ပြည်သူ့ရင်ပြင်ရှိ LOVE ကျောက်တုံးတွင် ချစ်သူများနေ့ အခမဲ့ကဗ္ဗည်​းရေးထိုးပေး

ပြည်သူ့ရင်ပြင်ရှိ LOVE ကျောက်တုံးတွင် ချစ်သူများနေ့ အခမဲ့ကဗ္ဗည်​းရေးထိုးပေး

ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်ရှိ LOVE ကျောက်တုံးနေရာတွင် ဖေဖော်ဝါရီလ ၁၄ ရက်နေ့၊  ချစ်သူများနေ့ အထူးအစီစဉ်အဖြစ် အခမဲ့ကဗ္ဗည်းမော်ကွန်းတင်ပေးသည့် အစီအစဉ်တစ်ခု ပြုလုပ်ခဲ့သည်။

ချစ်သူစုံတွဲနှင့် မင်္ဂလာမောင်နှံတို့၏ အမှတ်တရနေ့ရက်များအား ထာဝရတည်တံ့စေရန်အတွက် ရည်ရွယ်ခြင်းဖြစ်ပြီး ထိုအစီအစဉ်ကို Natural World ကုမ္ပဏီနှင့် Academician Production တို့ ပူးပေါင်း ပြုလုပ်ခြင်းဖြစ်သည်။

အပတ်စဉ်စနေနေ့တိုင်း ကဗ္ဗည်းမော်ကွန်းတင်ပေးသည့် အစီအစဉ်တစ်ခု ပြုလုပ်သွားမည်ဖြစ်ပြီး အခကြေးငွေသတ်မှတ်နှုန်းထားဖြင့်ရေးထိုးသွားမည်ဟု သိရသည်

“နောက်ပိုင်းမှာ အပတ်စဉ် စနေနေ့ကို သတ်မှတ်ပြီးတော့၊ အဲ့ဒီနေ့ကြရင်တော့ အခကြေးငွေ  ယူပြီး ရေးထိုးပေးဖို့အစီအစဉ် ရှိပါတယ်။ ဒါပေမယ့် အခုချိန်ထိတော့ ဈေးနှုန်းကို မသတ်မှတ်ရသေးပါဘူး” ဟု Academician Production မှ ဒါရိုက်တာခန့်လူက ပြောသည်။

ချစ်သူများနေ့အထိမ်းမှတ်အဖြစ် ကျောက်တုံးပေါ်တွင် အခမဲ့ကဗ္ဗည်း ၇၅ ခု ရေးထိုးခဲ့ကြသည်ဟု သိရပြီး  လာရောက်ရေးထိုးသူများက အမှတ်တရအတွက် ရည်ရွယ်သည်ဟု ဆိုသည်။

 “တကယ်ချစ်ကြတဲ့လူတိုင်းက ကမ္ဗည်းထိုးရုံတင်မဟုတ်ပါဘူး ရင်ခွင်နှစ်လုံးသားထဲမှာ တက်တူးထိုးသလို တစ်ယောက်နာမည်တစ်ယောက်ရေးထိုးကြပါတယ်။ ဒီမှာထိုးတယ်ဆိုတာ အမှတ်တရပါဘဲ။ နောက် ဒီကိုလာတိုင်း အမှတ်ရနေအောင်လို့ပါ” ဟု တက္ကသိုလ်ကျောင်းသား မင်းသန့်အောင်အောင်က ပြောသည်။

ထို့ပြင် ပြည်သူ့ရင်ပြင်ရှိ LOVE ကျောက်တုံးကို ချစ်သူများ၏နေရာအဖြစ် သတ်မှတ်ဖို့  Natural World ကုမ္ပဏီက ကြိုးစားနေပြီး နောက်ပိုင်းတွင် အပတ်စဉ် စနေနေ့ တစ်ရက်ကို သတ်မှတ်ပြီး LOVE ကျောက်တုံးပေါ်တွင် သတ်မှတ်ထားသည့်အတိုင်း ကဗ္ဗည်းမော်ကွန်းတင်ရေးထိုးပေးသွားရန်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly