ဒိုမီနီကန်၌ ရေဒီယိုသတင်းစာဆရာနှစ်ဦး သတင်းထုတ်လွှင့်နေစဉ် သေနတ်ဖြင့် ပစ်သတ်ခံရ

ဒိုမီနီကန်၌ ရေဒီယိုသတင်းစာဆရာနှစ်ဦး သတင်းထုတ်လွှင့်နေစဉ် သေနတ်ဖြင့် ပစ်သတ်ခံရ
 

ဒိုမီနီကန်ရီပတ်ဘလစ်တွင် သတင်းစာဆရာနှစ်ဦးသည် ရေဒီယိုသတင်းထုတ်လွှင့်နေစဉ်၌ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရပြီး အဆိုပါအမှုနှင့်ပတ်သက်၍ လူသုံးဦးကို ဖမ်းဆီးထားသည်။

သေဆုံးခဲ့သော သတင်းစာဆရာနှစ်ဦးအနက်မှ တစ်ဦးသည် သေနတ်ဖြင့်အပစ်ခံခဲ့ရချိန်တွင် သူ၏ဖေ့စ်ဘွတ်ခ်၌ တိုက်ရိုက်ဗွီဒီယို ထုတ်လွှင့်နေခဲ့သည်။

ဗီဒီယိုမှတ်တမ်းအရ သူ၏တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်ကို သေနတ်ပစ်ခတ်မှုက ကြားဖြတ်ဝင်ရောက်လာခဲ့ပြီး ထိတ်လန့်တုန်လှုပ်နေသောအမျိုးသမီးတစ်ဦးကလည်း “ပစ်ပြီ ပစ်ပြီ” ဟု အော်ဟစ်နေခဲ့သည်။

ရဲများက သေနတ်ပစ်ခတ်မှုသည် နိုင်ငံ၏မြို့တော် ဆန်တိုဒိုမင်ဂိုအရှေ့ပိုင်းရှိ ဆန်ပီဒရိုဒီမာကိုရစ်၌ အင်္ဂါနေ့တွင် ဖြစ်ပွားခဲ့သည်ဟု ပြောခဲ့သည်။

အသတ်ခံခဲ့ရသော သတင်းစာဆရာနှစ်ဦးမှာ သတင်းတင်ဆက်သူ လူးဝစ်မန်နျူရယ်မီဒီနာနှင့် ရေဒီယိုသတင်း ထုတ်လုပ်သူ လီယိုမာတီနက်ဇ်တို့ ဖြစ်ကြသည်။

သေနတ်ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးလည်း ဒဏ်ရာရရှိခဲ့ပြီး ခွဲစိတ်မှုခံယူနေရကြောင်း ဒေသအာဏာပိုင် များက ပြောခဲ့သည်။

ဖမ်းဆီးထားသောလူများကို စွဲချက်မတင်ရသေးကြောင်းနှင့် မည့်သည့်ရည်ရွယ်ချက်ကြောင့် ပစ်ခတ်ခဲ့သည်ကိုလည်း မသိရှိရသေးကြောင်း ရဲများက ပြောခဲ့သည်။

“စုံစမ်းစစ်ဆေးမှုတွေကို စတင်ပြုလုပ်နေပြီး အမှန်တရားအတွက် ကျွန်တော်တို့ အစွမ်းရှိသလောက် အကုန်ကြိုးစား မှာပါ” ဟု ရှေ့နေချုပ်ဖြစ်သူ ဂျင်းရိုဒရီဂွတ်ဇ် က ဒေသတွင်းသတင်းစာများသို့ ပြောခဲ့သည်။

လွန်ခဲ့သော ၂၀၁၅ခုနှစ် သြဂုတ်လတွင်လည်း အမေရိကန်ရှိ ဗာဂျီးနီးယားပြည်နယ်တွင် သတင်းစာဆရာနှစ်ဦး သည် တိုက်ရိုက်ရုပ်သံသတင်း တင်ဆက်နေစဉ်တွင် ပစ်သတ်ခံခဲ့ရသည်။

Ref: BBC

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly