အစည်းအဝေးတွင် ၂၀၁၇ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းနှင့်ပတ်သက်ပြီး ဆွေးနွေးစဉ် ဒေါ်ခင်စန်းလှိုင်က ထိုသို့ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ရွှေထည်လက်ဝတ်ရတနာများရောင်းရငွေအပေါ် အခွန်စည်းကြပ်ရာတွင် တစ်ရာခိုင်နှုန်းသာ ကောက်ခံသွားရန် ပြည်ထောင်စုလွှတ်တော်၊ ဥပဒေကြမ်းပူးပေါင်းကော်မတီက လွှတ်တော်သို့ တင်ပြထားသည်။

ရွှေထည်လက်ဝတ်ရတနာများ ရောင်းရငွေအပေါ် အခွန်စည်းကြပ်မှုနှင့် ပတ်သက်၍ ရွှေနန်းတော် စိန်ရွှေရတနာဆိုင်ပိုင်ရှင်လည်းဖြစ်သူ ဒဂုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ သက်သက်ခိုင်ကမူ “တစ်ကယ်တမ်း ကုန်သွယ်လုပ်ငန်းခွန်ကို ဝယ်သူက ပေးရမှာပါ။ အခုအချိန်မှာ အစိုးရကနေပြီးတော့ ပြည်သူပူးပေါင်းပါဝင်တဲ့ အခွန်စနစ်ကို မတည်ထောင်နိုင်သေးဘူး။ မတည်ထောင်နိုင်သေးတဲ့အခါကျ ဝယ်တဲ့သူတွေက မပေးတဲ့အခါကျတော့ ကျွန်မတို့ လုပ်ငန်းရှင်တွေက ကြားထဲက စိုက်ပေးရတာ။ ဆိုတဲ့အခါကျတော့ အခွန်ထမ်းအချိန်ကို တိုးဖို့ လိုပါတယ်။ ဝယ်တဲ့သူတွေကို နိုင်ငံသားကောင်းပီပီ ကိုယ်ဝယ်တဲ့ပစ္စည်းအပေါ်မှာ ကိုယ်ဝယ်တဲ့အခါတိုင်း ကိုယ်ပေးရမယ်ဆိုတာ နားလည်ဖို့ လိုတယ်” ဟု လွှတ်တော်တွင် ဆွေးနွေးခဲ့သည်။

အဆိုပါ ၂၀၁၇ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များက ဖေဖော်ဝါရီ ၂၀ရက်၊ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြန်လည်ရှင်းလင်းမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly