ခြစားမှု အရှုပ်တော်ပုံတွင် ပါ၀င်ပတ်သက်မှုဖြင့် Samsung အကြီးအကဲကို ဖမ်းဆီး

ခြစားမှု အရှုပ်တော်ပုံတွင် ပါ၀င်ပတ်သက်မှုဖြင့် Samsung အကြီးအကဲကို ဖမ်းဆီး

ဖေဖော်ဝါရီ ၁၇ ။              ။ နိုင်ငံကို လှုပ်ခတ်ခဲ့သည့် ခြစားမှု အရှုပ်တော်ပုံထဲတွင် ပါဝင်ပတ်သက်နေမှုဖြင့် တောင်ကိုရီးယားနည်းပညာကုမ္ပဏီကြီး Samsung ၏ အကြီးအကဲ Lee Jae Yong ကို အာဏာပိုင်များက ဖေဖော်ဝါရီ ၁၇ ရက်တွင် ဖမ်းဆီးလိုက်ပြီ ဖြစ်သည်။

သမ္မတ ပက်ဂွမ်ဟေးကိုယ်တိုင် စွပ်စွဲပြစ်တင်ခံရသည်အထိ ဖြစ်ခဲ့ရသော ခြစားမှု အရှုပ်တော်ပုံတွင် ပါဝင်ထားသည်ဆိုကာ စုံစမ်းစစ်မေးခံနေရသည့် Lee ကို ယခုအခါ တရားရုံးကပါ တရားဝင် ဖမ်းဝရမ်း ထုတ်လိုက်ခြင်း ဖြစ်သည်။

Samsung လုပ်ငန်းစုကြီးကို ဆက်ခံဦးစီးမည့်သူဖြစ်သည့် အသက် ၄၈ နှစ်အရွယ် Lee ကို ယခုအခါ ထိန်းသိမ်းရေးစင်တာကို ခေါ်ဆောင်သွားခဲ့ပြီဖြစ်ကြောင်း သိရသည်။

" ခုလိုမျိုး သူ့ကို ဖမ်းဆီးထိန်းသိမ်းလိုက်ရတဲ့အထိ ဖြစ်သွားတာကိုကြည့်ရင် ဒီကိစ္စမှာ နောက်ထပ် ခိုင်လုံတဲ့ အထောက်အထားတွေနဲ့ အတူ နောက်ထပ် စွဲချက်သစ်တွေ ထပ်တိုးရဖို့ထိ ရှိနေတယ်လို့   ပြောလို့ရပါတယ်" ဟု ဆိုးလ်မြို့ တရားရုံးက ထုတ်ပြန်သွားသည်။

ဖခင်ဖြစ်သူ၏ ကျန်းမာရေးအခြေအနေကြောင့် ကုမ္ပဏီကို လက်တွေ့ဦးစီးနေရသော Lee ကို လာဘ်ထိုးမှု စွဲချက်ဖြင့် ဖမ်းဆီးရန် အစိုးရရှေ့နေများက ယခင်လကတည်းက ကြိုးပမ်းထားခဲ့ပြီး တရားရုံးက ပယ်ချထားခဲ့ခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly