ဗြိတိန် နိုင်ငံသားနှစ်ဦး အသတ်ခံရမှု အတွက် ဖမ်းဆီးခံထားရသောမြန်မာနှစ်ဦး၏ DNA ထပ်မံ စစ်ဆေးရန် ခွင့်ပြု

ဗြိတိန် နိုင်ငံသားနှစ်ဦး အသတ်ခံရမှု အတွက် ဖမ်းဆီးခံထားရသောမြန်မာနှစ်ဦး၏ DNA ထပ်မံ စစ်ဆေးရန် ခွင့်ပြု

ချင်းမိုင် ၊ ဇူလိုင် ၂၅ ။       ။ ထိုင်းနိုင်ငံတောင်ပိုင်းတွင်  ဗြိတိန်နိုင်ငံသား ခရီးသွား လူငယ်နှစ်ဦး အသတ်ခံရမှုဖြင့် ဖမ်းဆီးခံထား ရသော မြန်မာရွှေ့ပြောင်း လုပ်သားနှစ်ဦး၏ အမှုနှင့်ပတ်သက်၍ မျိုးဗီဇ DNA ထပ်မံ စစ်ဆေးရန် ဇူလိုင်  ၂၄ ရက်တွင် တရားရုံး က ခွင့်ပြုလိုက်သည်ဟု ရှေ့နေ ဦးရွှေမျိုးသန့်က ပြောသည်။

၎င်းက “တရားရုံးက ပြောတာကတော့ ဒီအန်အေကို ပြန်လည် စိစစ်ဖို့ ခွင့်ပြုလိုက်ပြီ။ အဲတော့ စာပို့ပြီးတော့ စစ်မယ် ဆိုတဲ့အခါ မှာ တရားခံအဖွဲ့ကို အကြောင်းကြားမယ်လို့ ပြောတယ်။ မနေ့က စစ်တဲ့လူ ထွက်ဆိုတာက ဒီအန်အေတွေဟာ သူ့ဆီ ထိန်းသိမ်း ထားတယ်လို့ ပြောထားတယ်။ သို့သော် ဒီအန်အေက တစ်နှစ်နဲ့ နှစ်နှစ်ကြားမှာဘဲ သက်တမ်းရှိတာမလို့ သက်တမ်းကုန်တာ လည်း ဖြစ်သွားနိုင်တယ်ဆိုပြီး ပြောတယ်”ဟု  မဇ္ဈိမကို ပြောသည်။  

မျိုးဗီဇ စစ်ဆေးရန်အတွက် တရားခံ၏ ရှေ့နေများဘက်မှ သေဆုံးသူနှစ်စီဦးကို ပေါက်သတ်ခဲ့သော ပေါက်တူးကို အဓိက ထားစစ်ဆေးမည် ဖြစ်ပြီး တခြား စစ်ဆေးခွင့်ရသည့် ကွန်ဒွမ်များကိုလည်း ထပ်မံ စစ်ဆေးသွားမည် ဖြစ်ကြောင်း သူကပြော သည်။

“ပေါက်တူးမှာ အားစိုက်ခွန်စိုက်သတ်တဲ့လူက ပေါက်တူးမှာ လက်ဗွေရာ မတွေ့ဖူးဆိုတာက ဒါက တော်တော်ကို ထူးခြားတဲ့ အချက်ဘဲ”ဟု သူက ပြောသည်။

ယမန်နေ့ ဇူလိုင်လ ၂၃ ရက်က တရားလိုပြ သက်သေများ ထွက်ဆိုချက်တွင် ပေါက်တူးတွင် တရားခံများဟု စွတ်စွဲခံထား ရသူ နှစ်ဦး၏ လက်ဗွေ တွေ့ရှိခြင်း မရှိသလို၊ ပေါက်သတ်ခဲ့သော တရားခံ၏ လက်ဗွေကိုလည်း တွေ့ရှိခြင်း မရှိခဲ့ကြောင်း ထွက်ဆိုခဲ့သည်ဟု သိရသည်။

ဇူလိုင်လ ၂၄ ရက်တွင် အမှုစစ်ဆေးခဲ့သော ဗိုလ်မှူးအဆင့်ရှိ မူခင်းဌာနမှ သေဆုံးသူနှစ်ဦး၏ အလောင်းရှိ ဒဏ်ရာများကို စစ်ဆေး ခဲ့သော ရဲမှူးဆရာဝန် နှစ်ဦးကို စစ်ဆေးမေးမြန်းခဲ့ခြင်း ဖြစ်သည်။

ဇူလိုင် ၈ ရက်မှ ၂၄ ရက်ထိ  တရားလိုပြ သက်သေ ၁၃ ဦးကို စစ်ဆေးမှုတွင် ကွဲလွဲမှုများ ရှိနေပြီး မြန်မာရွှေ့ ပြောင်းလုပ်သားများ ကျူးလွန်ကြောင်း သက်သေအထောက်အထားများ မတွေ့ရသေးကြောင်း ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

လာမည့် သြဂုတ်လ ၁၈၊ ၁၉၊ ၂၀၊ ၂၁ ရက်များတွင် လေးရက်ကြာ တရားလိုပြ သက်သေများကို ပြန်လည် စစ်ဆေးသွား မည်ဖြစ်ကြောင်း သိရသည်။

ဗြိတိန်သျှလူမျိုး ခရီးသည် အသက် ၂၃ နှစ်အရွယ် ဟန်နာ ဝီသာရစ် (Hannah Witheridge )နှင့် ၂၄ နှစ်အရွယ် ဒေးဗစ်မေလာ (David Miller) တို့ သတ်ဖြတ်ခံခဲ့ရမှုဖြင့် ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်က မြန်မာလုပ်သား ကိုဇော်လင်းနှင့် ကိုဝင်းဇော် ထွန်းတို့ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီး၍ လူသတ်မှု၊ အဓမ္မကျင့်မှုတို့ အပါအဝင် အမှုပေါင်း ၇ မှုဖြင့် တရားစွဲဆို ထားခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly