ခရိုင်းမီးယားဒေသကို ယူကရိန်းထံသို့ ပြန်ပေးမည် မဟုတ်ဟု ရုရှ ပြော

ခရိုင်းမီးယားဒေသကို ယူကရိန်းထံသို့ ပြန်ပေးမည် မဟုတ်ဟု ရုရှ ပြော

ဖေဖော်ဝါရီ ၁၆ ။          ။ ခရိုင်းမီးယားဒေသကို ယူကရိန်းသို့ ပြန်လည်လွှဲပြောင်း ပေးအပ်သွားမည် မဟုတ်ကြောင်း ရုရှ အစိုးရက ဖေဖော်ဝါရီ ၁၅ ရက်က ထုတ်ဖော်ပြောကြားလိုက်သည်။ အဆိုပါကိစ္စနှင့် စပ်လျင်း၍ မည်သည့်နိုင်ငံခြား တိုင်းပြည်များနှင့်မှ ဆွေးနွေးမည် မဟုတ်ကြောင်းလည်း ရုရှတို့က ပြောသွားသည်။

သိမ်းယူခံထားရသည့် ယင်းဒေသကို ရုရှတို့ ပြန်ပေးလိမ့်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မျှော်လင့်နေကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ပြီး များမကြာမီ ရုရှတို့က အထက်ပါအတိုင်း တုန့်ပြန်လိုက်ခြင်း ဖြစ်သည်။

အဆိုပါ ခရိုင်းမီးယားဒေသရှိ ဒေသခံအများစုမှာ ရုရှအစိတ်အပိုင်းဒေသ ဖြစ်လာရေးအတွက် ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်က လူထုဆန္ဒခံယူပွဲကျင်းပကာ  တစ်ခဲနက် မဲပေးထားပြီးဖြစ်ကြောင်း မော်စကို အစိုးရက ပြောသည်။

သို့သော် ယင်းကျွန်းဆွယ်ဒေသကို ရုရှတပ်များ တရားမဝင် ဝင်ရောက်သိမ်းယူပြီးနောက် ယင်းကျင်းပထားသော ဆန္ဒခံယူပွဲမှာ အတုအယောင် လုပ်ရပ်သာဖြစ်ကြောင်းနှင့် မော်စကိုအနေဖြင့် ယင်းဒေသကို မိမိတို့လက်သို့ ပြန်ပေးသင့်ကြောင်း ယူကရိန်းအစိုးရက ပြောဆိုသည်။

" ကျွန်တော်တို့ နယ်မြေကို ပြန်ပေးမှာမဟုတ်ပါဘူး၊ ခရိုင်းမီးယားဆိုတာက ရုရှဖက်ဒရေးရှင်းပိုင် နယ်မြေတစ်ခုပါ" ဟု ရုရှ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် မာရီယာ ဇာခါရိုဗာက ပြောဆိုသွားသည်။

၂၀၁၄ ခုနှစ်က ဖြစ်ခဲ့သော ယင်းခရိုင်းမီးယား ကျူးကျော်သိမ်းပိုက်မှု ဖြစ်စဉ်ကြောင့် အမေရိကန်နှင့် ဥရောပသမဂ္ဂတို့က ရုရှအပေါ် အရေးယူဒဏ်ခတ်ခဲ့ကြပြီး ယင်းအချိန်မှစ၍ အနောက်အုပ်စုနှင့် ရုရှတို့အကြား ဆက်ဆံရေးမှာ စစ်အေးခေတ်နောက်ပိုင်း အဆိုးဝါးဆုံးအခြေအနေသို့ ပြန်လည်ဆိုက်ရောက်ခဲ့ရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags