မည်သည့်ကစားသမားကိုမဆို ၀ယ်ယူနိုင်စွမ်း ရှိသည်ဆိုခြင်းအား အာစင်ဝင်းဂါး ငြင်းဆို

မည်သည့်ကစားသမားကိုမဆို ၀ယ်ယူနိုင်စွမ်း ရှိသည်ဆိုခြင်းအား အာစင်ဝင်းဂါး ငြင်းဆို

ဇူလိုင် ၂၅၊ လန်ဒန် ။       ။ အာဆင်နယ်အသင်း အနေဖြင့် ကမ္ဘာပေါ်ရှိ မည်သည့် ကစားသမားကိုမဆို ဝယ်ယူနိုင်စွမ်းရှိသည် ဆိုခြင်းအား အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ငြင်းဆိုလိုက်သည်။

အာဆင်နယ်အသင်း၏ ကလပ်ဒါရိုက်တာ လော့ဒ်ဟားရစ်က အမ်းမရိတ်ကွင်းကြီး တည်ဆောက်အပြီးနှစ်ပတ်လည် ပြီးနောက် တွင်အသင်း၏ဘဏ္ဍာငွေမှာတောင့်တင်းလာကာ ဘဏ်ထဲတွင် ပေါင်သန်း ၂၀၀ လောက်ရှိသည့်အတွက် ကမ္ဘာပေါ်ရှိမည်သည့် ကစားသမားကိုမဆို ဝယ်ယူနိုင်စွမ်းရှိသည်ဟု ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဟားရစ်ပြောသည့်အထဲတွင် မက်ဆီနှင့် စီရော်နယ်ဒိုတို့ကို ဝယ်ယူနိုင်သည်ဟုပင် ပါရှိသေးသည်။ ၎င်းမှ ထိုကဲ့သို့ပြောဆို လိုက်ခြင်းကြောင့် အာဆင်နယ်အသင်းအနေဖြင့် ဘန်ဇီမာ၊ ပေါ့ဂ်ဘာနှင့် ကာဟေးလ်တို့ကို ခေါ်ယူမည်ဆိုသည့် သတင်းများ လည်း ထွက်ပေါ်လာခဲ့သည်။

ထို့ကြောင့် အာစင်ဝင်းဂါးက 'ဟားရစ်က ဘုတ်အဖွဲ့ရဲ့အပေါ်ကို ရောက်နေပါတယ်။ ဒါက မမှန်ကန်ပါဘူး။ ကျွန်တော်တို့ဟာ အခြေအနေတစ်ခုအတွင်းမှာ ရှိနေတာပါ။ အလုပ်ကို ကြိုးကြိုးစားစားလုပ်ကိုင်နေတာကြောင့် အခွင့်အရေးတွေက ရောက်လာပါ လိမ့်မယ်။

ကျွန်တော်တို့မှာ ခိုင်မာတောင့်တင်းတဲ့အခြေအနေနဲ့ အင်အားတောင့်တင်းတဲ့ အသင်းတစ်သင်းရှိလို့ ပျော်ပါတယ်။ အသင်းရဲ့ ဘဏ္ဍာရေး တောင့်တင်းနေတာက ကောင်းမွန်တဲ့အချက်ပါ။ ဒါကြောင့် ကစားသမားတွေအနေနဲ့ ဘောလုံးကို အာရုံစိုက်ကစားနိုင် ပါတယ်။ အရည်အသွေးမြင့်တဲ့ ကစားသမားတွေလည်း ရောက်လာနိုင်ပါတယ်။ ဒါပေမဲ့ အလွန်များပြားတဲ့ ပြောင်းရွှေ့ကြေး နဲ့ခေါ်ယူမှုမျိုးတော့ မဟုတ်ပါဘူး။ ရှာဖွေရပါလိ့မ်မယ်' ဟု ပြောသည်။

ထို့နောက်တွင် အာစင်ဝင်းဂါးက အသင်းရှိ ဂိုးသွင်းအားနည်းနေသည့် ကစားသမားများအနေဖြင့် ပိုမိုဂိုးသွင်းနိုင်ဖို့ ကြိုးစားကြရန် တိုက်တွန်းခဲ့သည်။

'လုံလောက်တဲ့ ဂိုးအရေအတွက် ရရှိဖို့ အသင်းမှာ အင်အားရှိပြီးသားလို့ ထင်ပါတယ်။ အချို့ကစားသမားတွေအနေနဲ့ ဒီထက်ဂိုး ပိုသွင်းဖို့ လိုအပ်ပါတယ်။ တိုက်စစ်မှူးတွေကိုပဲ ပြောတာ မဟုတ်ပါဘူး။ နေရာစုံက ကစားသမားတွေ ဂိုးသွင်းတာက အာဆင်နယ် အသင်းရဲ့ ရိုးရာအစဉ်အလာ အင်အားပါပဲ။

ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က အသင်းရဲ့ဂိုးအရေအတွက် ပိုမိုမြင့်တက်လာဖို့ပါပဲ။ ဒါပေမယ့် ဂိုးတွေ ၉၀၊ ၁၀၀လောက်သွင်းပြီး ချန်ပီယံမဖြစ်ခဲ့တဲ့ အသင်းတွေကို တွေ့ကြဖူးမှာပါ။ ဒါကြောင့် ကောင်းမွန်တဲ့ ခံစစ်နဲ့ တိုက်စစ်ကို မျှတအောင် ပြုလုပ်သွားမှာပါ' ဟု အာစင်ဝင်းဂါးက ပြောသည်။

အာဆင်နယ်အသင်းသည် ယခုရာသီတွင် ချယ်လ်ဆီးဂိုးသမားပီတာချက်ကိုသာ ခေါ်ယူထားသေးပြီး ကစားသမားများ ထပ်မံခေါ် ယူဦးမည်ဟု သတင်းများထွက်ပေါ်နေသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly