ပတ်စပို့ ရောင်းစားနေခြင်း မရှိဟု ဗင််နီဇွဲလား နိုင်ငံခြားရေးဝန်ကြီး ငြင်းဆန်

ပတ်စပို့ ရောင်းစားနေခြင်း မရှိဟု ဗင််နီဇွဲလား နိုင်ငံခြားရေးဝန်ကြီး ငြင်းဆန်

CNN သတင်းဌာနက ဖော်ပြခဲ့တဲ့ အရှေ့အလယ်ပိုင်းတိုင်းပြည်တွေက နိုင်ငံသားတွေအတွက် ဗင်နီဇွဲလားပတ်စပို့တွေ ရောင်းစားနေတယ်ဆိုတဲ့ သတင်းဟာ လုံးလုံးမုသား အလိမ်အညာ သတင်းဖြစ်ကြောင်း ဗင်နီဇွဲလားနိုင်ငံခြားရေးဝန်ကြီး ဒယ်စီရိုဒရီဂတ်စ်က ငြင်းဆန်လိုက်ပြီး သတင်းကိုပြောပြတဲ့ မီဆီရာလိုပက်ဇ်ဆိုသူဟာ ရာဇဝတ်ကျုးလွန်သူဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

“CNN en Espanol ရုပ်သံသတင်းဌာနက ကျွန်မတို့ တိုင်းပြည်ကို စိတ်ဓာတ်စစ်ဆင်ရေးတွေ၊ စစ်ဝါဒဖြန့်မှုတွေ လုပ်ဆောင်နေတယ်။ ဒီရုပ်သံဌာနရဲ့ အစီအစဉ်တိုင်းက အလိမ်အညာတွေပဲ   ဖြစ်တယ်။”လို့ အမေရိကန်သတင်းဌာနက တင်ဆက်သွားတဲ့ သတင်းနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲလုပ်ရာမှာ နိုင်ငံခြားရေးဝန်ကြီး ရိုဒရီဂတ်စ်က ပြောပါတယ်။

အမေရိကန်ရဲ့ စစ်ရေး၊ နိုင်ငံရေးအေဂျင်စီတွေရဲ့ အရိပ်အောက်မှာ ရှိနေတယ်လို့လည်း CNN သတင်းဌာနကို ၎င်းက စွပ်စွဲလိုက်ပါတယ်။ အကြမ်းဖက်ဝါဒကို အားဖြည့်ကူညီဖို့ ပတ်စပို့တွေ   မှောင်ခိုရောင်းဝယ်နေရာမှာ ဗင်နီဇွဲလားအစိုးရ ငြိစွန်းပါဝင်နေတယ်လို့ ဖော်ပြဖို့ ကြိုးစားလာတဲ့ CNN ရဲ့ သတင်းဟာ အလွန်တရာဆိုးဝါးတယ်လို့လည်း ၎င်းက ပြောပါတယ်။

ခုသတင်းကို တင်ဆက်တဲ့ ဂျာနယ်လစ်ဟာလည်း ရိုးသားမှု ဂုဏ်သိက္ခာ ကင်းမဲ့သူဖြစ်တယ်လို့လည်း ရိုဒရီဂတ်စ်က ပြောပါတယ်။ ဒါအပြင် သတင်းရင်းမြစ်ဖြစ်တဲ့ အီရတ်က ဗင်နီဇွဲလားသံရုံးမှာ ၂၀၁၃ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ တရားရေးအကြံပေးအဖြစ် တာဝန်ထမ်းခဲ့သူ မီဆီရာလိုပက်ဇ်ဟာလည်း ရာဇဝတ်မှု ကျုးလွန်လိုက်သူပဲဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။

မီဆီရာလိုပက်ဇ်ဟာ အမေရိကန်ထောက်လှမ်းရေးကွန်ရက်မှာ ပါဝင်နေတဲ့ စပိုင်အေဂျင့်တစ်ဦးဖြစ်ပြီး ဗင်နီဇွဲလားအာဏာပိုင်တွေက စောင့်ကြည့်နေခဲ့ရသူဖြစ်ကြောင်း၊ အီရတ်မှာရှိတဲ့ Cairo Amman Bank ကနေ သံအမတ်ကြီးရဲ့အချက်အလက်တွေကို သုံးပြီး အကောင့်ထဲက ငွေထုတ်ယူဖို့ ကြိုးစားခဲ့ဖူးသူလည်းဖြစ်ကြောင်း ရိုဒရီဂတ်စ်က ပြောခဲ့ပါတယ်။

ဘဏ်က စစ်ဆေးပေါ်ပေါက်လို့ ဗင်နီဇွဲလားသံရုံးကို သတိပေးအကြောင်းကြားခဲ့ရကြောင်း၊ သံရုံးက ဗင်နီဇွဲလားအာဏာပိုင်တွေထံ လိုပက်ဇ်ရဲ့ ဓာတ်ပုံနဲ့အတူ ဖြစ်ရပ်ကို သတင်းတင်ပြခဲ့ကြောင်း ၎င်းက ဆိုပါတယ်။

ဒါအပြင် လိုပက်ဇ်ဟာ အီရတ်မှာ လိင်အနှောင့်အယှက်ပေးမှုနဲ့ အမှုဆိုင်နေရသူလည်းဖြစ်တယ်လို့ ဆိုပါတယ်။ အီရတ်က ဗင်နီဇွဲလားသံရုံးမှာ စကားပြန်အမျိုးသမီးဖြစ်သူကို လိင်ပိုင်းဆိုင်ရာ အနှောင့်အယှက်ပေးခဲ့သူဖြစ်ကြောင်း ရိုဒရီဂတ်စ်က ဖြည့်စွက်ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags