ကြားဖြတ်ရွေးကောက်ပွဲ မဲစာရင်းလာကြည့်သူ ၁၀ ရာခိုင်နူန်းအောက်သာရှိ

ကြားဖြတ်ရွေးကောက်ပွဲ မဲစာရင်းလာကြည့်သူ ၁၀ ရာခိုင်နူန်းအောက်သာရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅ ။         ။ ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်း လာရောက်ကြည့်ရှု့သည့်ဦးရေမှာ မဲဆန္ဒရှင်စုစုပေါင်း၏ ၁၀ ရာခိုင်နူန်းအောက်သာရှိသည်ဟု ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့ရုံးမှ အတွင်းရေးမှူး ဗိုလ်ကြီးတင်ဝင်း (ငြိမ်း) က ပြောဆိုလိုက်သည်။

“ ရန်ကုန်တိုင်းမှာ မဲဆန္ဒရှင် ၉သိန်း ၉ သောင်းကျော်လောက် ရှိပါတယ်။ အဲ့ထဲမှာ ၁၃ ရက်ထိ လာရောက်ကြည့်ရှု့သူ ၇သောင်းကျော်ရှိပါတယ်။ ရာခိုင်နှုန်းအားဖြင့် ၇.၀၇ ရာခိုင်နှုန်းလောက်တော့ လာကြည့်ပါတယ်။ မဲဆန္ဒရှင်ဦးရေနဲ့ ကြည့်ရှု့သူနဲ့ ယှဉ်ကြည့်လိုက်ရင်တော့ ဒါ လာရောက်ကြည့်ရှု့တဲ့သူ နည်းပါးတယ်လို့တော့ ယူဆရတာပေါ့ “ ဟု ၎င်းက ပြောဆိုသည်။

မဲဆန္ဒရှင်စာရင်းလာရောက်ကြည့်ရှု့သူနည်းပါးရခြင်းမှာ ပြည်သူများ မဲစာရင်းအပေါ် စိတ်ဝင်စားမှုနည်းပါးခြင်းကြောင့်မဟုတ်ဘဲ လူတစ်ဦးတည်းမှ မိသားစုလိုက်နှင့် ပတ်ဝန်းကျင်အိမ်တွေအတွက်ပါ ကြည့်ရှု့သွားခြင်းမျိုးလည်း ဖြစ်နိုင်ကြောင်း ဗိုလ်ကြီးတင်ဝင်း (ငြိမ်း) က ဆက်လက်ပြောဆိုသည်။

“ ဒါကြည့်ရှု့မှုနည်းပါးတယ်။ ကိန်းဂဏန်းအရ ဆိုရင်တော့ နည်းပါးတယ်လို့ ယူဆရပါတယ်” ဟု သူက ပြောသည်။

မဲစာရင်းလာရောက် ကြည့်ရှု့သူ ၇ ရာခိုင်နူန်းကျော်မှ လာရောက်ကြည့်ရှု့ပြီး မိမိနာမည်မပါဝင်သဖြင့် မဲစာရင်းတွင် အမည်စာရင်းထည့်သွင်းပေးရန် ပုံစံ ၃ ဖြင့်တောင်းဆိုသူ ၃၈၀၀ ကျော်၊ မဲစာရင်းတွင် မပါသင့်သူများ ပါဝင်နေသဖြင့် ပုံစံ ၄ ဖြင့်ကန့်ကွက်သူ ၄၅၆ ဦးရှိပြီး မဲစာရင်းတွင် အချက်အလက်များ မှားယွင်းနေသဖြင့် ပုံစံ (၄-ဂ) ဖြင့် ပြင်ဆင်ရန် တင်သွင်းသူ ၁၉၃၅ ဦးရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး၊  ရွေးကောက်ပွဲ ကော်မရှင်ရုံးခွဲ အချက်အလက်များအရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် လှိုင်သာယာမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ ဒဂုံမြို့နယ် (ဆိပ်ကမ်း)မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် စုစုပေါင်း ၄နေရာနှင့် ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၆) တို့တွင် ကိုယ်စားလှယ်များ ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly