"လေရှီးမြို့နယ်တွင် ကူကီးလူမျိုးများ၏ နှစ် ၁၀၀ ပြည့် နယ်ချဲ့တော်လှန်ရေးနေ့ အခမ်းအနား ကျင်းပမည်"

"လေရှီးမြို့နယ်တွင် ကူကီးလူမျိုးများ၏ နှစ် ၁၀၀ ပြည့် နယ်ချဲ့တော်လှန်ရေးနေ့ အခမ်းအနား ကျင်းပမည်"
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ စေတီကျေးရွာတွင် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအတွက် ကူကီးအရပ်ဘက် လူမှုအဖွဲ့အစည်းများတွေ့ဆုံပွဲအပြီး ကူကီးလူမျိုးများကို တွေ့ရစဉ်။ (ဓာတ်ပုံ၊SYCB)

မန္တလေး၊ဖေဖော်ဝါရီ ၁၅ ။           ။ စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်တွင် ကူကီးလူမျိုးများ နယ်ချဲ့အင်္ဂလိပ်ကို စတင်တော်လှန်ခဲ့သည့်နေ့ နှစ် ၁၀၀ ပြည့်အခမ်းအနားကို မတ်လ ၅ ရက်နေ့တွင် ပြုလုပ်သွားမည်ဟု ကူကီးရေးရာကောင်စီ၊ ဥက္ကဋ္ဌ ဦးထန်ဆေးက မဇ္ဈိမကို ပြောသည်။

"ကျွန်တော်တို့ ကူကီးလူမျိုးတွေလည်း နယ်ချဲ့ကို တော်လှန်ခဲ့တယ်ဆိုတာ အားလုံးသိစေချင်တယ်။ ပြီးတော့ လက်ရှိအစိုးရအနေနဲ့လည်း ကူကီးလူမျိုးတွေရဲ့ ဒီနေ့ကို သမိုင်းမှာ ချန်မထားစေချင်ဘူး။ သမိုင်းမှာ သတ်မှတ်ပေးစေချင်တယ်"ဟု ဦးထန်ဆေးက ပြောသည်။

ဌာနေ ကူကီးလူမျိုးများသည် အင်္ဂလိပ်နယ်ချဲ့များကို နာဂတောင်တန်းတစ်လျှောက်နှင့် ချင်းတွင်း မြစ်ရိုးတစ်လျှောက်တွင် တိုက်ထုတ်ခဲ့သည်။ ထိုသို့ တိုက်ခိုက်ခဲ့သည့် သမိုင်းအထောက်အထားများလည်း ရှိသည်ဟု ဦးထန်ဆေးက ဆိုသည်။

"ကျွန်တော်တို့ ကူကီးလူမျိုးခေါင်းဆောင်တွေ နယ်ချဲ့ကိုတိုက်ဖို့ ကတိပြုခဲ့တဲ့ မတ်လ ၅ ရက်နေ့ဟာ အခုနှစ် မတ်လ ၅ ရက်မှာ နှစ်၁၀၀ ပြည့်ပါတယ်။ တော်လှန်ခဲ့တဲ့ သမိုင်းအထောက်အထားတွေ ရှိပါတယ်"ဟု ပြောသည်။

ကူကီးလူမျိုးများ၏ နယ်ချဲ့တော်လှန်ရေး နှစ် ၁၀၀ ပြည့်အခမ်းအနား ကျင်းပနိုင်ရန်အတွက် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ကျင်းပရေးကော်မတီဖွဲ့စည်းခဲ့ပြီး အဆိုပါ နှစ် ၁၀၀ ပြည့်အခမ်းအနားသို့   မြန်မာနိုင်ငံအနှံ့အပြားတွင်နေထိုင်သည့် ကူကီးလူမျိုးများ တက်ရောက်ကြမည်ဟု ဦးထန်ဆေးက ဆိုသည်။

ကူကီလူမျိုးများသည် နယ်ချဲ့ကို ၁၉၁၇ ခုနှစ်မှ ၁၉၁၉ ခုနှစ်အထိ တော်လှန်ခဲ့ကြောင်း သိရသည်။ လက်ရှိတွင် ကူကီးလူမျိုးအများစုသည် တမူးမြို့၊ ခန္တီးမြို့၊ ဟုမ္မလင်းမြို့နှင့် လေရှီးမြို့တို့တွင်   နေထိုင်လျှက်ရှိကြောင်း ဦးထန်ဆေးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly