ကင်မ်ဂျံုနမ် လုပ်ကြံခံရမှု နောက်ထပ် တတိယမြောက် သံသယရှိသူကို ထပ်မံ ဖမ်းဆီးထားပြန်

ကင်မ်ဂျံုနမ် လုပ်ကြံခံရမှု နောက်ထပ် တတိယမြောက် သံသယရှိသူကို ထပ်မံ ဖမ်းဆီးထားပြန်

ဖေဖော်ဝါရီ ၁၆ ။             ။ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်း၏ ဖအေတူ မအေကွဲ အစ်ကို ကင်မ်ဂျုံနမ် လုပ်ကြံခံရမှုဖြစ်စဉ်နှင့်စပ်လျင်း၍ နောက်ထပ် တတိယမြောက် သံသယရှိသူကို မလေးရှား ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။

ထွက်ပေါ်နေသော သတင်းများအရ ဖေဖော်ဝါရီ ၁၆ ရက်နံနက်ပိုင်းတွင် ထိန်းသိမ်းထားခဲ့သော သံသယရှိသူမှာ ယခင် ဖမ်းမိထားသည့် အမျိုးသမီးနှစ်ဦးအနက် တစ်ဦး၏ ချစ်သူ ဖြစ်သည်ဟု ယုံကြည်ရသည်။

ယခု တတိယမြောက် ဖမ်းဆီးမှုမတိုင်မီကလည်း ကင်မ်ဂျုံနမ် ဖြစ်စဉ်နှင့်ပတ်သက်၍ မလေးရှားရဲများက သံသယရှိ အမျိုးသမီးနှစ်ဦးကို ဖေဖော်ဝါရီ ၁၅၊ ၁၆ ရက်တို့တွင် အသီးသီး ဖမ်းဆီး ထိန်းသိမ်းထားပြီး ဖြစ်သည်။ ၎င်းအမျိုးသမီး နှစ်ဦးအနက် တစ်ဦးမှာ ဗီယက်နမ် ပတ်စပို့ ကိုင်ဆောင်ထားပြီး အခြားတစ်ဦးမှာ အင်ဒိုနီးရှား ပတ်စ်ပို့ ကိုင်ဆောင်ထားကြောင်း သိရသည်။

၎င်းအမျိုးသမီးနှစ်ဦးကို ကွာလာလမ်ပူ လေဆိပ် စီစီတီဗီ ရုပ်သံပြကွက်များအရ တွေ့ရှိဖမ်းဆီးထားခြင်းဖြစ်ကာ ၎င်းတို့သည် ဖေဖော်ဝါရီ ၁၃ ရက်က မစ္စတာ ကင်မ်၏ မျက်နှာကို သေစေနိုင်သော ဓါတုဆေးရည်ဖြင့် ဖျန်းသွားသည်ဟု ယုံကြည်နေရသည်။

လုပ်ကြံခံရသူ မစ္စတာ ကင်မ်အနေဖြင့် ပြီးခဲ့သည့်လေးနှစ်အကြာကလည်း လုပ်ကြံခံရမည့်အရေးနှင့် ရင်ဆိုင်ထားရဖူးသည့်အတွက် ယင်းနောက်ပိုင်း ၎င်း၏အသက်ကို ချမ်းသာပေးရန်   မြောက်ကိုရီးယားခေါင်းဆောင်ထံ အသနာခံထားသေးကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly