မောင်တောဒေသမှာ စိတ်ကြွဆေးပြားထုတ်တဲ့စက်ရုံ ရှိ၊ မရှိ ဆိုတာ စုံစမ်းမှုတွေ လုပ်နေပါတယ်

By RiA
16 February 2017
မောင်တောဒေသမှာ စိတ်ကြွဆေးပြားထုတ်တဲ့စက်ရုံ ရှိ၊ မရှိ ဆိုတာ စုံစမ်းမှုတွေ လုပ်နေပါတယ်

(မေယုစစ်ဆင်ရေး အင်တာဗျူး)

ရခိုင်ပြည်နယ်မှာ အောက်တိုဘာ ၉ ရက် တိုက်ခိုက်မှုဖြစ်စဉ်အပြီးမှာ ဒေသတွင်းမှာ တွေ့ရှိလာတဲ့ မူးယစ်ဆေးဝါးလုပ်ငန်းတွေကို တားဆီးနိုမ်နင်းဖို့မေယု မူးယစ်စစ်ဆင်ရေးဆိုပြီး အထူးစီမံချက်တစ်ရပ်ကို ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ စတင်ပြီး လုပ်ဆောင်နေပါတယ်။

မူးယစ်စစ်ဆင်ရေးနဲ့ ပတ်သက်ပြီး ဆောင်ရွက်နေတာတွေကို  တာဝန်ခံ ရဲမှူးကြီး ဦးရွှေညာမောင်နဲ့ တွေ့ဆုံမေးမြန်းထားခြင်းဖြစ်ပါတယ်။

RiA။  ။ မေယုစစ်ဆင်ရေးက ဘယ်လိုပုံစံမျိုးပေါ်ပေါက်လာတာပါလဲ ခင်ဗျား။

ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ စတာပါ၊ ပြီးဆုံးမယ့် အခြေနေကိုတော့ ပြောလို့မရဘူး။ ရည်ရွယ်ချက်က မူးယစ်ဆေးဝါးလုပ်ငန်းတွေ ပိုပြီးကာကွယ်လို့ရအောင်ပေါ့။ ပိုမိုထိရအောင်လုပ်မယ်ဆိုတာက သတင်းပေးတဲ့ အဖွဲ့တွေပါမယ်၊ လမ်းကြောင်း ပိတ်ဆို့တာတွေပါမယ်။ တားဆီးပိတ်ပင်တာတွေ ပါတယ်၊ ရှာဖွေစစ်ဆေးတာတွေ ပါမယ်၊ ဒီလုပ်ငန်းတွေနဲ့ ပတ်သက်ပြီးတော့ နယ်မြေမှာရှိတဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကလည်း ပူးပေါင်းပါဝင်ပါတယ်၊ ဒီနေ့ထိအောင်တော့ အမှုပေါင်း ၈ မှု၊ ဖမ်းဆီးထားပြီး ဖြစ်တယ်၊ ဒီနေ့ အထိတော့ စိတ်ကြွဆေးပြားအမှုတွေကိုပဲ ဖမ်းဆီးမိပါတယ်၊ တရားခံကတော့ ကျား ၈ ယောက်၊ မမ ၂ ယောက် စုစုပေါင်း ၁၀ ဦးပေါ့။

RiA။။ မေယုစစ်ဆင်ရေးက အောက်တိုဘာ ၉ အကြမ်းဖက်ဖြစ်ပြီးမှ ပေါ်လာတယ်ဆိုတော့ အဲဒီကိစ္စရပ်နင့်ရော ဆက်စပ်မှုရှိပါ သလား ခင်ဗျား။

တိုက်ရိုက်ကြီးတော့ ဆက်စပ်မှုမရှိပါဘူး၊ ဒါက မူးယစ်ဆေးဝါးကိစ္စပါပဲ။ မှုးယစ်ဆေးဝါးကိစ္စနဲ့ ပတ်သက်ပြီးတော့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဒီဘက်မှ ဖမ်းဆီးမှုတွေများလာတယ်။ သယ်ဆောင်ရောင်းဝယ်မှုတွေ များလာတယ်၊ ကလေးတွေအပေါ်မှာမူးယစ်ဆေးဝါး ပြသနာတွေပါ ကျရောက်လာမှာစိုးတဲ့အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က စာနဲ့တင်ပြတယ်။ ဒါကြောင့် ထူးခြားဖြစ်စဉ်မှာ နောက်ကွယ်က ကြိုးကိုင်တဲ့သူတွေကို ဖော်ထုတ်စုံစမ်းမှု မမရနိုင်တဲ့အတွက်ကြောင့် အရေးယူဆောင်ရွက်ပေးဖို့ဆိုပြီးတော့ ပထမအကြိမ် တိုင်တယ်။ ဒုတိယ အကြိမ် တိုင်တယ်။ မူးယစ်ဆေးဝါး ပြသနာတွေမှာ ပိုပြီးတော့ ကိုင်တွယ်စေချင်တဲ့အတွက် နိုင်ငံတော်အစိုးရက ရခိုင်ပြည်နယ်မှာ စစ်ဆင်ရေးပြုလုပ်စေချင်တယ်။ ဒါကြောင့်ပါ။

RiA။။ ဖမ်းဆီးမှုတွေမှာရော ဘယ်လိုအနေထားတွေကို တွေ့ရှိရပါလဲ။

များသောအားဖြင့် မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ ဖမ်းဆီးမှုတွေက နတ်မြစ်နဲ့ပင်လယ်ထဲမှာ တပ်မတော်ရေကြောင်းက နယ်မြေလမ်းကြောင်းနဲ့ကင်းလှည့်တဲ့ အချိန်အခါမျိုးမှာ ပို့ဆောင်တဲ့လူတွေ ဖမ်းမိတာလည်း ရှိတယ်။ လူတွေ ထွက်ပြေးတဲ့အခါမှာလည်း ပိုင်ရှင်တွေကို ဖမ်းဆီးမိတာတွေလည်း ရှိတယ်၊ အများအားဖြင့်က ဖမ်းဆီးမှုတွေက ကုန်းပေါ်မှာ ဖမ်းဆီးရမိတဲ့အခါ သယ်ဆောင်တဲ့ သူတွေရော၊ ပါဝင်ပတ်သက်တဲ့သူတွေရော အကုန်လုံး ဖော်ထုတ်ဖမ်းဆီးနိုင်ပါတယ်၊

RiA။။ အဓိက ဘယ်လိုလူတွေက ပါဝင်ပတ်သက်နေတာပါလဲ ခင်ဗျား။

 ပြောရရင်တော့ ဝိသမ စီးပွားရေးလောဘသမားတွေပေါ့။ ဘယ်သူသေသေ ငတေမာရင်ပြီးရော ချမ်းသာဖို့ အတွက် စီးပွားရေးဖြတ်လမ်းက ရည်ရွယ်တဲ့သူတွေ၊ သက်ဆိုင်ရာအဖွဲ့အစည်း အသီးသီးမှာ လုပ်ပြီးတော့ စည်းရုံးလို့ လွယ်မယ့်လူတွေ၊ သူတို့ရဲ့ မူးယစ်ဆေးဝါးသယ်ဆောင်တဲ့ လမ်းကြောင်းတွေမှာ အကာကွယ် ဖြစ်ဖို့အတွက် ရည်ရွယ်ပြီး လုပ်ဆောင်ကြတဲ့သူတွေပေါ့။ ရခိုင်ပြည်နယ်မှာလို့ မဟုတ်ဘူး မြန်မာနိုင်ငံမှာလည်းပဲ မှုးယစ်ဆေးဝါးသုံးနေတဲ့သူတွေကို ပြန်ပြီး အကာကွယ်ယူလို့ သယ်ယူပို့ဆောင်ရေးနေရာတွေမှာ သုံးတာတွေ ရှိတယ်၊

RiA။။ ဟုတ်ပါပြီ၊ နောက်ကွယ်လူတွေကိုကျတော့ ဘာကြောင့်ဖော်ထုတ်ဖို့ ခက်ခဲ့ကြတာပါလဲ

မူးယစ်ဆေးဝါး လုပ်ငန်းကိုယ်တိုင်က ထုတ်လုပ်တဲ့အဆင့်ကနေ ဖြန့်ချိတဲ့အဆင့်ထိ တစ်ယောက်တည်းလုပ်တာ မဟုတ်ဘူးလေ။ အုပ်စုဖွဲ့ပြီး လုပ်ကြတာ၊ သူ့အပိုင်းနဲ့သူ ကိုယ်အကန့်နဲ့ကိုယ် လုပ်ကြတာပေါ့၊ မူးယစ်ဆေးဝါးလုပ်တဲ့သူတိုင်းက ဟို အစွန်ဖျားမှာ ဖမ်းမိတာဆိုတာနဲ့ ဟိုးထိပ်ဆုံးကလူက အရေးယူခံရတော့မယ်ဆိုတာနဲ့ ရှောင်ပြေးကုန်ကြတယ်၊ ဒါကြောင့် လျှပ်စစ်ပစ္စည်းတွေလို ဖျူးခံထားသလိုပဲ။ တစ်ဦးကို ဖမ်းမိသွားရင် နောက်တစ်ဦးကို တရားစွဲဆိုလို့ မရသေးဘူး။ ဆင့်ကဲဆင့်ကဲ ဖြစ်စဉ်နဲ့ဆိုတော့ နောက်ကွယ်ကလူကို ဖမ်းဆီးမိဖို့ အင်မတန်ခက်ခဲတယ်။ အဲဒီတော့ အကြောင်းရင်း အမျိုးမျိုးကြောင် ဖော်ထုတ်ဖမ်းဆီးနိုင်တယ်ဆိုရင်လည်း တရားရုံးမှာ အရေးယူလို့ရဘူး။ ထောင်ကျနိုင်ဖို့ ခက်ခဲတယ်၊ ဥပမာအားဖြင့် မောင်တောမှာ ဖမ်းမိတယ်၊ ပို့ဆောင်တဲ့သူက စစ်တွေက ဖြစ်နေတယ်၊ စစ်တွေကလူကို မိရင်လည်း ဘယ်က ပို့တာလဲ၊ ပဲခူးတိုင်းက ပို့တာလား၊ ရန်ကုန်က ပို့တာလား။ ပဲခူးကလူကို ဖမ်းမိတော့လည်း ရှမ်းပြည်က မူးယစ်ဆေးဝါးထုတ်လုပ်တဲ့ သူကိုယ်တိုင်က ပို့တာ ။ ဒါကြောင့် နောက်ကွယ်က လူကို မိဖို့ဆိုတာက အင်မတန်ခက်ခဲတဲ့ အနေထားမှာ ရှိတယ်၊ သူရဲ့ မူးယစ်ဆေးဝါး လမ်ကြောင် စနစ် ကိုယ်တိုင်က ဒီလို ဖြစ်အောင်လုပ်ထားတာ၊

RiA။။ မူးယစ်ဆေးဝါး လုပ်ငန်းတွေမှာရော ရခိုင်ပြည်နယ်ထဲမှာ လက်နက်ကိုင်တွေက ပါဝင်ပတ်သက်နေကြပါလား ရှင်းပြပါဦး။

အချို့လည်း ပါဝင်ပတ်သက်မှုတွေရှိပါတယ်၊ တရားမဝင်လက်နက်ကိုင်တွေရော၊ တရားဝင် လက်နက်ကိုင်တွေရော၊ ဒါတွေကလည်း စောစာက ဆိုခဲ့သလို ငွေရေးကြေးရေးလိုအပ်နေတဲ့သူတွေ၊ ထိလွယ်ရှလွယ်သူတွေ၊ များသောအားဖြင့် အဖွဲ့အစည်းနဲ့လုပ်တဲ့သူတွေပေါ့ ။ ဒီလူတွေကပဲ စည်းရုံးတာတွေ၊ သွေးဆောင်တာတွေ၊ သူတို့အကာကွယ်ရမယ့် နည်းလမ်းတွေ ရှာရင်းနဲ့ ဒီလို ဖြစ်တာပါ၊

RiA။။ ဒါဆို ရခိုင်ဒေသထဲကို မူးယစ်ဆေးဝါး ဝင်ရောက်လာတာက ဘယ်လိုလမ်းကြောင်းကဆိုတာကို အဓိက ယူဆပါလဲ။

ကုန်းလမ်းကြောင်းကနေ ဝင်သလို ရေလမ်းကြောင်းကလည်း ဝင်ပါတယ်။ ပြီးခဲ့တဲ့အခေါက်က ဥသျှစ်ပင်ရဲစခန်းမှာ ဖမ်းမိတဲ့ စိတ်ကြွဆေးပြား ၁၄၉ သိန်းကလည်း ရခိုင်ပြည်နယ်ထဲကို ဝင်လာမှာပဲ ဖြစ်တယ်၊ အဲဒီတောာ့ မကွေးတိုင်းကနေ ဒီဘက်ကို ဖြတ်လာတာရှိတယ်။ ပဲခူးတိုင်းကနေ ဒီဘက်ကို ဖြတ်လာတာရှိတယ်၊ ရန်ကုန်ကနေ တစ်ဆင့် ဒီဘက်ကို တိုက်ရိုက်ဖြတ်တာရှိတယ်၊   ရေလမ်းကြောင်းက သယ်ဆောင်တာတွေက ဖမ်းဆီးဖို့ တော်တော်ခက်ခဲတယ်။ ဒီဘက်က ဆိပ်ကမ်းတွေမှာ တရားဥပဒေစိုးမိုးရေးအတွက် စစ်ဆေးနိုင်တဲ့ အခြေနေတွေက ကုန်လမ်းလောက် စစ်ဆေးနိုင်ဖို့အထိ မစိုးမိုးနိုင်ဘူး ။ အဲဒါကြောင့် ရေကြောင်းရဲတပ်ဖွဲ့တွေ၊ တပ်မတော်ရေကြောင်းတပ်ဖွဲ့တွေ ဖွဲ့စည်းထားပေးမယ့် အလွယ်တကူကပ်နိုင်တဲ့ နေရာတွေက အများကြီးရှိတယ်။ ရခိုင်ပြည်နယ်ဆိုရင် ကုန်လမ်းနဲ့ရေလမ်းက တစ်ဝက်စီလောက်မှာ ကုန်းလမ်းစိုးမိုးနိုင်မှုက အားရကျေနပ်စရာရှိပေမယ့် ရေလမ်းကြောင်း စိုးမိုးနိုင်ဖို့ကြတော့ ကျေနပ်လောက်အောင် ကိုယ်နိုင်ငံရဲ့ အခြေနေက မလုပ်နိုင်ဘူး။

RiA။။ မေယု စစ်ဆင်ရေးမှာရော ဖမ်းဆီးမိတဲ့ သူတွေရဲ့ ကွင်းဆက်ကို ဖော်ထုတ်နိုင်ပါလား

ဖော်ထုတ်နိုင်ပါတယ်၊ မောင်တောမှာ မိတဲ့  အမှုကြီး သုံးခုစလုံးမှာ နောက်ကွယ်က တာဝန်ရှိတဲ့သူတွေ တစ်မှုကဆိုရင် ဘင်္ဂလားကို ပို့ဖို့ပြင်နေတာကို ၊ အိမ်ကပါ ပစ္စည်းတွေ သိုလှောင်တာကို ဖမ်းမိလိုက်တဲ့ ပိုင်ရှင်ကတော့ ထွက်ပြေးတိမ်းရှောင်သွားတယ်၊ ဒီနေ့ အချိန်ထိ ဖော်ထုတ်မရသေးဘူး။

RiA။။ မောင်တောမှာ သက်ဆိုင်ရာ ဝန်ထမ်းအချို့က ပါဝင်ပတ်သက်နေတယ်လို့ သိရပါတယ်၊ ဟုတ်ပါသလား။

၁၉၉၃မူးယစ်ဆေးဝါး ဥပဒေမှာ မည်သူမဆိုလို့ ပါရှိတယ်၊ ဒါကြောင့် ဘယ်အဖွဲ့အစည်းက ပါဝင်သူဘယ်သူပဲ ဖြစ်ဖြစ် ဥပဒေအတိုင်းပဲ ပါဝင်သူတွေကို အရေးယူဆောင်ရွက်နေပါတယ်။ ပါဝင်တယ်ဆိုတာကလည်း သူတို့ရဲ့ ဆင်းရဲမှုတွေ၊ လိုအပ်ချက်တွေ ဒါတွေက ခံစားလာတဲ့အခါကြတော့ ငွေကြေးဖိစီးမှုနဲ့ ပါသွားတာလည်း ဖြစ်တယ်။ ဒါကလည်း ဒီမှာ တာဝန်ထမ်းဆောင်တဲ့သူတွေ အများကြီးထဲကနေ ရာခိုင်နူန်းနည်းနည်းပါးပါးလောက်ပဲ ပါဝင်ပတ်သက်တာရှိတယ်၊ မပတ်သက်တာတွေလည်း အများကြီးပါပဲ။

RiA။။ မေယုစစ်ဆင်ရေးဟာ တားဆီးနှိမ်နင်းရုံသက်သက်ပါလား ခင်ဗျား၊ မူးယစ်ဆေးဝါး ပပျောက်ရေးနဲ့ ပတ်သက်ပြီးတော့ တခြားဘာတွေကို လုပ်ဆောင်သေးပါလဲ။

အသိပညာပေးတဲ့ အပိုင်းတွေလည်း ပါပါတယ်၊ တက္ကသိုလ်တွေနဲ့အခြေခံပညာသင်ကျောင်းတွေမှာပါ ပြုလုပ်ပြီးထား ပြီး ဖြစ်ပါတယ်။ သူနာပြုတက္ကသိုလ်မှာလည်း လုပ်ပြီးပါပြီ။ နေရာထိုင်ခင်း အဆင်ပြေရင် အဆင်ပြေတဲ့ နေရာတွေမှာ လိုက်ပြီး ပညာပေးဟောပြောမှုတွေလုပ်ပါတယ်။ မူးယစ်ဆေးဝါး နဲ့ ပတ်သက်တဲ့ ဗဟုသုတက လူတိုင်းမှာ ရှိနေရင် မိသားစုတွေ ဘဝထဲကို ဒီမူးယစ်ဆေးဝါးက ရောက်လာစရာ အကြောင်း မရှိပါဘူး။ များသောအားဖြင့် ဗဟုသုနည်းတဲ့သူတွေက လုပ်ကိုင်ကြတာကို တွေ့ရတယ်၊ ဒါတွေကို လူတိုင်း၊လူတိုင်း သိရှိနားလည်တယ်ဆိုရင်တော့ ရှောင်တိမ်းနိုင်ဖို့၊ ကာကွယ်နိုင်ဖို့ ဒါတွေက အကုန်လုံး အရေးကြီးပါတယ်။ ဒါကြောင့် မူးယစ်ဆေးဝါး အသိပညာပေးဟောပြောမှုတွေက ဒီထက် ပိုလုပ်သင့်ပါတယ်၊။ ဒါအပြင် မှုးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်းတွေ မြန်မာနိုင်ငံမှာ ဖွဲ့စည်းထားသလို ရခိုင်ပြည်နယ်မှာလည်း မြို့နယ်အဆင့်တွေ၊ ရပ်ကွက်အဆင့်တွေ တျေးရွာတွေမှာ ဖွဲ့စည်းသင့်ပါတယ်။ လူငယ်တွေမှာလည်း အဲဒီလို မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစိတ်တွေ ရှိသင့်တယ်။ အကုန်လုံးက အစိုးရမှာ တာဝန်ရှိတယ်။ တာဝန်ရှိတဲ့ သူတွေကပဲ လုပ်ဆောင်ရမယ်ဆိုတောာ့ မဖြစ်နိုင်ဘူး။

RiA။။ ဒ ါဆို ရခိုင်ပြည်နယ်မှာ ရှိတဲ့ မူးယစ်ဆေးဝါး နိုမ်းနင်းရေးရဲတပ်ဖွဲ့တွေရဲ့ အခြေနေကရော။

ရခိုင်ပြည်နယ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နုင်းရေးက သုံးဖွဲ့ပဲရှိတာ။ အဲဒီအဖွဲ့စည်းတွေမှာလည်း လက်ရှိ ဖွဲ့စည်းပုံအရ အင်အားအများကြီး မပေးနိုင်သေးဘူး။ ဒီတော့ တာဝန်ပေးထားတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ အချိုးချကြည့် လိုက်မယ်ဆိုရင်  ရဲတပ်ဖွဲ့ဝင်တစ်ဦးဟာ လူတစ်သိန်းလောက်ကို စောင့်ကြည့်ရမဲ့ အနေထားရှိတယ်။ ဘယ်လိုမှ လုံလောက်မယ်ဆိုတာ မဖြစ်နိုင်ဘူး။ ဒါကြောင့်လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ရည်မှန်းချက်တာဝန်မှာလည်း မူးယစ်ဆေးဝါးကို အမျိုးသားရေးတာဝန်အဖြစ် သတ်မှတ်ပြီးတော့ ရဲတပ်ဖွဲ့ဝင်တွေအားလုံး လုပ်ဆောင်ရမယ်၊ ဒါပေမယ့် ဒီမှာရှိတဲ့ ရဲတွေ၊နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေကက လုံခြုံရေးကိုယ်စီနဲ့ အလုပ်များကြတယ်၊ ဒါကြောင့် လူမှုအဖွဲ့အစည်းတွေက ပူးပေါင်းပါဝင်မယ်ဆိုရင် ရခိုင်ပြည်နယ်မှာ မူးယစ်ဆေးဝါးက လုံးဝပျောက်သွားမှာပါ ။

RiA။။ ဘင်္ဂလားဒေရှ်နဲ့ နယ်နမိတ်ထိစပ်နေတဲ့ မောင်တောဒေသမှာ စိတ်ကြွဆေးပြားစက်ရုံတွေရှိတယ်လို့ သတင်းထွက်ပေါ်မှုတွေကရော မှန်ပါသလား။

 ဒီမှာ ဖမ်းဆီးရရှိမိတဲ့ မူးယစ်ဆေးဝါး ဖြစ်စဉ်တွေကို ကြည့်လိုက်ရင် စိတ်ကြွဆေးပြားထုတ်လုပ်ဖို့က လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင် ရှိရမယ်။ လက်နက်ကိုင်အဖွဲ့အစည်းတွေက အကာကွယ်ပေးထားတဲ့ အဖွဲ့စည်းတွေရှိရမယ်၊ ပြီးတော့ စိတ်ကြွဆေးပြားထုတ်လုပ်ဖို့အတွက် အခြေခံ ဓါတုပစ္စည်းတွေ၊ စိတ်ကြွဆေးပြားထုတ်လုပ်နိုင်တဲ့ ကျွမ်းကျင်ပညာရှင်တွေ လိုအပ်တယ်။ ဒါကြောင့် ဖမ်းဆီးမှုတွေမှာ ဆေးထုတ်လုပ်ဖို့ ကုန်ကြမ်းတွေကို ဖမ်းဆီးမိတာလည်း မရှိဘူး၊ ဒီလို စွပ်စွဲမှုတွေကိုလည်း သိပါတယ်၊ ဒါကြောင့် တစ်ဖက်က အာရုံစိုက်ပြီးတော့ စုံစမ်းမှုတွေလည်း လုပ်နေပါတယ်။ သို့သော် တစ်ဖက်ကလည်း ဘယ်နေရာ၊ဘယ်ဒေသမှာ လုပ်နေတယ်ဆိုတာကို သတင်းဖလှယ်တာမျိုး မရှိသေးဘူး။ စွပ်စွဲချက်တွေအရတော့ ဒီဘက်ဒေသမှာ တကယ်ထုတ်လုပ်တဲ့သူ ရှိ၊ မရှိလေ့လာနေတုန်းပဲ ဖြစ်ပါတယ်။

RiA။။ ဟုတ်ကဲ့ မေယုစစ်ဆင်ရေးပြီးသွားတဲ့ အခါမှာရော ရခိုင်ပြည်နယ်ရဲ့ မူးယစ်ဆေးဝါး ေလာကက ဘယ်လိုပုံစံမျိုး ဖြစ်လာနိုင်ပါသလဲ။

အခု မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့လူတွေ ဖမ်းဆီးမှုဖြစ်စဉ်အရ မူးယစ်ဆေးဝါးသတင်းတွေကို သူတို့ သိသွားကြတယ်၊ သိသွားကြတဲ့ အတွက်လည်း ဒီလိုရှာဖွေရင် မထင်မှတ်တဲ့ လူတွေကလည်း ဖြစ်သွားနိုင်တယ်၊ သူတို့က ဘယ်လိုလူမျိုးကိုမှ မယုံတော့ဘဲနဲ့ စုံစမ်းစစ်ဆေးစောင့်ကြည့်လာနိုင်တယ်။ အဖွဲ့အစည်းတွေရော၊ လုပ်သားပြည်သူတွေရော ၊ပူးပေါင်းပါဝင်လာနိုင်တယ် ။ ဒီလိုဟာတွေ ရှိလာတယ်ဆိုရင်မူးယစ်ဆေးဝါး ရောင်းတဲ့ သူတွေကလည်း အရင်လို မလွတ်လပ်ကြတော့ဘူး။ ဒါ မူးယစ်ဆေးဝါး စစ်ဆင်ရေးရဲ့ အကျိုးအမြတ်ပါပဲ ။ ဒါအပြင် ကုန်းပိုင်းစိုးမိုးမှုအပြင် ပင်လယ်ပြင်ရေလမ်းကြောင်းတွေကိုပါ စိုးမိုးလာနိုင်ဆိုရင် မူးယစ်ဆေးဝါးလုပ်ငန်းက ပျောက်သွားနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ အိမ်နီးချင်းနိုင်ငံ ငါးနိုင်ငံရှိတဲ့ အထဲမှာ မြန်မာ ဘင်္ဂလားဒေ့ရှ်   အောက်ခြေအဆင့်ဟာ သတင်းပူးပေါင်းပါဝင်မှု အင်မတန်နည်းတယ်။ ဒီဘက်မှာလည်း ဆက်ဆံရေး အရာရှိ ရှိသလို ဟိုဘက်မှာလည်း ရှိသင့်တယ်၊ အောက်ခြေအဆင့် ပူးပေါင်းပါဝင်မှုတွေ ပိုမိုပူးပေါင်းသင့်တယ်လို့ ပြောချင်ပါတယ်။

RiA။။ ဟုတ်ကဲ့တခြားဘာတွေများ ဖြည့်စွတ်ပြောချင်ပါလဲ။

မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ကိစ္စတွေမှာ လူတိုင်း၊လူတိုင်း ပူးပေါင်းပါဝင်ဖို့လိုတယ်။ တိကျတဲ့ သတင်းတွေကို ပေးဖို့လိုတယ်။ ဘယ်သူက ကြီးပွားချမ်းသာလာတာ မြန်တယ်။ ဘယ်အချိန်သွားတယ်၊ ဘယ်နေရာသွားတယ်၊ သိတဲ့သူတွေက တိကျတဲ့သတင်းတွေကို ကျွန်တော်တို့ကို ပေးဖို့လိုပါတယ်။

RiA။။ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly