မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တရုတ်အနေနဲ့ အဓိကအခန်းကဏ္ဍတစ်ခုမှ ပါ၀င်နိုင်ဟု တရုတ်အစိုးရသတင်းစာ ရေးသား

မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တရုတ်အနေနဲ့ အဓိကအခန်းကဏ္ဍတစ်ခုမှ ပါ၀င်နိုင်ဟု တရုတ်အစိုးရသတင်းစာ ရေးသား

ပြီးခဲ့တဲ့ အပတ်က ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) က နေပြည်တော်မှာ အစည်းအဝေးတစ်ခု ကျင်းပခဲ့ပြီး ၂၁ ရာစု ပင်လုံညီလာခံ ဒုတိယအကြိမ် ခေါ်ယူမှုကို ဖေဖော်ဝါရီ ၂၈ ဟု သတ်မှတ်ခဲ့ပါတယ်။

ညီလာခံကို တက်ရောက်ဖို့ ကိုယ်စားလှယ် ၈၀၀ ခန့်အထိ ဖိတ်ကြားဖို့နဲ့  NCA အပစ်ရပ်လက်မှတ် မထိုးထားရသေးတဲ့ လက်နက်ကိုင်အဖွဲ့တွေကိုလည်း တတ်နိုင်သမျှ အမြန်ဆုံးသဘောတူပါဝင်လာဖို့ အရေး တွန်းအားပေးလှုံ့ဆော်ဖို့ အစည်းအဝေး တက်ရောက်လာသူတွေ သဘောတူခဲ့ကြပါတယ်။

၂၁ ရာစု ပင်လုံညီလာခံကို ယမန်နှစ် သြဂုတ်လက နေပြည်တော်မှာ ပထမဆုံးအကြိမ် ခေါ်ယူကျင်းပနိုင်ခဲ့ပါတယ်။ NLD အစိုးရ၊ စစ်တပ်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊   နိုင်ငံရေးပါတီအသီးသီးတို့က ကိုယ်စားလှယ်ပေါင်း ၇၅၀ ခန့် တက်ရောက်လာကြပြီး ၎င်းတို့ရဲ့ ထင်မြင်ချက်တွေကို အသီးသီး ထုတ်ဖော်သွားကြပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရသစ်တက်လာပြီးနောက် နိုင်ငံစီးပွားရေးကို တွန်းအားပေးဖို့ ထိရောက်တဲ့ လုပ်ဆောင်ချက် နည်းပါးနေသေးပါတယ်။ အလားတူ ရခိုင်ပြည်နယ်အရေးကြောင့် နိုင်ငံတကာရဲ့   ပြစ်တင်ဝေဖန်မှုကိုပါ ရင်ဆိုင်ခဲ့ရပြီး အလားတူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေအကြံပေး ရှေ့နေဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုဖြစ်စဉ်လည်း ဖြစ်ထားခဲ့ပါတယ်။ ဒီအချက်တွေကြောင့် အစိုးရသစ်ကို အမျိုးသားပြန်လည်သင့်မြတ်ရေးပိုင်းကို အရှိန်မြင့်လုပ်ဆောင်ဖို့ တွန်းအားပေးသလို ဖြစ်ခဲ့ပါတယ်။

အမျိုးသားရင်ကြားစေ့ရေးဟာ အစိုးရသစ်ရဲ့ ဦးစားပေးကိစ္စတစ်ခု ဖြစ်သော်ငြားလည်း ယင်းကို အချိန်တိုအတွင်း အောင်မြင်အောင်လုပ်ဖို့ကတော့ ခက်ခဲနေမှာဖြစ်ပါတယ်။ စစ်တပ်ရဲ့ ရပ်တည်မှု၊ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား ကွဲထွက်နေမှုနဲ့ ပါတီတွေအကြား ယုံကြည်မှု ပျောက်ဆုံးနေမှုတို့ကြောင့် ယခုလို အောင်မြင်ဖို့ ခက်ခဲနေလျက်ရှိပါတယ်။

ယခု ပင်လုံညီလာခံကို NCA အပစ်ရပ် မထိုးထားတဲ့အဖွဲ့တွေ တက်မယ်၊ မတက်ဘူးဆိုတာလည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ UNFC ကတော့ အစိုးရနဲ့အကြား အမျိုးသားငြိမ်းချမ်းရေးရဖို့ ဆွေးနွေးမှုတွေလုပ်ဆောင်မယ်လို့ ပြောဆိုထားခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဟာ နိုင်ငံအတွက်သာ အရေးကြီးလှတာမဟုတ်ဘဲ တရုတ်-မြန်မာနယ်စပ်တစ်လျှောက် တည်ငြိမ် လုံခြုံမှုပိုင်းအတွက်ပါ အဓိကကျနေပါတယ်။ ယင်းအပြင် နှစ်နိုင်ငံအကြား ရင်းနှီးချစ်ကြည်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဖို့အတွက်ပါ အရေးကြီးလှပါတယ်။

တရုတ်တို့အနေနဲ့တော့ မြန်မာရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်မှာ  ကြားဝင်ညှိနှိုင်းသူ အခန်းကဏ္ဍကနေ ပါဝင်ပေးခဲ့ပါတယ်။ တရုတ်တု့ိအနေနဲ့ မြန်မာနိုင်ငံမြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်အုပ်စုတွေကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပူးပေါင်းပါဝင်ဖို့ စည်းရုံးပြောဆိုပေးတာတွေ လုပ်ဆောင်ပေးခဲ့ပါတယ်။  ၂၀၁၆ ခုနှစ်ကဆိုရင် တရုတ်ရဲ့အာရှရေးရာ အထူးသံတမန် Sun Guoxiang ကဆိုရင် မြန်မာနိုင်ငံကို မကြာခဏသွားရောက်ခဲ့ပြီး NLD အစိုးရ၊ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ နီးနီးကပ်ကပ် ဆက်ဆံတာတွေ ရှိခဲ့ပါတယ်။

၂၀၁၆ ခုနှစ်နှောင်းပိုင်းကလည်း နှစ်နိုင်ငံ နိုင်ငံခြားရေးနဲ့ ကာကွယ်ရေးဝန်ကြီးဌာနတွေအကြား အဆင့်မြင့်လယ်ဗယ် ဆွေးနွေးမှုတွေလုပ်ဆောင်ခဲ့ခြင်းကလည်း ငြိမ်းချမ်းရေးနဲ့ နယ်စပ်ဒေသတည်ငြိမ်ရေးကို ထိန်းသိမ်းနိုင်ဖို့ ထောက်ကူပေးနိုင်ခဲ့ပါတယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ တရုတ်တု့ိရဲ့ ပါဝင်ထောက်ပံ့ပေးမှုကို ပြသပေးနေခြင်းဖြစ်ပါတယ်။

ရှေ့လာမယ့်အနာဂတ် မြန်မာရဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်မှာတော့ တရုတ်တို့အနေနဲ့ မြန်မာရဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ လိုအပ်ချက်တွေ နဲ့ပတ်သက်လို့ ထည့်သွင်းစဉ်းစားပေးသင့်သလို အကူအညီတွေ ထောက်ပံ့ပေးသင့်ပါတယ်။ အလားတူ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တရုတ်အနေနဲ့ ကြားဝင်စေ့စပ်သူနေရာကနေ ဆက်လက်ပါဝင်သွားနိုင်ပါတယ်။ Major Power နိုင်ငံတစ်နိုင်ငံအနေနဲ့ တရုတ်တု့ိအနေနဲ့ တာဝန်ခံမှုတွေ ပိုလုပ်သင့်ပြီး လူသားချင်းစာနာမှုအကူအညီတွေကို ပိုမိုထောက်ပံ့ပေးရမှာဖြစ်ပါတယ်။

(Global  Times သတင်းစာမှ ဘာသာပြန်ဖော်ပြခြင်းဖြစ်ပြီး အယ်ဒီတာအဖွဲ့၏ အာဘော်မဟုတ်ပါ)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly