ဘိုင်ယန်နှင့်ပွဲတွင် အာဆင်နယ်အသင်း စိတ်ဓါတ်ပိုင်းဆိုင်ရာပြိုလဲခဲ့သည်ဟု အာစင်ဝင်းဂါးပြော

ဘိုင်ယန်နှင့်ပွဲတွင် အာဆင်နယ်အသင်း စိတ်ဓါတ်ပိုင်းဆိုင်ရာပြိုလဲခဲ့သည်ဟု အာစင်ဝင်းဂါးပြော

ဖေဖော်ဝါရီ ၁၆၊ လန်ဒန်။           ။ ဘိုင်ယန်မြူးနစ်ကွင်းတွင်ကစားခဲ့သည့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ပထမအကျော့ပွဲစဉ်တွင် အာဆင်နယ်အသင်းစိတ်ဓါတ်ပိုင်း ဆိုင်ရာပြိုလဲခဲ့သည်ဟု နည်းပြအာစင်ဝင်းဂါးကပြောဆိုလိုက်သည်။

အာဆင်နယ်အသင်းသည် အလိုင်းယန့်ဇ်အရီနာကွင်းတွင် ပွဲချိန်ဒုတိယပိုင်း၌ ကိုစီရယ်နီဒဏ်ရာကြောင့်ထွက်သွားရပြီးနောက် ပေးခဲ့ရသည့် လေးဂိုးအပါအဝင် ၅-၁ ဂိုးဖြင့် အရေးနိမ့်ခဲ့ရသည်။

ယင်းရလဒ်ကြောင့် အာဆင်နယ်အသင်းသည် ၁၆ သင်းအဆင့်မှ ခုနစ်နှစ်ဆက်လှည့်ပြန်ရမည့်အရေးနှင့် ရင်ဆိုင်နေရသည်။

“အဲဒါက ရှင်းပြရခက်ပါတယ်။ ပထမပိုင်းမပြီးခင်မှာကျွန်တော်တို့ ဂိုးသွင်းနိုင်ဖို့အခွင့်ကောင်းနှစ်ခုရတယ်။ ကျွန်တော်တို့ ပြန်လာနိုင်ခဲ့ပြီး ကောင်းကောင်းကစားနိုင်ခဲ့တယ်။

ဒုတိယပိုင်းမှာ ကိုစီရယ်နီကိုကျွန်တော်တို့ သိပ်ကိုမြန်မြန်ဆန်ဆန်ဆုံးရှုံးခဲ့ရတယ်။ တစ်ဂိုးစီသရေဖြစ်နေချိန်မှာ သူထွက်သွားရ တယ်။ အဲဒီနောက် ကျွန်တော်တို့ပြိုလဲသွားတော့တာပါပဲ။ ဘိုင်ယန်ကလည်း ကျွန်တော်တို့ထက်ပိုကောင်းခဲ့ပါတယ်။

တတိယဂိုးက ကျွန်တော်တို့ကစားသမားတွေကိုသတ်သွားတာလို့ ယူဆပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီနောက်မှာ ကျွန်တော်တို့ဘာမှမတုန့်ပြန်နိုင်တော့ဘူး”ဟု အာစင်ဝင်းဂါးက ပြောသည်။

ပွဲချိန်ပထမပိုင်းတွင် ရော်ဘင်၏ဂိုးကို ဆန်းချက်ဇ်ကပြန်လည်ချေပခဲ့သေးသော်လည်း ဒုတိယပိုင်းတွင် လီဝန်ဒေါစကီးကတစ်ဂိုး၊ အယ်လ်ကန်တာရာက နှစ်ဂိုးနှင့် မူလာက တစ်ဂိုးသွင်းယူပြီး ဘိုင်ယန်မြူးနစ်ကို ဂိုးပြတ်အနိုင်ရစေခဲ့သည်။

ဒုတိယအကျော့တွင် အာဆင်နယ်အသင်းအနိုင်ရပြီးနောက်တစ်ဆင့်တက်နိုင်ရန် အံ့သြဖွယ်ရာအဖြစ်အပျက်များလိုအပ်သည်ဟု လည်း အာစင်ဝင်းဂါးက ဝန်ခံခဲ့သည်။ ပွဲအပြီးတွင် အာစင်ဝင်းဂါးသည် သုံးမိနစ်ပင်မကြာသည့် မေးခွန်းသုံးခုသာဖြေကြားခဲ့သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags