"မန္တလေးမြို့တွင် သတ္တမအကြိမ်မြောက် တိုင်းရင်းဆေးသုတေသန စာတမ်းဖတ်ပွဲပြုလုပ်"

"မန္တလေးမြို့တွင် သတ္တမအကြိမ်မြောက် တိုင်းရင်းဆေးသုတေသန စာတမ်းဖတ်ပွဲပြုလုပ်"

မန္တလေး၊ဖေဖော်ဝါရီ ၁၅ ။             ။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊တိုင်းရင်းဆေးပညာဦးစီးဌာနမှ သတ္တမအကြိမ် တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲကို ဖေဖော်ဝါရီလ ၁၅ ရက်၊နံနက် ၉ နာရီ၊၃၀ မိနစ်က မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)၊ ဘွဲ့နှင်းသဘင်ခန်းမတွင် ပြုလုပ်ခဲ့သည်။

တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲ ကျင်းပရသည့်ရည်ရွယ်ချက်မှာ နိုင်ငံတော်အတွက် ရေရှည်အကျိုးဖြစ်ထွန်းစေနိုင်မည့် အရည်အသွေးကောင်းမွန်၍ အသုံးချနိုင်သည့် တိုင်းရင်းဆေးသုတေသန လုပ်ငန်းများ  ပိုမိုပေါ်ထွက်လာစေရန်၊ မြန်မာ့တိုင်းရင်းဆေးပညာရပ်အား အတွေ့အကြုံအခြေပြု ဆေးပညာရပ်(Experience Based Medicine)မှ နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီမည့် သက်သေအထောက်အထား အခြေပြုဆေးပညာ (Evidence Based Medicine)အဖြစ်သို့ ပြောင်းလဲတိုးတက်လာစေရန်၊ မြန်မာနိုင်ငံ၏ အဓိကကျန်းမာရေး ပြဿနာများနှင့် ကူးစက်နိုင်ခြင်းမရှိသည့်   ရောဂါများကုသနိုင်ရေးအတွက် တိုင်းရင်းဆေးကုထုံးသစ်နှင့်ဆေးဝါးအသစ်များ ပေါ်ထွက်လာစေရန်နှင့် တိုင်းရင်းဆေးသုတေသနလုပ်ငန်းများနှင့် သုတေသနစာတမ်းဖတ်ပွဲများ စဉ်ဆက်မပြတ် ပြုလုပ်နိုင်ရေးအတွက် အခြေခံကောင်းများ ဖြစ်ထွန်းလာစေရန်အတွက်ဖြစ်ကြောင်းဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာ သက်ခိုင်ဝင်းက ဖွင့်ပွဲတွင် ပြောသည်။

သုတေသနစာတမ်းဖတ်ပွဲကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့အထိပြုလုပ်သွားမှာဖြစ်ပြီး စာတမ်းရှင်များဖြစ်ကြသည့် ဒေါက်တာနွယ်ဝင်းက ဆဋ္ဌကမ္မအခြေခံကုထုံး (လူနာလက်စွဲ)၊ ဒေါ်မြင့်မြင့်စန်း (လက်ထောက်သုတေသနအရာရှိ၊ သစ်တောသုတေသနဌာန၊ ရေဆင်း)က ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်အတွင်းရှိ ဆေးဖက်ဝင် အပင် မျိုးစိတ်အချို့၏ ဆေးဖက်အသုံးဝင်ပုံများကို   လေ့လာခြင်း၊ ဒေါ်မျိုးသီတာအေးနှင့်ဒေါ်မေမေကြည်(ခုတင် ၁၀၀ ဆံ့ တိုင်းရင်းဆေးရုံ၊နေပြည်တော်)က တိုင်းရင်းဆေးပညာဦးစီးဌာနသုံးဆေးနည်း (၅၇)မျိုးတွင် ပါဝင်ဖော်စပ်ထားသော တွင်းထွက်နှင့် ဓာတုဆေးပစ္စည်းများကို စာပေသုတေသနအမြင်ဖြင့် လေ့လာတင်ပြခြင်း၊ ဒေါ်ခင်နန်းညွှန့်ဆွေ(ကထိက၊ဓာတုဗေဒဌာန၊ မန္တလေးတက္ကသိုလ်)က   မျောက်ငိုသီး၏ ရုပ်ဂုဏ်သတ္တိ၊ ဓ ာတ်ဂုဏ်သတ္တိနှင့် ဆေးဝါးအာနိသင် ဂုဏ်သတ္တိများကို လေ့လာခြင်း စသည့် စာတမ်း ၂၈ စောင် ဖတ်ကြားကြမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly