သပိတ်ကျင်းတွင် တောင်​ကျ​ရေ​ကြောင်​့ အိမ်​များ​မျောပါပြီး လူ​လေးဦး​သေဆုံး

သပိတ်ကျင်းတွင် တောင်​ကျ​ရေ​ကြောင်​့ အိမ်​များ​မျောပါပြီး လူ​လေးဦး​သေဆုံး

သပိတ်ကျင်း၊ ဇူလိုင် ၂၅ ။       ။ မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်အတွင်းတွင် ဇူလိုင် ၂၄ ရက် ည ၁၁နာရီခန့်က မိုးသည်း ထန်စွာရွာခဲ့ပြီး တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်တစ်ချို့ မျောပါပျက်စီးကာ လူလေးဦးသေဆုံး ခဲ့သည်ဟု သပိတ်ကျင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန့်ဇင်ဦးက မဇ္ဈိမကိုပြောသည်။

ယင်းပျက်စီးမှုများအား လေ့ကျင့်ရေးတပ် ၁၃ မှ တပ်မတော်သားများ ၊ အုပ်ချုပ်ရေးအဖွဲ့များ ၊ ရွာသူရွာသားများ စုပေါင်း၍ ဖယ်ရှားပေးခြင်း ၊ ကယ်ဆယ်ခြင်းများ ပြုလုပ်ပေးနေလျှက်ရှိ သည်ဟုလည်း ရဲမှူး သန့်ဇင်ဦး က ဆိုသည်။

၎င်းက ``တောင်ကျရေ ကျလာတော့ ချောင်းနားမှာနေတဲ့ အိမ်တွေပါကုန်တယ်။ အိမ် စုစုပေါင်း ၁၆ လုံးရှိတယ်။ တွင်းငယ်ရွာမှာ ဆိုရင် ၃ လုံးက ပျောက်နေတယ်။ ၂ လုံးက ပျက်စီးသွားတယ်။ ပျောက်နေတာတွေက ရေမျောသွားလို့ ရှာဖွေကယ်ဆယ်မှုတွေလုပ်နေတယ်။´´ ဟု ပြောသည်။

ထို့အပြင် ယင်းတောင်ကျချောင်းရေကြောင့် ကျွဲ ၊ နွား စုစုပေါင်း ၅၃ ကောင်ပျောက်ဆုံးနေပြီး ၄ ကောင် အသေတွေ့ရှိကြောင်း ၊ မန္တလေး - ဗန်းမော် ကားလမ်းမှာလည်း ပျက်စီးလျှက်ရှိပြီး ယာယီ သွားလာမှုရရှိစေရန် ဆောင်ရွက်နေသည်ဟုလည်း ၎င်းက ဆိုသည်။

တွင်းငယ်ကျေးရွာ  ဒေသခံ ဦးမြင့်ဇော် က ``ပျက်စီးမှုဖြစ်ပြီဆိုတော့ ဆုံးရှုံးမှုတွေလည်းဖြစ်ပြီပေါ့ ။ ဒီမှာ ရေတွေမျောပါပြီး တွင်းငယ် တံတားလည်း ကျိုးသွားတယ်။ ခုတော့ ပျောက်တာတွေ မျောပါတာတွေလိုက်ရှာနေတယ်။ ကျွန်တော်တို့ဒေသခံတွေ အနေနဲ့တော့ ကူညီမှုတွေလိုအပ်နေပါပြီ။´´ ဟု ပြောသည်။

သပိတ်ကျင်းမြို့နယ်အတွင်း ပျက်စီးဆုံးရှုံးမှုဖြစ်သော ရွာများမှာ တွင်းငယ် ၊ ကျောက်ဖြူ ၊ ရှားတော ၊တောင်လည် နှင့်ဒေါင်းပုန်းရွာ တို့ရွာတို့ဖြစ်ပြီး အပျက်အစီးများနှင့်ပျောက်ဆုံးနေမှုများကို အရပ်ဖက် လူမှုပရဟိတအသင်းများကလည်း ကူညီရှာဖွေပေးနေပြီး လိုအပ်သည့်အစားအသောက် များလည်း ကူညီဆောင်ရွက်ပေးနေသည်ဟု လောကပါလ လူမှုကူညီဆောင်ရွက်ရေးအသင်းမှ အတွင်း ရေးမှူး ကိုစိုးစိုး က ပြောသည်။

နေအိမ်မျောပါသွားသူ မဌေးဌေး က လည်း “ရေကအလုံးလိုက်ကျလာတာပါ ဘာမှ ယူချိန်မရှိဘူး။ ကလေးတွေဘာမှ မဖြစ်အောင်ပဲ ကိုယ်လွတ်ရုန်းခဲ့ရတယ်”ဟုဆိုသည်ၤ။

အဆိုပါနေရာများတွင် တောင်ကျရေသည် ဇူလိုင်လ ၂၅ ရက်အထိ ကျနေသောကြောင့်ဒေသခံ အများစုမှာ နေအိမ်များ စွန့်ခွာ ၍ ရေလွတ်ရာပြောင်းရွှေ့နေထိုင်နေကြသည်ဟု တွင်းငယ်ကျေးရွာမှ ကိုမင်းမင်းသိန်း က ပြောသည်။

ပျက်စီးဆုံးရှုံးမှုစာရင်းများကို သပိတ်ကျင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကောက်ယူနေပြီး အမြန်ဆုံးသတင်း ထုတ်ပြန်ပေးသွားမည်ဟု မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးကိုကိုလှိုင် က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly