ကုမ္ပဏီခွက်ခွက်လန်အောင် အရှုံးပေါ်၍ တိုရှီဘာဥက္ကဌ ရာထူးက နုတ်ထွက်

ကုမ္ပဏီခွက်ခွက်လန်အောင် အရှုံးပေါ်၍ တိုရှီဘာဥက္ကဌ ရာထူးက နုတ်ထွက်

တိုကျို၊ ဖေဖော်ဝါရီ ၁၄ ။          ။ ဂျပန်နိုင်ငံက အကြီးစားလုပ်ငန်းစုကြီးဖြစ်တဲ့ တိုရှီဘာကုမ္ပဏီဟာ အမေရိကန်ဒေါ်လာ ဘီလီယံပေါင်းများစွာ အရှုံးပေါ်ကြောင်း အသေးစိတ်ထုတ်ပြန်လိုက်ပြီး နာရီပိုင်းအတွင်းမှာပဲ ဥက္ကဌဖြစ်သူ ရှီဂျန်နိုရီရှီဂါက ရာထူးကနေ နုတ်ထွက်သွားပါတယ်။

ကုမ္ပဏီအနေနဲ့ အရှုံးအမြတ်ရလဒ်ကို ထုတ်ပြန်ဖို့ရာမှာ အစောပိုင်းက နှောင့်နှေးနေခဲ့ပေမယ့် နောက်ပိုင်းမှာ အခုနှစ်ရဲ့ မတ်လအထိ စာရင်းချုပ်ပါက အသားတင်ဆုံးရှုံးမှုတန်ဖိုး ယန်းငွေ ၃၉၀
ဘီလီယံ(အမေရိကန်ဒေါ်လာ ၃ ဒဿမ ၄ ဘီလီယံ) ဆုံးရှုံးကြောင်း အစီရင်ခံထုတ်ပြန်ဖို့ ရှိနေပြီလို့ ပြောလာတာဖြစ်ပါတယ်။

ကုမ္ပဏီရဲ့ အမေရိကန်က နျူကလီးယားလုပ်ငန်းတွေက ဆုံးရှုံးမှုဆိုရင်တော့ ယန်း ၇၁၂ ဒဿမ ၅ ဘီလီယံ(ဒေါ်လာ ၆ ဒဿမ ၃ ဘီလီယံ) အထိ ရှိနေလိမ့်မယ် ယူဆရကြောင်း တိုရှီဘာကုမ္ပဏီက ပြောပါတယ်။

ခုအခြေအနေကြောင့် ကုမ္ပဏီရဲ့ ရှေ့ရေး ဘေးအန္တရာယ်များနေပြီဖြစ်ကြောင်း အကဲဖြတ်တစ်ချို့က သတိပေးလာတာတွေ ရှိလာခဲ့ပါတယ်။

ကုမ္ပဏီ ခုလိုအရှုံးပေါ်ခြင်းအတွက် ဥက္ကဌ ရှီဂါက တာဝန်သိသိနဲ့ ရာထူးကနေ နုတ်ထွက်သွားကြောင်း ကုမ္ပဏီက ဆိုပါတယ်။

တိုရှီဘာရဲ့ ရှယ်ယာတန်ဖိုးဟာ ဖေဖော်ဝါရီ ၁၄ ရက်မှာ ကိုးရာခိုင်နှုန်းလောက်အထိ ကျဆင်းသွားခဲ့ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာကစရင် ၅၀ ရာခိုင်နှုန်းနီးပါး ဆုံးရှုံးတာပဲဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly