တစ်နေ့လျှင် ၁၅ယောက်နှုန်းဖြင့် ခြေတုအခမဲ့ ၃၀၀ တပ်ဆင်ပေးသွားမည်

တစ်နေ့လျှင် ၁၅ယောက်နှုန်းဖြင့် ခြေတုအခမဲ့ ၃၀၀ တပ်ဆင်ပေးသွားမည်

ရန်ကုန်၊ ဇန်နဝါရီ ၁၆ ။              ။ ခြေတုတပ်ဆင်ရန် လိုအပ်နေသူများအတွက် အခမဲ့ ခြေတု တပ်ဆင်ခြင်းကို ဒဂုံမြို့သစ်တောင်ပိုင်း၊ နိကာယပိဋကတ်သုံးပုံ စာသင်တိုက်တွင် ကနဦးအနေဖြင့် တစ်နေ့လျှင် ၁၅ယောက် တပ်ဆင်ပေးသွားမည်ဟု သိရသည်။

ခြေတုတပ်ဆင်ရန် စာရင်းပေးထားသူ ၁၀၀၀ ခန့်ရှိပြီး ပထမအသုတ်အနေဖြင့်၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ မှ မတ်လ ၁၆ ရက်နေ့ အထိ လူဦးရေ ၃၀၀ကို ခြေတု တပ်ဆင်ပေးမည်ဖြစ်သည်။

“ မနေ့တည်းက စပါတယ်။ မနေ့က ၁၁ ယောက် တပ်ပါတယ်။ ဒီနေ့ကနေ စပြီးတော့ ၁၅ ယောက် ၊ နေ့တိုင်းတစ်နေ့ကို ၁၅ ယောက် တပ်ပါမယ်။ မတ်လ ၇ ရက်နေ့မှာတော့ အယောက် ၃၀၀ ပြည့် သွားပြီးပေါ့နော်။ နောက်ကျန်တဲ့သူတွေကိုလည်း ဒုတိယအသုတ်၊ တတိယအသုတ်နဲ့ တပ်ပေးဦးမှာပါ ” ဟု ဦးနု ဒေါ်မြရီ ဖောင်ဒေးရှင်း အတွင်းရေးမှူး ဒေါ်ရင်ရင်ညွှန့်က ပြောသည်။

ဦးနု ဒေါ်မြရီဖောင်ဒေးရှင်းနှင့် အိန္ဒိယနိုင်ငံအခြေစိုက် BMVSS တို့ ပူးပေါင်းပြီး အခမဲ့ခြေတု တပ်ဆင်ပေးခြင်း ဖွင့်ပွဲအခမ်းအနားကို ဒဂုံမြို့သစ်တောင်ပိုင်း၊ နိကာယပိဋကတ်သုံးပုံ စာသင်တိုက်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ခြေတုတပ်ဆင်ရာ ပေါင်မှ ခြေဖမိုးအစိတ်အပိုင်းထိ တပ်ဆင်ပေးခြင်းဖြစ်ပြီး ဒူးအောက်ပိုင်းမှ ပြတ်တောက်သူများ၊ ခြေဖမိုးအထက်ပိုင်းမှ ပြတ်တောက်သူများ တပ်ဆင်ခဲ့ကြပြီး အချို့မှာမူ   ပြတ်တောက်သည့်နေရာပေါ် မူတည်၍ တပ်ဆင်ရန် အဆင်မပြေမှုများရှိခဲ့သည်။ ခြေထောက်ပြတ်တောက်သူ အများစုမှာ အမျိုးသားများ ဖြစ်ပြီး မတော်တဆ ထိခိုက်မှုများကြောင့် ဖြစ်သည်ဟု သိရသည်။

ခြေတုတပ်ဆင်ပေးရေးလုပ်ငန်းအတွက် လိုအပ်သောငွေကြေးအကူအညီကို အိန္ဒိယသမ္မတနိုင်ငံ အစိုးရ၊ ပြည်ပရေးရာဝန်ကြီးဌာန၊ နယူးဒေလီ၏ သဘောတူညီချက်ဖြင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှ ထောက်ပံ့လှူဒါန်းခြင်းဖြစ်သည်။ တပ်ဆင်ခြင်းလုပ်ငန်းနှင့် နည်းပညာဆိုင်ရာများ၊  တခြားလိုအပ်သည့်ကိစ္စရပ်များကို ဦးနုဒေါ်မြရီဖောင်ဒေးရှင်းနှင့် အိန္ဒိယနိုင်ငံအခြေစိုက် BMVSSတို့မှ ပူးပေါင်းဆောင်ရွက်ပေးခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံအခြေစိုက် BMVSS သည် အာဖဂန်နစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ လက်ဘနွန်၊ နိုင်ဂျီးရီးယား၊ နီပေါ၊ နိုင်ရိုဘီ၊ ပါကစ္စတန်၊ ပနားမား၊ ဖိလစ်ပိုင်၊ ဆိုမာလီယာ၊ ဆူဒန်၊ ဇန်ဘီယာနှင့် ဇင်ဘာဘွေ စသည့်နိုင်ငံပေါင်း ၂၆ နိုင်ငံတွင် ခြေတုတပ်ဆင်ခြင်းကို နေရာပေါင်း ၅၀ ကျော်တွင် ပြုလုပ်ခဲ့ပြီး တစ်ကမ္ဘာလုံးတွင် မသန်စွမ်း ၁.၅၅ သန်းကျော်ကို ခြေတုများ တပ်ဆင်ပေးခဲ့ကြောင်း သိရသည်။

ေခြေတုတပ်ဆင်လိုသူများ အနေဖြင့် ဦးနု ဒေါ်မြရီ ဖောင်းဒေးရှင်း ဖုန်းနံပါတ်  ၀၁-၅၄၁၆၄၉ သို့ စုံစမ်းဆက်သွယ်နိုင်သည်။ အဆိုပါ ခြေတုများ တပ်ဆင်ခြင်းကို ဇန်နဝါရီလ  အစောပိုင်းက ပြုလုပ်ရန် စီစဉ်ထားသောလည်း အခက်အခဲများ ရှိပြီး ယခု ခြေတုပစ္စည်းများ ထုတ်ယူရာတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ရန်ကုန်တိုင်းဝန်ကြီး ဦးမြင့်သောင်းမှ အကူညီပေးခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly