လွတ်မြောက်နေဆဲဖြစ်သည့် နဂါးလေး (ခ)အောင်နိုင်မြင့်ကို ပစ်ခေတ်ဖမ်းဆီးမှု မြင်ကွင်းအသေးစိတ်

လွတ်မြောက်နေဆဲဖြစ်သည့် နဂါးလေး (ခ)အောင်နိုင်မြင့်ကို ပစ်ခေတ်ဖမ်းဆီးမှု မြင်ကွင်းအသေးစိတ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇ ။              ။ မူးယစ်ဆေးဝါးမှု၊ လုယက်မှုများဖြင့် တရားခံပြေးကြေငြာခံထားရသူ နဂါးလေး (ခ)အောင်နိုင်မြင့်ကို ရဲများမှဖမ်းဆီးစဉ် မောင်းနှင်ထွက်ပြေးသည့်အတွက် ပစ်ခေတ်ဖမ်းဆီးမှုတစ်ခု ဒဂုံမြို့သစ်တောင်ပိုင်း ကားအလှဆင်ပစ္စည်းတပ်ဆင်သည့် ဆိုင်တစ်ခုရှေ့တွင် ဖေဖော်ဝါရီ ၁၆ရက် ညက ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ကားအလှဆင်ပစ္စည်းတပ်ဆင်နေသည့် ဆိုင်ထဲတွင် ကားတစ်စီးမှ ပစ္စည်းတပ်ဆင်နေစဉ် ဆိုင်ရှေ့တွင် ရပ်ထားသည့် နောက်ထပ်ကား တစ်စီးဖြစ်သည့် 5D-3753 ပါဂျဲရိုး အမျိုးအစား ခဲရောင်ကို ရဲတပ်ဖွဲ့ဝင်များမှ ပစ်ခေတ်ဖမ်းစီးစဉ် ထွက်ပြေးလွတ်မြောက်သွားခဲ့ခြင်းဖြစ်သည်။

ပစ်ခေတ်ဖမ်းဆီးမှုဖြစ်ပွားသည့် ကားပြင်ဆိုင်နားတွင် ရောက်ရှိနေသည့် အမည်မဖော်လိုသူ မျက်မြင်သက်သေတစ်ဦးက  “သူတို့ကားက ကားနှစ်စီးကြားမှာ ညပ်သွားတာဆိုတော့ ကျွန်တော်က ကားတိုက်တယ်ထင်တာ နောက်ပြီးမှ ရဲကသေနတ်နဲ့ပစ်ပြီး အဲ့ကျမှသိရတာ  ၃၊ ၄ ချက်လောက်ရှိမယ်။ ရဲကားက သုံးစီး ရဲကားနှစ်စီးက သူတို့ကားကို ညှပ်လိုက်တာ သူက ကားကိုနောက်ဆုတ်ပြီးမောင်းပြေးတာ။ သူတို့ကားတစ်စီးက ကားပြင်ဆိုင်ထဲမှာ အခုထွက်ပြေးတဲ့တစ်စီးပေါ်မှာထိုင်နေတာ ရဲတွေက ညှပ်ပြီးပစ်တော့ ရဲကားကိုပါတိုက်ပြီး ကားကိုနောက်ဆုတ်ပြီးထွက်ပြေးတာ စဖမ်းတော့ သူကကားပေါ်မှာပဲ ယာဉ်မောင်းနေရာမှာထိုင်နေတာ လူပုံက ခပ်ပိန်ပိန် အသားနည်းနည်းဖြူတယ်" ဟု မဇ္ဈိမသို့ ပြောသည်။

နဂါးလေး (ခ)အောင်နိုင်မြင့် နှင့်လူတစ်ခုမှာ တောင်ဒဂုံ ၂၀ ရပ်ကွက် လှော်ကားလမ်းမှ ဒဂုံဆိပ်ကမ်းဘက်သို့ ကားမောင်းထွက်ပြေးသွားကြောင်း တောင်ဒဂုံတိုင်းဒေသကြီး လွှတ်တော်အမတ် ဦးညီညီက ဖေဖော်ဝါရီ ၁၆ ရက် ညနေပိုင်းက မဇ္ဈိမသို့ပြောကြားထားသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေ နဂါးလေး(ခ)အောင်နိုင်မြင့်၊ (၃၄)နှစ်၊ (ဘ)ဦးဝင်းနိုင်သည် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ (၂၀)ရပ်ကွက်၊ လှော်ကားလမ်းပေါ်ရှိ ကားဝပ်ရှော့တစ်ခုသို့ 5D-3753 ပါဂျဲရိုး အမျိုးအစား ခဲရောင်ယာဉ်ဖြင့် ရောက်ရှိနေကြောင်း သတင်းအရ သွားရောက်ဖမ်းဆီးစဉ် အဆိုပါ တရားခံပြေးဖြစ်သူမှ ရဲတပ်ဖွဲ့ဝင်များ၏ မော်တော်ယာဉ်များကို ၎င်းမောင်းနှင်သော   မော်တော်ယာဉ်ဖြင့်တိုက်ပြီး  ထွက်ပြေးသွားခဲ့ပါသည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီ ၁၆ ည ၈ နာရီခန့် ဒဂုံဆိပ်ကမ်းမြို့နယ် ကျဉ်စုအနောက်ဘက် လယ်ကွင်းပေါ်တွင် ထွက်ပြေးမောင်းနှင်သော 5D-3753 X-TRAIL အမျိုးအစားခဲရောင် မော်တော်ယာဉ်အား ကားစက်နှိုးထားပြီး ကျဉ်ရာ၄ချက်နှင့်တွေ့ရှိရကြောင်း ရဲတပ်ဖွဲ့မှ ဖေဖော်ဝါရီ ၁၇ နံနက်တွင် ထပ်မံထုတ်ပြန်သည်။

နဂါးလေး (ခေါ်)အောင်နိုင်မြင့်အား ယ(ပ)၁၃/၂၀၁၆၊ မူယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၁/ကျင့် ၅၁၂၊ လမ်းမတော်မြို့မရဲစခန်း(ပ)၉/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၈၆/၃၂၃/၁၁၄/ကျင့် ၅၁၂အမှုမှ တရားခံပြေးအဖြစ် အမှုဖွင့်ထားပြီဖြစ်သည်။

သေနတ် ပစ်ခေတ်မှုဖြစ်ပွားခဲ့သည့်အတွက် တောင်ဒဂုံမှ ထွက်ခွာရန်လမ်းကြောင်းများဖြစ်သည့် ဒဂုံမြို့သစ် အရှေ့ပိုင်း၊ ဒဂုံမြို့သစ် မြောက်ပိုင်း၊ သန်လျင်မြို့နယ်၊ သာကေတမြို့နယ် နှင့် သင်္ဃန်းကျွန်း အပါအဝင် ဖြတ်သွားနိုင်သည့် နေရာများတွင် လုံခြုံရေးများ တိုးမြင့်ချထားကြောင်း တောင်ဒဂုံမြို့မ ရဲစခန်းမှ ဒုရဲအုပ်တစ်ဦးက ပြောကြားထားသည်။

နဂါးလေး (ခ)အောင်နိုင်မြင့် မှာ လက်ရှိအချိန် ဖေဖော်ဝါရီ ၁၇ နံနက်ပိုင်းထိ လွတ်မြောက်နေဆဲဖြစ်ပြီး ရဲတပ်ဖွဲ့မှ ဖမ်းစီးရမိရန်ကြိုးပမ်းလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly