Wifi အခမဲ့စနစ်အပါအဝင် အဆင့်မြှင့်တင်မှု ဘတ်စ်ကား ၉၅ စီးထိ ပြီးစီး

Wifi အခမဲ့စနစ်အပါအဝင် အဆင့်မြှင့်တင်မှု ဘတ်စ်ကား ၉၅ စီးထိ ပြီးစီး

ရန်ကုန်၊ ဖေဖော်ဝါရီလ ၁၆ ။            ။ ယခင် မထသမှ ပိုင်ဆိုင်သော အများပိုင်ကုမ္ပဏီ YUPT ၏ ဘတ်စ်ကားများတွင် Wifi အခမဲ့စနစ်အပါအဝင် အဆင့်မြှင့်တင်မှုများပြုလုပ်လျက်ရှိရာ ဘတ်စ်ကား ၉၅ စီးထိ တပ်ဆင်ပြီးစီးပြီဖြစ်ကြောင်း ရန်ကုန်မြို့ပြ အများပြည်သူသယ်ယူပို့ဆောင်ရေး ကုမ္ပဏီ (YUPT) မှ အတွင်းရေးမှူး ဦးမောင်မောင်လွင်က မဇ္ဈိမသို့ ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင်ပြောသည်။

အဆိုပါကုမ္ပဏီမှာ ယခင်မထသမှ ပိုင်ဆိုင်ပြီး ၎င်းပိုင် ယာဉ်လိုင်းများဖြစ်သော ယာဉ်လိုင်း၂၀ အနက် ယာဉ်လိုင်း ၂၄၊ ၂၈၊ ၃၆ နှင့် ၅၈ တို့တွင် အဆင့်မြှင့်တပ်ဆင်မှုကို ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ကားစီးရေ ၉၅ စီးအထိ တပ်ဆင်နိုင်ခဲ့ခြင်းဖြစ်သည်။

ဇန်နဝါရီလ ၂၆ ရက်နေ့မှ စတင်ကာ တစ်စီးလျှင် ငွေ ၁၈ သိန်းခန့် အကုန်ကျခံကာ အဆင့်မြှင့်တပ်ဆင်မှု ပြုလုပ်နေခြင်းဖြစ်ပြီး ဘတ်စ်ကားတစ်စီးလျှင် CCTV ကင်မရာ ၅ လုံး၊ ယာဉ်စီးခ ထည့်ရန် Cash Box ၁ လုံး၊ GPS နှင့် WiFi အခမဲ့စနစ်များ ပါဝင်သည်။ အဆိုပါ အဆင့်မြှင့်တပ်ဆင်မှုများမှာ ကုမ္ပဏီမှ ပြေးဆွဲနေသောကားများ အတွက်သာဖြစ်ပြီး YBS ကားလိုင်းအကုန်လုံးတွင်တပ်ဆင်မှု မဟုတ်ကြောင်း သိရသည်။

ထို အဆင့်မြှင့်တပ်ဆင်မှု ၄ ခုကို တရုတ်နည်းပညာရှင်များနှင့် ပြည်တွင်းပညာရှင်များ ပူးပေါင်းကာ တပ်ဆင်ပေးနေ ခြင်းဖြစ်သည်။

“ကျွန်တော်တို့ကုမ္ပဏီအနေနဲ့ တပ်ဆင်ထားတဲ့ CCTV ၅ လုံးနဲ့ GPS ပါ ပါတယ်။ နောက်တစ်ခါ ရန်ကုန်တိုင်းဒေသကြီး အာဏာပိုင်းအဖွဲ့က B Smart ကုမ္ပဏီနဲ့ ပူးပေါင်းပြီးတော့ GPS တွေကို လွှတ်တော်ဘေးက ဓမ္မစေတီဝင်းထဲမှာ ယာဉ်လိုင်းအလိုက် တစ်နေ့ကို တစ်စီးနှုန်းနဲ့ တပ်ဆင်ပေးနေတာ။ အဲ့ဒါကတော့ အစိုးရအနေနဲ့ ပြည်သူ့ရင်ပြင်မှာရှိတဲ့ ထိန်းချုပ်စင်တာကနေ ယာဉ်လိုင်းတွေ ထိန်းချုပ်စောင့်ကြည့်ဖို့ပါ”ဟု ဦးမောင်မောင်လွင်က ပြောသည်။

အဆင့်မြှင့်တပ်ဆင်ပြီးသော ကားများအား ယမန်နေ့ ဖေဖော်ဝါရီလ ၁၄ ရက်မှ စတင်ကာ YBS ၃၆မှာ ယာဉ်နောက်လိုက်မပါဘဲ ပြေးဆွဲနေကြောင်း ရန်ကုန်မြို့ပြ အများပြည်သူသယ်ယူပို့ဆောင်ရေး ကုမ္ပ ဏီ (YUPT) မှ ဒါရိုက်တာအဖွဲ့ဝင် ဒေါက်တာဇော်အောင်နိုင်က ပြောသည်။

“တပ်ဆင်ပြီးသွားတဲ့ ယာဉ်တွေကိုတော့ ယာဉ်နောက်လိုက်မပါဘဲနဲ့ မနေ့ကနေ စပြီးတော့ ပြေးဆွဲနေပြီ။ အခုလို အဆင့်မြှင့်တင် တာတွေနဲ့ ယာဉ်အစီးရေ လုံလောက်မှုရှိဖို့ကိုတော့ ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့ ရပ်မနေပါဘူး။ တဖြည်းဖြည်း ဆက်တိုက်လုပ်ဆောင်သွားမှာပါ ”ဟု ဒေါက်တာဇော်အောင်နိုင်က ပြောဆိုသည်။

YUPT ကုမ္ပဏီမှ အများပိုင်ယာဉ်လိုင်းစနစ်တွင်ပြေးဆွဲရန် တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံမှ ဘတ်စ်ကား စီးရေ ၄၂ဝ မှာယူတင်သွင်းထားပြီး လက်ရှိတွင် ဘတ်စ်ကားစီးရေ ၂၂၅ စီး ရောက်ရှိပြီးဖြစ်ကာ အဆင့်မြှင့်တပ်ဆင်မှုများ လုပ်ဆောင်နေခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ-YBS ၃၆ ယာဉ်နောက်လိုက်မပါဘဲ ယာဉ်စီးခထည့်ရန် Cash Box ဖြင့် စတင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly