မြစ်ကြီးနား မနောကွင်းတွင် ကချင်အမျိုးသားညီလာခံ ကျင်းပနိုင်ခြင်း မရှိသေး

မြစ်ကြီးနား မနောကွင်းတွင် ကချင်အမျိုးသားညီလာခံ ကျင်းပနိုင်ခြင်း မရှိသေး
ဓာတ်ပုံ-ဘောက်မရန်

ချင်းမိုင်၊ဖေဖော်ဝါရီလ ၁၆  ။         ။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မနောကွင်းရှိ မဂျွယ်ခန်းမတွင် ကချင်အမျိုးသား ညီလာခံကို ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ကျင်းပရန် လုံခြုံရေး ရဲတပ်ဖွဲ့က ပိတ်ပင်တားဆီးထားသဖြင့် နေ့လည်အထိ ကျင်းပနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ယနေ့ နံနက် ၉ နာရီတွင် ညီလာခံ စတင်ရန် စီစဉ်ထားသော်လည်း ပြုလုပ်နိုင်ခြင်း မရှိသေးသလို၊ တက်ရောက်မည့် ကိုယ်စားလှယ်များလည်း မနောကွင်းသို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း လုံခြုံရေး တပ်ဖွဲ့က မနောကွင်းရှိ မဂျွယ်ခန်းမ ရှေ့နှင့် မနောကွင်း အတွင်းအပြင်တွင် တားဆီးထားသောကြောင့် ညီလာခံ ကျင်းပနိုင်ခြင်း မရှိသေးကြောင်း WMR အဖွဲ့မှ အတွင်းရေးမှူး ဦးဂမ်အောင်က ပြောသည်။

“အစည်းအဝေးက မစနိုင်သေးဘူး။ ညီလာခံတက်မဲ့ ကိုယ်စားလှယ်တွေက မနောကွင်းမှာ အပြည့်ရောက်နေပြီ။ ၆၀၀ ကျော်လောက်ရောက်နေပြီ။ ကျနော်တို့ စာတစ်စောင်ထပ်ပို့တယ်။ ဘာကြောင့် ကျွန်တော်တို့ကို လုပ်ခွင့်မပေးတာလဲဆိုတာ ရှင်းလင်းပေးဖို့စာ ကျွန်တော်တို့ ကိုယ်စားလှယ်တွေနဲ့ သွားပို့ရင်း ဝန်ကြီးချုပ်နဲ့ ညှိနှိုင်းဆွေးနွေးနေကြတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

ညီလာခံ ကျင်းပရန်အတွက် အခမ်းအနားအားလုံး စီစဉ်ထားပြီး ဖြစ်သလို၊ အနယ်နယ်အရပ်ရပ်မှ ကချင်ကိုယ်စားလှယ်များလည်း ရောက်ရှိနေပြီဖြစ်၍ ဆက်လက် ကျင်းပနိုင်ရေးအတွက် ယခုချိန်ထိ ပြည်နယ် အစိုးရနှင့် WMR မှ ဖြစ်မြောက်ရေးကော်မတီက သွားရောက် ညှိနှိုင်းနေဆဲ ဖြစ်သည်ဟု သိရသည်။

ကချင်အမျိုးသားများ အတိုင်ပင်ခံအဖွဲ့ (WMR)မှ ဦးဆောင်၍ ဖေဖော်ဝါရီလ ၁၆ ရက်နှင့် ၁၇ ရက်များတွင် ကျင်းပရန် စီစဉ်နေမှုကို နယ်စပ်လုံခြုံရေးဝန်ကြီးမှ ညီလာခံ ကျင်းပခွင့် မပြုကြောင်း ယမန်နေ့က စာထုတ်ပြန်ခဲ့သည်။

ယခု ကျင်းပမည့် ကချင်အမျိုးသား ညီလာခံသည် နိုင်ငံတော်အဆင့်နှင့် သက်ဆိုင်နေသဖြင့် ကချင်ပြည်နယ် အစိုးရမှ ကျင်းပခွင့် ပိတ်ပင်ထားခြင်း ဖြစ်သည်ဟု ပြည်နယ် ရဲတပ်ဖွဲ့မှူးကြီး ထွန်းဦးက သတင်းထောက်များကို ပြောခဲ့သည်ဟု Hkun Aung nlam က တင်ထားသော ဗွီဒီယိုတွင် တွေ့ရှိရသည်။

“ကချင်အမျိုုးသား ညီလာခံ ကျင်းပပါမယ်ဆိုတော့မှ တင်လာပါတယ်။ တင်တင်ချင်းမှာပဲ ဒါကတော့ ကျယ်ပြန့်တယ်လေ။ ဒါကတော့ နိုင်ငံတော်အဆင့်နဲ့ဆိုင်တဲ့ ခေါင်းစဉ်တွေ ဖြစ်တဲ့အတွက် ချက်ချင်း တင်ပြတဲ့အခါမှာ ကချင်ပြည်နယ်အစိုးရကနေပြီးတော့မှ ဒီကွင်းထဲမှာ လုပ်ခွင့်မပေးပါဘူး။ မပေးရတဲ့ အကြောင်းအရင်းခိုင်ခိုင်မာမာကိုတော့ အစိုးရက ကျွန်တော့ထက် ပိုပြည့်ပြည့်စုံစုံ သိမှာပါ”ဟု သတင်းထောက်များအား ပြောခဲ့သည်။

ကချင်အမျိုးသား ညီလာခံတွင် လာမည့် ဒုတိယအကြိမ် ၂၁ ရာစုပင်လုံ ညီလာခံသို့ တက်ရောက်မည့် ကချင်လူထု ကိုယ်စားပြု ကိုယ်စားလှယ် ၁၀၀ ကို ရွေးချယ်ခြင်း၊ ညီလာခံတွင် ဆွေးနွေးရမည့် အခန်းကဏ္ဍများကို ကြိုဆင်ပြင်ဆင်ထားခြင်း ပြုလုပ်ကြမည် ဖြစ်ကြောင်း သိရသည်။

ကချင်လူထုအတွင်းရှိ ကျေးရွာ၊ မြို့နယ်အသီးသီးမှ ဒေသခံ ကိုယ်စားလှယ်များ၊ ဘာသာရေးဂိုင်းပေါင်းစုံမှ ကိုယ်စားလှယ်များ၊ ကချင်လူထု အခြေပြုအဖွဲ့အစည်းများ၊ ကချင်တိုင်းရင်းသား လူမျိုးပေါင်းစုံမှ ကိုယ်စားလှယ်များ၊ ကချင်စီးပွားရေးလုပ်ငန်းရှင်များ၊ ကချင်ရိုးရာယဉ်ကျေးမှု၊ လူငယ်များ၊ အမျိုးသမီး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်ပေါင်း ၆၀၀ ခန့်ကို ဖိတ်ကြားထားခြင်း ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly