ဆဌမအကြိမ်မြောက် မြန်မာအနုပညာ သစ်သားပန်းပုပြိုင်ပွဲ၏ ဆုချီးမြှင့်ပွဲကျင်းပ

ဆဌမအကြိမ်မြောက် မြန်မာအနုပညာ သစ်သားပန်းပုပြိုင်ပွဲ၏ ဆုချီးမြှင့်ပွဲကျင်းပ

ရန်ကုန်၊ဖေဖေါ်ဝါရီ၁၆ ။            ။ ဆဌမအကြိမ်မြောက် မြန်မာအနုပညာ သစ်သားပန်းပုပြိုင်ပွဲ၏ ဆုချီးမြှင့်ပွဲကို ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ဆရာစံပလာဇာတွင် ယမန်နေ့က ပြုလုပ်ခဲ့သည်။

မြန်မာ့အနုပညာ ပန်းပုပြိုင်ပွဲကို ဗဟိုသမဝါယမအသင်း နှင့် ကောင်းမြန်မာအောင် ဖောင်ဒေးရှင်းတို့မှ ပူးပေါင်းပြီး ဆဌမအကြိမ် ကျင်းပခြင်းဖြစ်သည်။

ဆန်းသစ်သော အနုပညာလက်ရာများနှင့် ယှဉ်ပြိုင်ရပြီး အတွေးအခေါ်များစွာပေးနိုင်သော မော်ဒန်ပန်းပု နှင့် မိမိနှစ်သက်ရာ စိတ်ကြိုက်ထွင်းထု ယှဉ်ပြိုင်နိုင်သော စိတ်ကြိုက်ပန်းပု ဟူ၍ အမျိုးအစားနှစ်မျိုးခွဲပြီး ပထမဆု ကျပ်သိန်း ၅၀၊ ဒုတိယဆု ကျပ်သိန်း ၃၀၊ နှင့် တတိယဆု ကျပ်သိန်း ၂၀ အသီးသီး ဆုချီးမြှင့်ခဲ့သည်။ ပန်းပုပြိုင်ပွဲ ဆုရွေးချယ်သည့် ပုံစံနှင့်ပါတ်သက်ပြီး ကျင်းပရေးကော်မတီ နာယက ဦးခင်မောင်အေးက ယခုလိုရှင်းပြခဲ့သည်။

“ဘုတ်ဖွဲ့ပြီးတော့ ရွေးချယ်တာပါ။ ဘုတ်ဖွဲ့ပြီး အားလုံးကြည့်ကြတာပေ့ါ။ ညီလေး ပြည့်စုံအောင်ဆို တအားကောင်းတယ်။ သူ့ကိုပထမပေးလို့ရတယ်။ ဒါပေမယ့် သူ့ရဲ့ လူက သေးနေတာပေ့ါ။ လက်ရာကလည်း ကောင်းမယ်။ သဘာဝလည်း ကျရမယ်။ အစစအရာရာကြည့်ပြီး ပေးခြင်းဖြစ်ပါတယ်” ဟုပြောသည်။

ယခုပြိုင်ပွဲကို ၂၀၀၉ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲတွင် ထုလုပ်သည့် ပန်းပုများကို နာဂစ်ဒဏ်ကြောင့် ပြိုလဲခဲ့သည့် သစ်ပင်ကြီးများနှင့်သာ ထုလုပ်ခဲ့ခြင်း ဖြစ်သည်။ မြန်မာ့အနုပညာ ပန်းပုပြိုင်ပွဲဆုပေးပွဲကို နိုင်ငံတော်သမ္မတဦးထင်ကျော်၏ဇနီး ဒေါ်စုစုလွင် ၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် အစိုးရအဖွဲ့တာဝန်ရှိသူများ ပန်းချီ ပန်းပု ပညာရှင်များ တက်ရောက်ခဲြ့ကသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly