ကချင်ပြည်နယ် ရှုခင်းတွေ အသားပေးရိုက်ထားတဲ့ L ဆိုင်းဇီရဲ့ အစွဲလမ်းကြီးသူ DVD

ကချင်ပြည်နယ် ရှုခင်းတွေ အသားပေးရိုက်ထားတဲ့ L ဆိုင်းဇီရဲ့ အစွဲလမ်းကြီးသူ DVD

L ဆိုင်းဇီရဲ့ အစွဲလမ်းကြီးသူ CD ကို 2016 ခုနှစ် ဇန်နဝါရီလအတွင်းက ထွက်ရှိထားပြီးတော့ အခုလာမယ့် ၂၃ ရက်နေ့မှာဆိုရင် အစွဲလမ်းကြီးသူ အခွေထဲကသီချင်းတွေကို DVD အဖြစ် ပရိသတ်တွေလက်ထဲထည့်ပေးတော့မှာပါ။ ဒီအခွေထဲမှာ L ဆိုင်းဇီရဲ့ ဆိုနေကျ ပုံစံမဟုတ်တဲ့ ပုံစံလေးတွေကိုနားဆင်ရမှာပါ။ ကချင်လူမျိုးဖြစ်တဲ့အတွက် ကချင်ပြည်နယ်ကရှုခင်းတွေကို အသားပေးရိုက်ထားတယ်လို့ L ဆိုင်းဇီက ဒီကနေ့ ရန်ကုန်မြို့ Orchid Hotel မှာ ပြုလုပ်တဲ့ စာနယ်ဇင်းမိတ်ဆက်ပွဲမှာ ပြောခဲ့ပါတယ်။

“ကျွန်မက ကချင်ဖြစ်တဲ့အတွက် ကျွန်မတို့မြစ်ကြီးနားမြို့မှာ မြစ်ကြီးနားမြစ်ဆုံဘက်တွေ၊ ပြီးတော့ မြစ်ကြီးနားက တကယ့်စတုန်ရေတံခွန်ဘက်တွေမှာ သွားရိုက်ထားတယ်။ ပြီးရင် ငွေဆောင်ဘက်ကို သွားရိုက်ထားတယ်။ နောက် မန္တလေး မျိုးစုံပေါ့။ အစတုန်းက နာဂ တောင် ပါသေးတယ်။ နာဂမှာ ရိုက်ထားတဲ့ဟာလေးတွေက နည်းနည်းအဆင်မပြေလို့ ဒီအခွေထဲမှာတော့မထည့်ဘူး၊ နောက်အခွေမှာထည့်ပါမယ်” လို့ L ဆိုင်းဇီက ပြောပါတယ်။

သီချင်းတွေကိုတော့ တေးရေး မြင့်မိုးအောင် ၊ စောခူဆဲ ၊ ဇဝါ Lဆိုင်းဇီ ကိုယ်တိုင်နဲ့ တခြားတေးရေးဆရာတွေက ရေးဖွဲ့ထားပါတယ်။ ဆရာစောခူဆဲကတော့ ဒီအခွေထဲက သီချင်းနှစ်ပုဒ်ကို ရေးပေးထားပါတယ်။

“သီချင်းတစ်ပုဒ်ကအမြန် တစ်ပုဒ်ကအနှေး၊ အကြောင်းအရာကတော့ အချစ်အကြောင်းပဲ၊ တစ်ပုဒ်ကတော့လက်တင်ပုံစံမျိုးပဲ ဆိုနေကျပုံစံမျိုးပဲ၊ နောက်တစ်ပုဒ်ကတော့ Pop Slow ပုံစံမျိုးလေးပါ”လို့ တေးရေးစောခူဆဲက ပြောပါတယ်။

ဒီအခွေကို ၂၀၁၃ ခုနှစ်တည်းက စီစဉ်နေတာဖြစ်ပြီး Lဆိုင်းဇီကိုယ်တိုင်အပြင် နာမည်ကြီး သရုပ်ဆောင်တွေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ Lဆိုင်းဇီရဲ့ အစွဲလမ်းကြီးသူ DVD ကို The Sun Music Production ကနေ တန်ဖိုးငွေ ၂၅၀၀ကျပ်နဲ့ ဖြန့်ချိပေးမှာဖြစ်ပါပြီး လက်ရှိမှာတော့ L ဆိုင်းဇီက ရှိုးပွဲတွေဆိုနေပြီး အဆိုပြိုင်ပွဲတစ်ခုမှာလည်း ဒိုင်အဖြစ် ဆောင်ရွက်နေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly