တောင်ဒဂုံတွင် တရားခံပြေးအား ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးခြင်းသာဖြစ်

တောင်ဒဂုံတွင် တရားခံပြေးအား ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးခြင်းသာဖြစ်

ဖေဖော်ဝါရီ ၁၆၊     ။                ။ တောင်ဒဂုံမြို့နယ်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့မှုနှင့်ပတ်သက်ပြီး ဖြစ်စဉ်အား တောင်ဒဂုံမြို့မရဲစခန်းမှ ဒုရဲအုပ် ကျော်ဟန်က မဇ္ဈိမသို့ ယနေ့ညပိုင်းတွင် ပြောသည်။

နဂါးလေး (ခေါ်)အောင်နိုင်မြင့်အား  ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးခဲ့ပြီး ဖမ်းဆီးချိန်တွင် ထွက်ပြေးခဲ့သောကြောင့် ရဲတပ်ဖွဲ့ဝင်များက သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီးသော်လည်း လွတ်မြောက်
သွားခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေ နဂါးလေး(ခ)အောင်နိုင်မြင့်၊ (၃၄)နှစ်၊ (ဘ)ဦးဝင်းနိုင်သည် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၂၀)ရပ်ကွက်၊ လှော်ကားလမ်းနှင့် ဥဿဘုရားလမ်းဆုံအနီးရှိ ကားဝပ်ရှော့တစ်ခုသို့ 5D-3753 ပါဂျဲရိုး အမျိုးအစား ခဲရောင်ယာဉ်ဖြင့် ရောက်ရှိနေကြောင်းသတင်းအရ သွားရောက်ဖမ်းဆီးစဉ် အဆိုပါ တရားခံပြေးဖြစ်သူမှ ရဲတပ်ဖွဲ့ဝင်များ၏မော်တော်ယာဉ်များကို ၎င်းမောင်းနှင်သော မော်တော်ယာဉ်ဖြင့်တိုက်ပြီး ထွက်ပြေးသွားခဲ့ပါသည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

နဂါးလေး (ခေါ်)အောင်နိုင်မြင့်အား  ယ(ပ)၁၃/၂၀၁၆၊ မူယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၁/ကျင့် ၅၁၂၊ လမ်းမတော်မြို့မရဲစခန်း(ပ)၉/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၈၆/၃၂၃/၁၁၄/ကျင့် ၅၁၂အမှုမှ တရားခံပြေးအဖြစ် အမှုဖွင့်ထားခြင်းဖြစ်သည်။

ထွက်ပြေးသွားသော ပါဂျဲရိုးယာဉ်မှာ ငွေမင်ရောင်ဖြစ်ပြီး ဘန်ပါပြုတ်ထွက်နေကာ လိုင်စင်မဲ့ကား ဖြစ်ကြောင်း တောင်ဒဂုံမြို့မရဲစခန်းမှ မဇ္ဈိမသို့ အတည်ပြုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly