နဂါးလေး (ခ)အောင်နိုင်မြင့် မောင်းနှင်ထွက်ပြေးသည့်ကားကို ကျည်ဆံရာ ၄ချက်နဲ့တွေ့ရှိ

နဂါးလေး (ခ)အောင်နိုင်မြင့် မောင်းနှင်ထွက်ပြေးသည့်ကားကို ကျည်ဆံရာ ၄ချက်နဲ့တွေ့ရှိ
ဓာတ်ပုံ-ရန်ကုန်တိုင်းရဲတပ်ဖွဲ့

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇ ။             ။ မူးယစ်ဆေးဝါးမှု၊ လုယက်မှုများဖြင့် တရားခံပြေးကြေငြာခံထားရသူ နဂါးလေး (ခ)အောင်နိုင်မြင့် ကိုရဲများမှဖမ်းဆီးစဉ် မောင်းနှင်ထွက်ပြေး လွတ်မြောက်သွားသည့် ကားကို ကျည်ဆံရာများနှင့် တွေ့ရှိထားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သိရသည်။

ဖေဖော်ဝါရီ ၁၆ ည ၈နာရီခန့် ဒဂုံဆိပ်ကမ်းမြို့နယ် ကျဉ်စုအနောက်ဘက် လယ်ကွင်းပေါ်တွင် ထွက်ပြေးမောင်းနှင်သော 5D-3753 X-TRAIL အမျိုးအစားခဲရောင် မော်တော်ယာဉ်အား ကားစက်နှိုးထားပြီး ကျည်ရာ ၄ ချက်နှင့်တွေ့ရှိရကြောင်း ရဲတပ်ဖွဲ့မှထုတ်ပြန်သည်။

ယာဉ်မောင်းဘေး ရှေ့တံခါးယာဘက်လိုင်နာစပ်တွင်  ကျည်ဆံရာ ၁ ချက်၊ ရှေ့တံခါးအလယ်တွင် ကျည်ဆံရာ ၁ ချက်၊ ကားနောက် ခန်းယာဘက်တံခါးဘောင်တွင် ကျည်ဆံရာ ၁ ချက်၊ ကားနောက်မှန်တွင် ကျည်ဆံရာ ၁ ချက်တို့ တွေ့ရှိရကြောင်း သိရသည်။

မော်တော်ယာဉ်ကို ရှေ့ယာဘီးတာရာကြေ၊ ရှေ့လေအိပ် ၂ လုံးပွင့်၊ ယာဘက်ရှေ့/နောက်ဘေးမှန်ကွဲ၊ ကားဝဲဘက်နောက် ဘေးမှန်ကွဲ၊ ဝဲဘက်ခြမ်း ဘောနက်ပွန်းနှင့် ဝဲဘက်နောက်ကြည့်မှန် မရှိသည့် အနေအထားဖြင့် သိမ်းဆည်းထားမိကြောင်း တိုင်းရဲတပ်ဖွဲ့မှ ထုတ်ပြန်သည်။

သက်သေအနေဖြင့် မော်တော်ယာဉ်၏ နောက်ခန်းထိုင်ခုံပေါ်မှ LINKIN PARK စာတမ်းပါ အနက်ရောင်ခေါင်းစွပ် အနွေးထည်အင်္ကျီ ၁ ထည်၊ macoc bennl  စာတမ်းပါအနက်ရောင် ရှပ်အင်္ကျီလက်ရှည် ၁ ထည်နှင့် ယာဉ်မောင်းထိုင်ခုံ အောက်ကြမ်းခင်ပေါ်မှ ညှပ်ဖိနပ် ၁ ရံတို့အား ရှာဖွေတွေ့ရှိကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။

သေနတ် ပစ်ခေတ်မှုဖြစ်ပွားခဲ့သည့်အတွက် တောင်ဒဂုံမှ ဖြတ်သွားလို့သည့် လမ်းကြောင်းများဖြစ်သည့် ဒဂုံမြို့သစ် အရှေ့ပိုင်း၊ ဒဂုံမြို့သစ် မြောက်ပိုင်း၊ သန်လျင်မြို့နယ်၊ သာကေတမြို့နယ် နှင့် သင်္ဃန်းကျွန်း အပါအဝင် ဖြတ်သွားနိုင်သည့် နေရာများတွင် လုံခြုံရေးများ တိုးမြင့်ချထားကြောင်း တောင်ဒဂုံမြို့မ ရဲစခန်းမှ ဒုရဲအုပ်တစ်ဦးက ပြောသည်။

နဂါးလေး (ခ)အောင်နိုင်မြင့်မှာ ယနေ့ ဖေဖော်ဝါရီ ၁၇ ရက် နံနက်ပိုင်းထိ ထွက်ပြေးလွှတ်မြောက်နေသေးပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပူးပေါင်းအဖွဲ့မှ ရှာဖွေလျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly