ဦးကိုနီအား လုပ်ကြံသတ်ဖြတ်ရန် ငွေပေးခိုင်းစေသူ အောင်ဝင်းခိုင်၏ ပုံသဏ္ဍာန်

ဦးကိုနီအား လုပ်ကြံသတ်ဖြတ်ရန် ငွေပေးခိုင်းစေသူ အောင်ဝင်းခိုင်၏ ပုံသဏ္ဍာန်
လေဆိပ်ရှိ CCTV မှတ်တမ်းများအရ သမ္မတရုံးက ထုတ်ပြန်ထားသော ထွက်ပြေးလွတ်မြောက်နေသူ တရားခံ အောင်ဝင်းခိုင်
 

နေပြည်တော်(ဖေဖော်ဝါရီ ၁၅ရက်၊ ၂၀၁၇ခုနှစ်)။ ။ ဇန်နဝါရီ ၂၉ရက်က ရန်ကုန်လေဆိပ်တွင် NLD ၏ ဥပဒေအကြံပေး ဦးကိုနီအား သေနတ်ဖြင့် အနီးကပ် ပစ်ခတ်မှု ဖြစ်စဉ်တွင် ဖမ်းဆီးရမိထားသူများကို စစ်ဆေးဖော်ထုတ်ချက်အရ လုပ်ကြံသတ်ဖြတ်ရန် ငွေပေးစေခိုင်းသူ၏ ပုံသဏ္ဍာန်မှာ နဖူးပြောင်ပြီး ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်၊ ဝါဆိုရပ်ကွက်၊ မဏ္ဍိုင်လမ်းတွင် နေထိုင်သူ အသက် ၄၅နှစ်အရွယ် အောင်ဝင်းခိုင်ပင် ဖြစ်သည်။

နဖူးတွင် အမာရွတ်ရှိပြီး ရှပ်အင်္ကျီအဖြူ လက်ရှည်၊ ပုဆိုး ဝတ်ဆင်ထားသူ အောင်ဝင်းခိုင်သည် ဦးကိုနီ လုပ်ကြံခံရမှုမတိုင်ခင် နာရီပိုင်းအလိုတွင် ရန်ကုန်လေဆိပ်သို့ Harrier အမျိုးအစား(အနက်ရောင်)၊ ယာဉ်အမှတ် 9C-6725 ဖြင့် ကိုယ်တိုင်မောင်းနှင်လာသူလည်း ဖြစ်သည်။

ထွက်ပြေးလွတ်မြောက်လျက်ရှိသော အောင်ဝင်းခိုင်အား တပ်မတော်နှင့် ရဲတပ်ဖွဲ့က ပူးပေါင်းဖော်ထုတ်လျက်ရှိပြီး ၎င်း၏ ပုံပန်းသဏ္ဍာန်အား နိုင်ငံတော်သမ္မတရုံးက ဖေဖော်ဝါရီ ၁၅ရက်၊ ညနေပိုင်းတွင် စီစီတီဗီ(CCTV)မှတ်တမ်းနှင့်တကွ သတင်းထုတ်ပြန်လိုက်ခြင်းပင် ဖြစ်သည်။

ထို့အပြင် အောင်ဝင်းခိုင်သည် ဦးကိုနီ လုပ်ကြံမှုဖြစ်စဉ်တွင် ပူးပေါင်းပါဝင်ခဲ့သူ အောင်ဝင်းဇော်(ရဲတပ်ဖွဲ့က ဖမ်းဆီးရမိထားသူ)၏ ညီတော်စပ်သူဖြစ်ကာ ငွေကျပ်သိန်း(၁၀၀၀)ပေးမည်ပြောပြီး ဦးကိုနီအား သတ်ဖြတ်ရန် စေခိုင်းခဲ့သူတစ်ဦးဖြစ်သည်။

ဦးကိုနီအား လုပ်ကြံမည့်သူကို ရှာဖွေရာ ၂၀၁၆၊ ဩဂုတ် - စက်တင်ဘာလခန့်တွင် ကြည်လင်းရောက်လာပြီး အလုပ်တောင်းခဲ့ကြောင်း၊ ဦးကိုနီအား သတ်ပေးမည်ဆိုလျှင် ငွေကျပ် သိန်း(၈၀၀)၊ (၁၀၀၀)ခန့် ပေးမည်ဟု ကမ်းလှမ်းခဲ့ရာ ကြည်လင်းက မော်တော်ကားတစ်စီး ဝယ်ပေးလျှင် ရပြီဟု ပြောခဲ့ကြောင်း၊ အောင်ဝင်းခိုင်ထံမှ ရရှိမည့် သိန်း(၁၀၀၀)အနက် ကြည်လင်းအား သိန်း(၈၀၀)ခန့် ပေးမည်ဖြစ်ပြီး ကျန်ရှိသည့် သိန်း(၂၀၀)အား လိုအပ်သည့်နေရာတွင် အသုံးချရန် ချန်ထားမည်ဖြစ်ကြောင်း၊ ယင်းနောက် ၂၀၁၆ခုနှစ်၊ အောက်တိုဘာလခန့်တွင် ကရင်ပြည်နယ်မှ ၉မမ ပစ္စတို(၁)လက်နှင့် ၎င်းကျည်(၁၁)တောင့်ကို ငွေကျပ်(၂၅)သိန်းဖြင့် လည်းကောင်း၊ (၅)လုံးပြူးသေနတ် (၁)လက်နှင့် ၎င်းကျည်(၄)တောင့်ကို ငွေကျပ်(၂၅)သိန်းဖြင့် လည်းကောင်း ဝယ်ယူခဲ့ကြောင်း အောင်ဝင်းဇော်အား စစ်ဆေးဖော်ထုတ်ချက်အရ သမ္မတရုံးက ထုတ်ပြန်ထားသည်။

ဦးကိုနီအား လုပ်ကြံသတ်ဖြတ်သည့် ဇန်နဝါရီ ၂၉ရက်တွင် အောင်ဝင်းခိုင်က နံနက်(၉)နာရီအချိန်တွင် အစ်ကိုဖြစ်သူ အောင်ဝင်းဇော်ထံ တယ်လီဖုန်းဖြင့် (၂)ကြိမ် ဆက်သွယ်၍ လေဆိပ်သို့ ဦးစွာသွားနှင့်မည်ဟု ပြောခဲ့ကြောင်း၊ နေ့လည်(၁)နာရီတွင် အောင်ဝင်းဇော်က ကြည်လင်းထံ ဆက်သွယ်၍ အငှားယာဉ်ဖြင့် လာရောက်ရန် ပြောကြားပြီး ၎င်းလည်း လေဆိပ်သို့ သွားရောက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လေဆိပ်တွင် အောင်ဝင်းခိုင်က ဦးကိုနီ ထွက်လာမည့် ဂိတ်ပေါက်မှာ “ရိုးရိုးခရီးသည် ဆိုက်ရောက် ဂိတ်ပေါက်မှ ထွက်မည်၊ CCTV သတိထား၊ ဖုန်းမဆက်တော့နဲ့၊ Message အားလုံး ဖျက်လိုက်တော့” ဟု အောင်ဝင်းဇော်ထံ တယ်လီဖုန်း မက်ဆေ့ချ်(Message) ပေးပို့ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းနောက် ကြည်လင်းက ဦးကိုနီအား သေနတ်ဖြင့် အနီးကပ် ပစ်ခတ်ခဲ့ပြီး ပြည်သူများနှင့် ရဲတပ်ဖွဲ့၏ ဝိုင်းဝန်းဖမ်းဆီးမှုကြောင့် ကြည်လင်း အဖမ်းခံရပြီးနောက် မော်တော်ယာဉ်ဖြင့် ထွက်ပြေးရာခဲ့ရာ လမ်းခရီးတွင် အောင်ဝင်းဇော်လည်း ဖမ်းဆီးခံရခြင်းဖြစ်သည်။

လေဆိပ် CCTV မှတ်တမ်းများအရ အောင်ဝင်းခိုင်သည် လေယာဉ်ဆိုက်ရောက်မည့်အချိန်ကို စုံစမ်းမေးမြန်းခဲ့သေးသည်။ ထို့ပြင် ထွက်ပြေးလွတ်မြောက်နေသော အောင်ဝင်းခိုင်သည် တပ်မတော်တွင် ဒုတိယဗိုလ်မှူးကြီးအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၂၀၁၄ခုနှစ်တွင် ၎င်း၏ သဘောဆန္ဒဖြင့် နှုတ်ထွက်ခဲ့သူဖြစ်သည်ဟု သမ္မတရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အင်ဒိုနီးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် ဦးကိုနီအား ကြည်လင်းက သေနတ်ဖြင့် အနီးကပ် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဦးကိုနီမှာ ဖြစ်စဉ်နေရာတွင်ပင် ဇန်နဝါရီ ၂၉ရက်၊ ညနေ ၅နာရီတွင် သေဆုံးခဲ့ရသည်။

ယင်းအပြင် ဦးကိုနီအား လုပ်ကြံသတ်ဖြတ်ပြီးနောက် ထွက်ပြေးခဲ့သည့် သေနတ်သမားအား လိုက်လံဖမ်းဆီးခဲ့သည့် လေဆိပ်ရှိ အငှားယာဉ်မောင်းများအနက် အငှားယာဉ်မောင်းတစ်ဦးဖြစ်သူ အသက်(၄၈)နှစ်အရွယ် ဦးနေဝင်းမှာလည်း သေနတ်သမားက ပြန်လည်ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly