ကချင်အမျိုးသားညီလာခံကို ကချင်အမျိုးသားအကြိုတွေ့ဆုံပွဲအဖြစ် ခေါင်းစဉ်ပြောင်းလဲ၍ ကျင်းပခွင့်ရ

ကချင်အမျိုးသားညီလာခံကို ကချင်အမျိုးသားအကြိုတွေ့ဆုံပွဲအဖြစ် ခေါင်းစဉ်ပြောင်းလဲ၍ ကျင်းပခွင့်ရ
ဓာတ်ပုံ- ဒေါ်ခေါန်ဂျာ ဖေ့ဘုတ်

ချင်းမိုင်၊ဖေဖော်ဝါရီလ ၁၆  ။            ။ ကချင်အမျိုးသား ညီလာခံကို “ကချင်အမျိုးသား တွေ့ဆုံပွဲ”အဖြစ် ခေါင်းစဉ် ပြောင်းလဲ၍ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မနောကွင်းရှိ မဂျွယ်ခန်းမတွင် ဖေဖောဝါရီလ ၁၆ ရက် ညနေ ၃ နာရီချိန်တွင် ပြန်လည်ကျင်းပခွင့် ပြုလိုက်သည်ဟု သိရသည်။

ကချင်ပြည်နယ်အစိုးရနှင့် ညီလာခံ ဖြစ်မြောက်ရေးကော်မတီတို့ ပြန်လည် ညှိနှိုင်းဆွေးနွေးခဲ့ရာ “ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံအကြို ကချင်အမျိုးသား တွေ့ဆုံပွဲ”အဖြစ် အမည် ပြောင်းလဲလိုက်ပြီး ပြန်လည်ကျင်းပခွင့် ရရှိခဲ့သည်ဟု ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG)မှ ဦးလမိုင်ဂွမ်ဂျာက ပြောသည်။

“ကျွန်တော်တို့ ပေးထားတဲ့ ခေါင်းစဉ်အပေါ် အစိုးရဘက်ကနေ နားလည်မှုလွဲမှားလို့ အခုက ခေါင်းစဉ် ပြောင်းပြီးတော့ ဆက်လုပ်နိုင်ဖို့ ခွင့်ပြုချက် ပြန်ရပြီ။ အစက ညီလာခံကို အခုက အကြို တွေ့ဆုံပွဲလို့ ပြောင်းလဲလိုက်တာ။ အကြိုပြီးမှ ညီလာခံလုပ်ရင် ပိုကောင်းပေါ့”ဟု သူက မဇ္ဈိမကို ပြောသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး၂၁ ရာစုပင်လုံညီလာခံအကြို ဒုတိယအကြိမ် အမျိုးသားအဆင့် ဆွေးနွေးညှိနှိုင်းအစည်းအဝေးအတွက် ကချင်အမျိုးသားညီလာခံ ကျင်းပရန် ကချင်အမျိုးသားများ အတိုင်ပင်ခံအဖွဲ့ (WMR)က ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံးသို့ တင်ပြခဲ့ခြင်း ဖြစ်သည်။

ယနေ့ နံနက် ၉ နာရီတွင် ကချင်အမျိုးသားညီလာခံ စတင်ကျင်းပရန် စီစဉ်ထားသော်လည်း ကိုယ်စားလှယ်များ မနောကွင်းအတွင်း ရောက်ရှိလာစဉ် လုံခြုံရေးရဲတပ်ဖွဲ့က တားမြစ်ခဲ့ခြင်း ဖြစ်သည်။

ဖေဖော်ဝါရီလ ၁၅ ရက်က ကချင်အမျိုးသားညီလာခံကို မနောကွင်းရှိ မဂျွယ်ခန်းမတွင် မပြုလုပ်ရန် နယ်စပ်ရေးရာလုံခြုံရေးက တားမြစ်ခဲ့သဖြင့် ယမန်နေ့ ညပိုင်းထိ WMR မှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူများ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

ကချင်အမျိုးသားများ အတိုင်ပင်ခံအဖွဲ့ (WMR)မှ ဦးဆောင်၍ ဖေဖော်ဝါရီလ ၁၆ ရက်နှင့် ၁၇ ရက်များတွင် ကျင်းပရန် စီစဉ်ခဲ့ရာ နေ့တစ်ဝက်ကျော်ကြာ တားဆီးပိတ်ပင်ခံရသဖြင့် တွေ့ဆုံပွဲ ရက် ထပ်မံ တိုးမြှင့်၊ မတိုးမြှင့်ရေးကို ထပ်မံဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။

ကချင်အမျိုးသား ညီလာခံတွင် လာမည့် ဒုတိယအကြိမ် ၂၁ ရာစုပင်လုံ ညီလာခံသို့ တက်ရောက်မည့် ကချင်လူထု ကိုယ်စားပြု ကိုယ်စားလှယ် ၁၀၀ ကို ရွေးချယ်ခြင်း၊ ညီလာခံတွင် ဆွေးနွေးရမည့် အခန်းကဏ္ဍများကို ကြိုဆင်ပြင်ဆင်ထားခြင်း ပြုလုပ်ကြမည် ဖြစ်သည်။

ကချင်ပြည်နယ်ရှိ ကျေးရွာ၊ မြို့နယ်အသီးသီးမှ ဒေသခံ ကိုယ်စားလှယ်များ၊ ဘာသာရေးဂိုင်းပေါင်းစုံမှ ကိုယ်စားလှယ်များ၊ ကချင်လူထု အခြေပြုအဖွဲ့အစည်းများ၊ ကချင်မျိုးနွယ်စု လူမျိုးပေါင်းစုံမှ ကိုယ်စားလှယ်များ၊ ကချင်စီးပွားရေးလုပ်ငန်းရှင်များ၊ ကချင်ရိုးရာယဉ်ကျေးမှုအဖွဲ့အစည်း၊ လူငယ်များ၊ အမျိုးသမီး အဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်ပေါင်း ၆၀၀ ဖိတ်ကြားထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly