မြန်မာ-ဂျပန် ကျောင်းသားလူငယ်များ အထွေထွေဖွံ့ဖြိုးတိုးတက်ရန် စခန်းသွင်းလေ့ကျင့်

မြန်မာ-ဂျပန် ကျောင်းသားလူငယ်များ အထွေထွေဖွံ့ဖြိုးတိုးတက်ရန် စခန်းသွင်းလေ့ကျင့်

ရန်ကုန်၊ဖေဖေါ်ဝါရီ၁၄ ။            ။ မြန်မာ-ဂျပန် ကျောင်းသားလူငယ်များ အထွေထွေဖွံ့ဖြိုးတိုးတက်ရန် စခန်းသွင်းလေ့ကျင့်သည့် အစီအစဉ်ဖွင့်ပွဲ အခမ်းအနားကို ရန်ကုန်တက္ကသိုလ်စိန်ရတုခန်းမတွင် ယနေ့ကျင်းပခဲ့သည်။

မြန်မာ-ဂျပန် ကျောင်းသားလူငယ်များ စခန်းသွင်းလေ့ကျင့်သည့် အစီအစဉ် (International Developement Field Camp for Myanmar and Japan Youth Leaders) ကို ရန်ကုန်မြို့၌ သီတင်းတစ်ပတ်ခန့် ပြုလုပ်မည် ဖြစ်ပြီး မြန်မာ-ဂျပန်ကျောင်းသားများအနေဖြင့် ဆွေးနွေးမှုများစီမံကိန်းများကို ကွင်းဆင်းလုပ်ဆောင်ရမည်ဖြစ်သည်။

“ကျွန်တော်တို့တုန်းကတော့ မန္တလေးနဲ့ရန်ကုန်မှာ လုပ်တယ်။ Discussion (ဆွေးနွေးပွဲ)တွေ ပြုလုပ်တယ်။ Project တွေ ပြုလုပ်တယ်။ ဒီနှစ်မှာလည်း ကျွန်တော်တို့တုန်းကလိုပဲ အစီစဉ်တွေနဲ့ ရန်ကုန်မှာ ပြုလုပ်မှာ ဖြစ်ပါတယ်” ဟု မြန်မာ-ဂျပန်စခန်းသွင်းအစီအစဉ်တွင် ပါဝင်ခဲ့ဖူးသည့် ကျောင်းသားကိုဝေယံထွဋ်က ပြောသည်။

စခန်းသွင်းလေ့ကျင့်သည့် အစီအစဉ်ကို မြန်မာနိုင်ငံမှ ကျောင်းသား ၁၈ ဦး နှင့် ဂျပန်နိုင်ငံမှ ကျောင်းသား ၁၈ ဦး ပါဝင်တက်ရောက်ခွင့်ရထားသည်။

စခန်းသွင်းလေ့ကျင့်သည့်အစီအစဉ်တွင် နှစ်နိုင်ငံလူငယ်များအကြား ချစ်ကြည်ရင်းနှီးမှုရရှိစေရန် ယဉ်ကျေးမှုဖလှယ်သည့်အစီစဉ်များ၊ ကိုယ်ရည်ကိုယ်သွေးတိုးတက်စေရန် အစီအစဉ်များပါရှိမည်ဖြစ်ပြီး လူမှုရေး၊ စီပွားရေး၊ နိုင်ငံရေး၊ နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှုများ၊ ပညာရေး၊ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးအကြောင်းများ စသည်တို့ကို ဆွေးနွေးသွားမည်ဖြစ်သည်။

“ဒီကိုပထမဆုံးရောက်ဖူးတာပါ။ နိုင်ငံရပ်ခြားမှာ အလုပ်လုပ်ချင်ပါတယ်။ ဒါကြောင့် နိုင်ငံခြားသားတွေအနေနဲ့ ဂျပန်တွေကို ဘယ်လိုမြင်လဲဆိုတာ သိချင်လို့ ဒီအစီစဉ်ကိုပါဝင်ဖြစ်တာပါ” ဟု အသက်နှစ်ဆယ်အရွယ် ဂျပန်ကျောင်းသူတစ်ဦးဖြစ်သည့် ယူကာတာကာဟာရှီက ပြောသည်။

မြန်မာ-ဂျပန်ကျောင်းသားများကို စခန်းသွင်းလေ့ကျင့်ပေးသည့်အစီစဉ်ကို ၂၀၁၄ ခုနှစ်မှ စ၍ ပူးပေါင်းပြုလုပ်နေခြင်း ဖြစ်ပြီး ယခုအခါတွင် ၃ ကြိမ်မြောက်ပြုလုပ်ခြင်းဖြစ်သည်။ ပထမအကြိမ်ကို ၂၀၁၄ ခုနှစ်တွင် ပြုလုပ်ခဲ့ပြီး ဒုတိယအကြိမ်ကို ၂၀၁၆ ခုနှစ်၊ မန္တလေးတွင် ပြုလုပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly