မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ ဖအေတူ မအေကွဲ အစ်ကို မလေးရှားမှာ အသတ်ခံရ

မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ ဖအေတူ မအေကွဲ အစ်ကို မလေးရှားမှာ အသတ်ခံရ

ပြုံယမ်း၊ ဖေဖော်ဝါရီ ၁၄ ။           ။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအွန်ရဲ့ ဖအေတူ မအေကွဲ အစ်ကိုဖြစ်သူဟာ မလေးရှားနိုင်ငံမှာ ဖေဖော်ဝါရီ ၁၄ ရက်က အသတ်ခံရကြောင်း   တောင်ကိုရီးယားအစိုးရသတင်းရင်းမြစ်တွေကို ကိုးကားပြီး ယွန်ဟတ်သတင်းဌာနက ဖော်ပြပါတယ်။

အသတ်ခံရသူ ကင်ဂျုံးနမ်းဟာ ကွယ်လွန်သူခေါင်းဆောင်ဟောင်း ကင်ဂျုံးအီရဲ့ အကြီးဆုံးသားဖြစ်ပါတယ်။

ကင်ဂျုံးနမ်းကို ကွာလာလမ်ပူလေဆိပ်မှာ အမျိုးသမီးနှစ်ဦးက အဆိပ်ခတ်လုပ်ကြံခြင်းဖြစ်ကြောင်း မြောက်ကိုရီးယားက စီစဉ်တာဖြစ်နိုင်ပြီး ထိုအမျိုးသမီးနှစ်ဦး လွတ်မြောက်နေကြောင်း
တောင်ကိုရီးယားအစိုးရအသိုင်းအဝိုင်းကြားက သတင်းရင်းမြစ်တော်တော်များများကို ကိုးကားပြီး TV Chosun ရုပ်သံသတင်းက ထုတ်လွှင့်ပါတယ်။

အဲဒီ အမျိုးသမီးနှစ်ဦးဟာ တက္ကစီတစ်စီးကို လှမ်းခေါ်ပြီး ချက်ချင်းပဲ ထွက်ပြေးသွားကြတာဖြစ်ကြောင်း ယင်းသတင်းမှာ ဖော်ပြပါတယ်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူလေဆိပ် တာဝန်ခံရဲချုပ် လက်ထောက်ရဲမင်းကြီး အဇစ်အလီကို အေအက်ဖ်ပီက ဆက်သွယ်မေးမြန်းရာမှာ ဖေဖော်ဝါရီ ၁၃ ရက်က အသက်လေးဆယ်ဝန်းကျင်ရှိတဲ့ ကိုရီးယားတစ်ဦး လေဆိပ်မှာ မကျန်းမမာဖြစ်တာ တွေ့ခဲ့ရကြောင်း ဖြေကြားပါတယ်။

လေဆိပ်အာဏာပိုင်တွေက ထိုသူကို ဆေးရုံအမြန်တင်ပေမယ့် လမ်းမှာတင် ဆုံးပါးခဲ့တယ်လို့ ၎င်းက ပြောပါတယ်။

“ကျွန်တော်တို့အနေနဲ့ အဲဒီသေဆုံးသွားတဲ့ ကိုရီးယားအမျိုးသားနဲ့ ပတ်သက်ပြီး အခြားသိတာတွေ မရှိပါဘူး။ သူ ဘယ်သူဘယ်ဝါဆိုတာလည်း ကျွန်တော်တို့ မသိပါဘူး။”လို့ အဇစ်အလီက ပြောပါတယ်။

ကင်ဂျုံးနမ်းဟာ သူ့ဖခင် မြောက်ကိုရီးယားခေါင်းဆောင်ဟောင်း ကင်ဂျုံးအီရဲ့ တရားဝင်မယားမဟုတ်တဲ့ သရုပ်ဆောင် ဆောင်ဟီရင်းက မွေးဖွားတာဖြစ်ပါတယ်။   တောင်ကိုရီးယားဇာတိဖွားဖြစ်တဲ့   ဆောင်ဟီရင်းဟာ ရုရှနိုင်ငံမှာ ကွယ်လွန်ခဲ့ကြောင်း ယွန်ဟတ်သတင်းက ဖော်ပြထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly