ကင်ဂျုံးနမ်းရဲ့ ရုပ်အလောင်းအား မြောက်ကိုရီးယားတောင်းယူ

ကင်ဂျုံးနမ်းရဲ့ ရုပ်အလောင်းအား မြောက်ကိုရီးယားတောင်းယူ

ပြုံယမ်း၊ ဖေဖော်ဝါရီ ၁၆ ။              ။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအွန်ရဲ့ ဖအေတူမအေကွဲ အစ်ကို ကင်ဂျုံးနမ်း ဖြစ်ဖွယ်ရှိတယ် ယူဆထားတဲ့ လုပ်ကြံခံရတဲ့ ရုပ်အလောင်းကို မလေးရှားက ပို့ဆောင်ပေးအပ်ရန် မြောက်ကိုရီးယားက တောင်းထားပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက်က ကွာလာလမ်ပူလေဆိပ်မှာ ကင်ဂျုံးနမ်းဟာ လေယာဉ်စောင့်နေချိန် အဆိပ်ခတ်လုပ်ကြံခံရတယ်လို့ ယူဆထားကြပါတယ်။

သေမှုသေခင်းအရ မလေးရှားအာဏာပိုင်တွေက အလောင်းခွဲစိတ်ဖို့ လုပ်ဆောင်နေတာကို မြောက်ကိုရီးယားဖက်က တောက်လျှောက် ကန့်ကွက်နေခဲ့တာပါ။

ကင်ဂျုံးနမ်း အသတ်ခံရတာနဲ့ ပတ်သက်ပြီး မလေးရှားရဲက အမျိုးသမီးတစ်ဦးကို ဖမ်းဆီးထားပေမယ့် နောက်ထပ်သံသယရှိသူတစ်ဦးနောက် လိုက်လံရှာဖွေနေဆဲလည်းဖြစ်ပါတယ်။

ကင်ဂျုံးနမ်းအလောင်း ခွဲစိတ်နေတဲ့ ဆေးရုံဆီ ဖေဖော်ဝါရီ ၁၅ ရက်က  မြောက်ကိုရီးယားကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်ပြီး အလောင်းကို ပေးအပ်ဖို့ တောင်းဆိုခဲ့တယ်လို့ သတင်းများအရ သိရပါတယ်။

ခရီးသွားမှတ်တမ်းအရ ကင်ချောင်လို့ ဆိုထားတဲ့ အခုသေဆုံးသူဟာ ကင်ဂျုံးနမ်း ဟုတ်မဟုတ်ကို မလေးရှားနိုင်ငံက တရားဝင်အတည်ပြုသေးခြင်း မရှိပါဘူး။

အလောင်းပေးအပ်ဖို့ မြောက်ကိုရီးယားရဲ့ တောင်းဆိုမှုကို မလေးရှားဖက်က ခေါင်းညိတ်သေးခြင်း မရှိပါဘူး။ “မလေးရှားနိုင်ငံက ဘယ်လိုဖိအားကိုမှ လက်မခံဘဲ လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက် လုပ်ဆောင်သွားမယ်လို့ ပြောထားပါတယ်။”လို့ သတင်းရင်းမြစ်တစ်ရပ်က ရိုက်တာသတင်းဌာနထံ ပြောခဲ့ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly