နမ္မတူမြို့ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေးနဲ့တွေ့ဆုံမေးမြန်းခြင်း

By မဇ္ဈိမ
15 February 2017
နမ္မတူမြို့ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေးနဲ့တွေ့ဆုံမေးမြန်းခြင်း

မဇ္ဈိမအနေနဲ့ နမ္မတူမြို့ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေးနဲ့ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

မြန်မာပြည်ငြိမ်းချမ်းရေးအတွက် ဘာတွေ ပြင်ဆင်သင့်သလဲ၊ ဆိုတာတွေ ရှမ်းပြည်နယ်အတွင်း မိုင်းထောင်တဲ့ကိစ္စတွေအပါအဝင် လက်နက်ကိုင်အဖွဲ့နဲ့ အစိုးရကြားက သဘောထားတာတွေကို မေးမြန်းဆွေးနွေးထားပါတယ်။

ဆရာမ မင်္ဂလာပါ။ ဟုတ်ကဲ့ပါ မထမဦးဆုံး မြန်မာပြည်ငြိမ်းချမ်းရေးအတွက် ဆရာမရဲ့ မျှော်လင့်ချက်က ဘာတွေလဲဆိုတာကို သိပါရစေ။

ငြိမ်းချမ်းရေးဆိုတဲ့ စကားလုံးက အရမ်းကျယ်ပြန့်တယ်လေ။ တကယ့် မြေပြင်မှာ ဘဝတွေ အသက်တွေ သေပြီးတော့ ငြိမ်းချမ်းရေးကို ယူရတာ။ ဒါပေမယ့် အဲဒီ လက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့ အိမ်မက်တို့ မျှော်လင့်ချက်တို့ဆိုတာကျတော့ အရင်းအနှီး စိုက်ထုတ်ရတာမဟုတ်ဘူးလေ။ အရင်းအနှီး စိုက်ထုတ်ရတာမဟုတ်ဘူးဆိုတော့ ကျွန်မမျှော်လင့်ချက်တွေ ပြောရမယ်ဆိုရင်တော့ အနှိုင်းမရှိ ပျော်ရွှင်မှုနဲ့ ငြိမ်းချမ်းရေးကို ရချင်တယ်။

ဟုတ်ကဲ့ပါ။ နောက်တစ်ခုကတော့ ဆရာမရဲ့ ပြည်နယ်ကိုရော ဘယ်လိုမျိုး ဖြစ်စေချင်သလဲ။

ကျွန်မပြည်နယ်ကို စစ်နဲ့ပတ်သက်တဲ့ ပဋိပက္ခတွေ တိုက်ပွဲတွေ စစ်နဲ့ပတ်သက်လို့ လူ့အခွင့်အရေး ချိုးဖောက်တာတွေ နောက်ပြီးတော့ လူမျိုးရေးနဲ့ ပတ်သက်ပြီးတော့ ဖိနှိပ်ချုပ်ချယ်တာတွေ အဲဒါအားလုံးကို ကင်းစေချင်တယ်။

 ပြီးတော့ ပညာရေး ကျန်းမာရေး နောက် ကျွန်မတို့ပြည်သူတွေရဲ့ အခြေခံလိုအပ်ချက် အခြေခံလိုအပ်ချက်ဆိုတာက ဒီမှာ ရိုးသားစွာ နေတတ်တဲ့သူတစ်ယောက်ကို ငွေတွေပုံပေးပြီးတော့ သူ့ရဲ့ သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးမယ်ဆိုရင်လည်း သူ့ရဲ့ တကယ့်ဘဝ အခြေခံလိုအပ်ချက် မဟုတ်ဘူးလေ။ အဲလို အခြေခံလိုအပ်ချက်တွေနဲ့ ပြီးပြည့်စုံတဲ့ ပြည်နယ်ဖြစ်ရမယ် ပြီးတော့ ဖိနှိပ်ချုပ်ခြယ်မှု မရှိပဲနဲ့ လွတ်လပ်စွာ ပြည်သူတွေရဲ့စိတ်ကြိုက် ရွေးချယ ်ပြီး ခန့်အပ်တဲ့အုပ်ချုပ်မှုကို ကျွန်မ ရချင်တယ်။ ပြီးတော့ ကျွန်မတို့ပြည်နယ်ကို ကိုယ်ပိုင်ပြဌာန်းခွင့် ရှိတဲ့ ပြည်နယ်ဖြစ်ချင်တယ်။

ဟုတ်ကဲ့ပါ။ နောက်တစ်ခုမေးချင်တာက ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဘယ်လိုအရာတွေက အကြိးမားဆုံး စိန်ခေါ်မှုတွေ ဖြစ်နေပါသလဲဆရာမ။

ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အကြီးမားဆုံး စိန်ခေါ်မှုကတော့ နိုင်ငံတစ်ခုရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပဲဖြစ်တယ်။ လတ်တလောအခြေအနေနဲ့ မကိုက်ညီတဲ့ နိုင်ငံတော်ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျွန်မတို့က ပြင်ရမယ်။

မြန်မာနိုင်ငံမှာ ဖက်ဒရယ်ပြည်ထောင်စုတစ်ခု တည်ထောင်ဖို့အတွက် ဆရာမအနေနဲ့ ဘယ်လောက်ထိ မျှော်လင့်ထားပါသလဲ။

မျှော်လင့်ချက်ဆိုတာက ကျွန်မကတော့ အများကြီး မျှော်လင့်ထားတယ်။ ဒါပေမယ့် ကျွန်မတို့နိုင်ငံက စစ်အာဏာရှင်စနစ်နဲ့ ဖိနှိပ်ချုပ်ချယ်ခံထားရတဲ့အတွက်ကြောင့် ကျွန်မတို့မျှော်လင့်သလောက် ဖြစ်လာမှာမဟုတ်ဘူး။ ပြီးတော့ ကျွန်မတို့နိုင်ငံမှာက တိုင်းရင်းသားတွေ အကုန်စုံလင်တဲ့အတွက်ကြောင့် အခုလောလောဆယ်မှာတော့ လက်နက်ကိုင်တွေ အဲဒီလက်နက်ကိုင်တွေက NCA လက်မှတ်ထိုးထားတယ်။ ငြိမ်းချမ်းရေးဆွေးနွေးတဲ့အချိန်မှာ တိုက်ပွဲမဖြစ်ရဘူးဆိုပေမယ့် တကယ့်နိုင်ငံတကာမှာကြတော့ ဘယ်လောက်ပဲ ငြိမ်းချမ်းရေးဆွေးနွေးနေပါစေ အပစ်အခတ်ဆိုတာတော့ ရှိတာပဲ။ ဒါပေမယ့် အဲဒီရှိတဲ့ အပစ်အခတ်ဆိုတာက ကိုယ်ကလိုက်ပြီးတော့ တိုက်စစ်ဆင်တာမဟုတ်ပဲနဲ့ ကိုယ့်ကို ကာကွယ်မှုပေးတဲ့ ပစ်ခတ်မှုမျိုး အဲလိုမျိုးဆိုရင်တော့ လက်နက်ကိုင်တွေမှာ အချင်းချင်း ယုံကြည်မှုကို တည်ဆောက်နိုင်လိမ့်မယ်။ အဲလို ယုံကြည်မှု တည်ဆောက်နိုင်ပြီဆိုလို့ရှိရင် ကျွန်မတို့ ဘုံသဘောတူညီချက်ကို ကျွန်မတို့က အချိန်အကြာကြီးမဆွဲပဲနဲ့ ရှာနိုင်မှာပေါ့နော်။ အဲလိုမျိုးလေးတော့ ရှိတယ်။

နောက်တစ်ခုက ငြိမ်းချမ်းရေးမှာဆိုလို့ရှိရင် သုံးလိုက်တဲ့စကားလုံးတွေက အားလုံးပါဝင်ဖို့ဆိုတဲ့ စကားလုံးကို ဝိုင်းသုံးကြတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ ပါဝင်လာနိုင်အောင် သဘောထားကြီးဖို့လိုတယ်။ အခုလုပ်သွားတဲ့ ၂၁ ရာစု ငြိမ်းချမ်းရေးညီလာခံမှာ ဆိုလို့ရှိရင်လည်း တစ်ဖက်ကို ဖိနှိပ်ပြီးမှ တစ်ဖက်ကို ထင်ပေါ်အောင်လုပ်နေတာမျိုးတွေ အဲလိုမျိုးတွေ ရှိနေတယ်။ အဲလိုမျိုးတွေလည်း မလုပ်သင့်ဘူးပေါ့နော်။ ကျွန်မတို့ အဲဒီအချက်တွေ ရှောင်နိုင်မယ်ဆိုရင်တော့ ကျွန်မတို့လိုချင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ရမယ်လို့ ထင်ပါတယ်။

ဟုတ်ကဲ့ပါ။ နောက်တစ်ခုကတော့ ငြိမ်းချမ်းရေးတည်ဆောက်မှုမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍပေါ့ ဆရာမရဲ့ အမြင်လေးကိုလည်း သိချင်ပါတယ်။

ဖြစ်တည်မှုတစ်ခုမှာဆိုရင်တော့ အမျိုးသမီးနဲ့အမျိုးသားက အမြဲတမ်း ယှဉ်တွဲရမှာလည်း ယောက်ျားလေးပဲ ရပ်တည်လို့မရသလို မိန်းကလေးတစ်ဦးတည်းလည်း ရပ်တည်လို့မရဘူး။ ဒါပေမယ့် အဲလိုရပ်တည်လို့မရတဲ့နေရာမှာ ကျွန်မတို့ ငြိမ်းချမ်းရေးဆိုတာကလည်း ကမ္ဘာကိုလှအောင် နိုင်ငံကိုလှအောင် ဘဝကိုလှအောင် တည်ဆောက်တာဖြစ်တယ်။ ယောကျ်ားလေးတွေအနေနဲ့ကျတော့ အလှကို ခံစားတတ်တယ် ပိုမြင်တယ် ကျွန်မလက်ခံတယ်။ ဒါပေမယ့် အဲဒီအလှကို ဘဝနဲ့ချီပြီးတော့ တည်ဆောက်ဖို့ဆိုတာကတော့ အမျိုးသမီးတွေက ပိုသာတယ်။ အမျိုးသမီးတွေက စွမ်းဆောင်ရည်မှာသော်လည်ကောင်း၊ နောက်ပြီးတော့ စိတ်ဓာတ်ပိုင်းဆိုင်ရာ မေတ္တာ ဂရုဏာ အဲဒါတွေကအစ ယောကျ်ားလေးတွေထက် ပိုသာတယ်။ အဲလို အမျိုးစုံမြင်နိုင်တဲ့ အမျိုးသမီးတွေက ဒီနိုင်ငံရေးလောကမှာ တက်တက်ကြွကြွနဲ့ ပိုပြီးတော့ ပါဝင်ခွင့်ရမယ်ဆိုရင် ကျွန်မတို့နိုင်ငံက အရမ်းကြီး တိုးတက်သွားမယ်။

အခုကျတော့ အမျိုးသမီးကဏ္ဍတွေက နည်းနည်းလေး မှေးမှိန်နေတယ်။ အမျိုးသမီးတွေ ပါဝင်လာနိုင်ဖို့ဆိုတာ ကျွန်မတို့အမျိုးသမီးတွေလည်း ကိုယ့်အရည်အသွေးကိုလည်း ပြဖို့တော့ လိုတာပေါ့နော်။ ဒါပေမယ့် တစ်ဖက်ကလည်း နိုင်ငံရေးနဲ့ပတ်သက်တဲ့ အသိ နိုင်ငံရေးအသိတော့ မဟုတ်ဘူးပေါ့ မိန်းကလေးတွေကို နေရာပေးနိုင်တဲ့ အသိလေးတွေကိုလည်း သူတို့က ပြောင်းလဲစေချင်တာပေါ့။

ဆရာမရဲ့ပြည်နယ်နဲ့ ပတ်သက်ပြီးတော့ လွှတ်တော်ထဲမှာရော ဘာတွေ တင်ပြဆွေးနွေးတာရှိသလဲ။ ဘယ်လိုအကြောင်းအရာတွေကို အဓိကထားပြီးတော့ ဆွေးနွေးတာပါလဲ။

ကျွန်မတို့ နမ္မတူမှာ ဘာဖြစ်နေသလဲဆိုရင် မိုင်းတွေအရမ်းသုံးနေတယ်။ မိုင်းတွေကို ရွာထိပ်မှာတင် မြှုပ်ထားတယ်။ တချို့ဆို ကြိုးနဲ့တန်းထားတယ်။ အဲဒီမှာ မိုင်းနဲ့ပတ်သက်တဲ့ ကြိုတင်ကာကွယ်မှုတို့ အသိပညာပေးမှုတို့ဆိုတာလည်း လုံးဝမရှိဘူး။ မရှိတဲ့အချိန်မှာ လူကြီးတွေကတော့ အန္တရာယ်ရှိတယ် မသွားနဲ့ဆိုပေမယ့် ကျွဲကျောင်းသားကလေးတွေက အဲဒါတွေကိုမသိဘူး မသိတော့ အဲဒီမိုင်းတွေကို ပွေ့ပြီးတော့ ကစားနေတာတွေရှိတယ်။ အဲလိုတွေရှိတော့ မိုင်းတွေထောင်ထားပြီဆိုရင် ကျွန်မတို့က သက်ဆိုင်ရာကို အကြောင်းကြားပါတယ်။ အကြောင်းကြားတဲ့အချိန်မှာ ချက်ခြင်းလည်းမလာဘူး။ မလာပဲနဲ့ မိုင်းတွေသာ ပေါက်ကွဲသွားပြီးတော့ လူတွေသာ သေသွားတယ် ကျွဲနွားတွေ ပျက်ဆီးသွားတယ် ဆုံးရှုံးသွားတယ် အဲဒီမိုင်းဖြုတ်ပေးမယ့်သူ မရှိဘူး။ အခုထိ မဖြုတ်နိုင်သေးတဲ့မိုင်းတွေ ရှိနေသေးတယ်။

အဲဒါအပြင် မိုင်းပေါက်ကွဲသွားလို့ လူတွေက သေသွားတယ်။ သေသွားတဲ့အချိန်မှာ ဖြစ်သင့်တာက လုံခြုံရေးဘက်က တာဝန်ယူတဲ့လူတွေက လာရှင်းရမှာ လာရှင်းရမှာကို နယ်မြေလုံခြုံမှု မရှိလို့ပါဆိုပြီးတော့ မလာပဲနဲ့ ရွာသားတွေက အဲဒီအလောင်းတွေကို ကိုယ့်ဘာသာကိုယ် သဂြိုလ်ရတာတွေရှိတယ်။

အဲဒီအလောင်းက ရွာကလူတွေမဟုတ်ဘူး ဘယ်ကမှန်းလည်းမသိဘူး ဖြစ်လာရင်လည်း မိုင်းနင်းမိပြီးတော့ သေတာတို့ အဲလိုတွေ အခက်အခဲတွေ အရမ်းများတဲ့အချိန်မှာ ကျွန်မတို့ လွှတ်တော်မှာ မိုင်းနဲ့ ပေါက်ကွဲအားပြင်းသော ခဲယမ်းလက်နက်တွေကို တွင်ကျယ်စွာ အသုံးပြုနေတဲ့အတွက်ကြောင့်မို့ ပြည်သူတွေရဲ့ဘဝ လုံခြုံမှုမရှိပဲ ဖြစ်နေတဲ့ဟာကို ဘယ်လိုဖြေရှင်းပေးမလဲဆိုတာကို ကျွန်မ မေးခွန်းမေးတယ်။

 ပြီးတော့ ပေါက်ကွဲမှုအား များနေတဲ့ဒေသတွေမှာ အဲဒါကို သူတို့က ဘယ်လိုကြိုတင်ကာကွယ်မှုတွေ လုပ်ပေးနိုင်မလဲ။ အဲဒါတွေမေးတယ်။ ကျွန်မမေးကတည်းက ဒီမေးခွန်းက မှန်ကန်တဲ့အဖြေကို ရမှာမဟုတ်ဘူးဆိုတာကို သိပေမယ့်လည်း ကျွန်မ မေးလိုက်တယ်။ တကယ်လည်း ဖြေပါတယ်။ ဒုဝန်ကြီးကဖြေတယ်။ ဖြေတယ်ဆိုတာက သူတို့က မိုင်းအသိပညာပေးတွေလုပ်တယ် ထိခိုက်ဒဏ်ရာရတဲ့သူတွေကို ကုသပေးတယ် အဲဒါ တွေက ဖြစ်ပြီးသားကိစ္စတွေလေ ဖြစ်စေချင်တာက အခုလတ်တလော မဖြစ်ရသေးတဲ့ကိစ္စတွေ ပြီးတော့ ကျွန်တော်တို့က လက်မှတ်ထိုးထားတယ်ပေါ့နော် ပြီးတော့ လွှတ်တော်မှာက ဒီဟာနဲ့ပတ်သက်တဲ့ဟာတွေကို သူများတွေက ဆွေးနွေးကြတယ်။ အဲတော့ သူများတွေက မေးတယ် မဆွေးနွေးကြဘူးလားတဲ့။ မဆွေးနွေးနိုင်ဘူးလို့ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ မြေပြင် ပကတိအခြေအနေမှာက မြင်နေရတဲ့ကြိုးမိုင်းကိုတောင်မှ မရှင်းနိုင်သေးတာ ဒါနဲ့ အရမ်းကွာဟနေတဲ့ နိုင်ငံတကာဆိုတဲ့စကားလုံးကို ကျွန်မ မသုံးဝံ့ဘူးလို့ ပြောလိုက်တယ်။

အဲဒီအတွက် ကျွန်မဆိုလိုတာက ကျွန်မ မြေပြင်မှာ ဖြစ်ပျက်နေတာနဲ့ ကျွန်မတို့မြန်မာနိုင်ငံက လှမ်းနေတာနဲ့က အရမ်းကပ်ပြီးတော့ အရမ်းကွာဟနေတယ်။ အဲလိုပဲ ကျွန်မတို့ အမျိုးသမီးထုဆိုလို့ရှိရင်လည်း ပြည်နယ်တွေမှာရှိနေတဲ့ အမျိုးးသမီးတွေနဲ့ ရှမ်းပြည်နယ် ကျေးလက်တောရွာတွေမှာရှိနေတဲ့ အမျိုးသမီးတွေနဲ့ မြို့ပေါ်မှာရှိနေတဲ့ အမျိုးသမီးတွေရဲ့ အသိပညာမှာသော်လည်ကောင်းပေါ့နော် ရုန်းကန်လှုပ်ရှားရတဲ့ ဘဝသော်လည်ကောင်း အရမ်းကွာနေသလို ကြုံတွေ့နေရတဲ့ ဒုက္ခကလည်း အရမ်းကွာနေတယ်။ အဲဒါက ဘယ်လိုနည်းနဲ့မှ နှိုင်းပြလို့မရဘူး။ အဲဒါကြောင့် ကျွန်မတို့က အမျိုးသမီးတွေနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတော်ကို ဦးစားပေးပြီးတော့ ဆောင်ရွက်သင့်တယ်။ အဲလိုပဲ NGO တွေ INGO တွေကနေပြီးတော့ အမျိုးသမီးကဏ္ဍတွေကိုလည်း မြင့်တင်ပေးစေချင်တယ်။

နောက်ဆုံးအနေနဲ့ ၂၁ ပင်လုံညီလာခံအပေါ် ဆရာမအနေနဲ့ အမြင်လေး သိချင်ပါတယ်။

၂၁ ပင်လုံညီလာခံက သူက NCA ကို အသက်ဝင်ဖို့လုပ်တယ်။ လုပ်သင့်ပါတယ်။ ဒါက ဖွင့်ပွဲအနေနဲ့လုပ်တာ။ ၂၁ ပင်လုံညီလာခံကို ငြိမ်းချမ်းရေး ဖွင့်ပွဲအနေနဲ့ပဲ လုပ်တာဖြစ်တဲ့အတွက်ကြောင့်မို့ ဒါနဲ့ပတ်သက်ပြီးတော့ ဘာမှ သိပ်ပြီးတော့ ပြောစရာမရှိသေးဘူး။ နောက်လာမယ့် ညီလာခံတွေကနေပြီးတော့ ကျွန်မတို့ရဲ့ အဲဒီကနေ ကောက်ချက်ချပြီး ဆွဲတာပိုကောင်းမယ် ထင်ပါတယ်။