မြစ်ကြီးနားမှ လူငယ် ၅ ဦး တရုတ်သို့ အလုပ်လုပ်ရန် ခေါ်သွားရာမှ ၃ လကျော်ကြာ ပျောက်ဆုံးနေ

မြစ်ကြီးနားမှ လူငယ် ၅ ဦး တရုတ်သို့ အလုပ်လုပ်ရန် ခေါ်သွားရာမှ ၃ လကျော်ကြာ ပျောက်ဆုံးနေ

ချင်းမိုင်၊ဖေဖော်ဝါရီလ ၁၅  ။         ။ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရွှေစက်ရပ်ကွက်မှ လူငယ် ၅ ဦး တရုတ်နိုင်ငံသို့ အလုပ်လုပ်ရန် ခေါ်သွားရာမှ ယနေ့ထိ အဆက်အသွယ် မရတော့ဘဲပျောက်ဆုံးနေသဖြင့် စိုးရိမ်နေရကြောင်း ပျောက်ဆုံးနေသူများ၏ မိသားစုဝင်များက ပြောသည်။

ပျောက်ဆုံးနေသည် လူငယ်များမှာ အသက် ၂၀ နှစ်ပတ်ဝန်းကျင်ရှိပြီး မောင်ဇော်ဂရန်(Zau Krang)၊ မောင်ဇော်ခေါင်(Zau Hkawng)၊ မောင်တူးဂျာ(Tu Ja)၊ မောင်ဇင်ကိုဦး(Zin Ko Oo) နှင့် မောင်ငွားဇာဒွေး(Ngwa Zar Dwe)တို့  ၅ ဦးဖြစ်ကြောင်း သိရသည်။

သူတို့ ၅ ဦးကို တစ်ရပ်ကွက်သား ဆိုင်းအောင်ဆိုသူက တရုတ်နိုင်ငံ၊ ကွန်းတုံမြို့တွင် အလုပ်လုပ်ပါက တစ်လလျှင် ၇ သိန်း၊ ၈ သိန်း ရသည်ဟု ဆိုကာ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့က တရုတ်နိုင်ငံသို့ ခေါ်ဆောင်သွားရာမှ ယနေ့ထိ အဆက်အသွယ်မရတော့ခြင်း ဖြစ်သည်ဟု မောင်ဇော်ဂရန်၏ ဖခင် ဦးတူခေါင်က ပြောသည်။

“မနှစ်က အောက်တိုဘာမှာ ကွန်းတုံမှာ အလုပ်လုပ်လို့ ရတယ်ဆိုပြီး ဗန်းမော် လမ်းကနေ ကလေးတွေကို ခေါ်သွားတာ။ နှစ်ပတ်လောက်မှာ ဖုန်းပြန်ဆက်သွယ်လို့ ရတယ်။ အဲဒီနောက် ၃၊ ၄လရှိလာပြီ။ လုံးဝ အဆက်အသွယ်မရတော့ စိုးရိမ်လို့ ထွယ်ရုံးကို အကူအညီ တောင်းထားပါတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

ပျောက်ဆုံးနေသူများ၏ မိသားစုက အဆိုပါ လူငယ် ၅ ဦးနှင့် ပတ်သက်၍ ခေါ်ဆောင်သွားသည့် မောင်ဆိုင်းအောင်အား တရုတ်ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ မောင်ဆိုင်းအောင်က သူတို့အား ကိုဇော်ဘောက်ဆိုသည့် ကုမ္မဏီ ကိုယ်စားလှယ်ကို လွဲအပ်လိုက်ကြောင်း အစောပိုင်းက ပြောဆိုခဲ့ပြီး နောက်ပိုင်းတွင် ဂရန်နော်ဆန့်ဆိုသူက အဆိုပါ ပျောက်ဆုံးလူငယ်များကို အလုပ်ရှာဖွေပေးခဲ့သည်ဟု ပြန်လည်ပြောဆိုခဲ့သည်ဟု မောင်ဇော်ကရန်၏ မိခင်ကလည်း ဆက်လက် ပြောဆိုသည်။

“ဆိုင်းအောင်က ဒီဇင်ဘာလမှာတစ်ခါပြန်တော့ ကလေးတွေကို ဆက်သွယ်လို့ မရဘူးလို့ ကျွန်မတို့ မေးတော့ သူက ဖမ်းဆီးခံထားရတယ်ဆိုတာ မပြောဘူး။ လိမ်ခဲ့တယ်။ Wifi မလွှင့်ပေးလို့၊ သူတို့ ဖုန်း ပိုက်ဆံမထည့်လို့ ဆိုပြီး ပြန်ပြောတယ်။ တကယ်တော့ ဖမ်းဆီးခံရတယ်ဆိုတာ သူသိပြီ။ ဒါကို မပြောပြဘူး။ အခုမှ ဒီဖေဖော်ဝါရီလ အခုတလောမှ တရုတ်ကုမ္မဏီသူဌေးရဲ့ ဖုန်းနံပါတ်နဲ့ နာမည် ပေးလာတယ်။ ဖမ်းဆီးခံရလားဆိုတာ သေချာလားဆိုတာ မသိလို့ ကျွန်မတို့ အရမ်းစိုးရိမ်နေရတာပါ”ဟု သူက ပြောသည်။

ထိုအထဲတွင် မောင်ဇော်ကရန်နှင့် မောင်တူးဂျာတို့သည် လာမည့်မေလတွင် အဝေးသင်ဒုတိယနှစ် တက်ရောက်တော့မည်ဖြစ်၍ အမြန်ဆုံးတွေ့ဆုံနိုင်ရန်အတွက် အမျိုးသမီးအရေးဆောင်ရွက်နေသည့် အဖွဲ့ကို သွားရောက်အကူအညီတောင်းခံခဲ့သည်ဟု သူက ပြောသည်။

သူတို့ ထွက်ခွာသွားပြီးနောက် ၂ ပတ်ခန့်အကြာတွင် သူတို့ မိသားစုနှင့် ဆက်သွယ်မှု ရရှိခဲ့သော်လည်း ယင်းနောက်ပိုင်း မိသားစုနှင့် အဆက်အသွယ် ပြတ်သွားခဲ့သဖြင့် စိုးရိမ် ပူပန်နေရသည်ဟု မောင်ဇော်ခေါင်၏ အဒေါ်ဖြစ်သူ ဒေါ်လုအောန်က ပြောသည်။

“သူတို့သွားပြီး နှစ်ပတ်လောက်မှာ ဖုန်းဆက်လာတာ ဖုန်းကုမ္ဗဏီမှာ အလုပ်လုပ်နေတယ်လို့ ပြောတယ်။ နောက်တော့ ဘာမှ မဆက်လာတော့ဘူး။ သူတို့ကို ခေါ်သွားတဲ့ ဆိုင်းအောင်က ဒီဇင်ဘာလမှာ တစ်ခါပြန်လာတယ်။ လူခေါ်ပြီး ပြန်သွားတယ်။ နောက်ပိုင်းတော့ နိုဝင်ဘာလမှာတောင် ဖမ်းဆီးခံရပြီဆိုပြီး သတင်းပြန်ရတယ်။ အဲဒါကြောင့် ဘယ်လိုလုပ်ရမယ် ဆိုတာ မသိလို့ စီတာပူက ထွယ်ရုံးကို သွားပြောပြတာ။ သူတို့ အခုဘယ်မှာဆိုတာ မသိဘူး။ ကျွန်မတို့အရမ်း စိုးရိမ်တယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

၃ လကျော်ကြာ ပျောက်ဆုံးနေသူများ၏ မိသားစုများက မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ အမျိုးသားအရေးဆောင်ရွက်နေသော Htoi gender and Development ရုံးသို့ သွားရောက် အကူအညီတောင်းခဲ့ခြင်း ဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။

ထို့ကြောင့် အထက်ပါ အကြောင်းအရာများနှင့် ပတ်သက်၍ Htoi gender and Development မှ တရုတ်-မြန်မာနယ်စပ်ရှိ လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်း လုပ်ဆောင်နေသူများမှတဆင့် စုံစမ်းမေးမြန်းပေးရန် အကူအညီတောင်းခံထားသလို၊ တရုတ်နိုင်ငံသို့ ခေါ်ဆောင်သွားသည့် ဆိုင်းအောင်ဆိုသူကိုလည်း အမှုဖွင့်ရန် စီစဉ်နေသည်ဟု သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly