မြန်မာတစ်ပြည်လုံး ဒုတိယရရှိထားတဲ့ မင်းသွင်ခန့်ရဲ့ ၁၀တန်းစာမေးပွဲ အကြံပြုချက်များ

မြန်မာတစ်ပြည်လုံး ဒုတိယရရှိထားတဲ့ မင်းသွင်ခန့်ရဲ့ ၁၀တန်းစာမေးပွဲ အကြံပြုချက်များ

မဇ္ဈိမ တီဗီကို ကြည့်ရှု့နေကြတဲ့ ပရိသတ်များနဲ့ ကျောင်းသားကျောင်းသူများအားလုံး မင်္ဂလာပါခင်ဗျာ။

မတ်လ ၈ ရက်နေ့ဆိုရင်တော့ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ တက္ကသိုလ်ဝင် စာမေးပွဲကို စတင်ကျင်းပတော့မှာဖြစ်ပါတယ်။

ဒါ့ကြောင့် အခုချိန်ဟာ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမယ့် ကျောင်းသားကျောင်းသူတွေအတွက် အရေးကြီးတဲ့အချိန်တစ်ခု ဖြစ်ပါတယ်။ တချို့ကျောင်းသားတွေအနေနဲ့ စာမေးပွဲဖြေဆိုဖို့ အဆင်သင့်ဖြစ်နေသလို တချို့ကျောင်းသားတွေအနေနဲ့ကတော့ ဒီအချိန်မှာ အသည်းအသန်ကြိုးစားနေရတဲ့ အချိန်အခါလည်းဖြစ်ပါတယ်။

ဒါပေမယ့် စာမေးပွဲဆိုတာက ကျွန်တော်တို့အားလုံးအတွက် ရင်ခုန်စရာတစ်ခု မဟုတ်ပါလားခင်ဗျာ။

ဒါ့ကြောင့် တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုကြမယ့် ကျောင်းသားကျောင်းသူတွေအနေနဲ့ စာမေးပွဲမဖြေခင် ဘယ်လိုတွေ ကြိုတင်ပြင်ဆင်ထားသင့်တယ်။ စာမေးပွဲအတွက် ဆောင်ရန်၊ ရှောင်ရန်တွေက ဘာတွေလဲဆိုတာ သိထားဖို့ လိုအပ်မယ်ထင်ပါတယ်။

ဒါ့ကြောင့် ကျွန်တော်က ၂၀၁၆ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ အမှတ်အများဆုံးနဲ့ မြန်မာတစ်ပြည်လုံး ဒုတိယ ရရှိထားတဲ့ ညီလေး မင်းသွင်ခန့်နဲ့ စာမေးပွဲအတွက် အကြံပြုချက်တွေကို တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။

ဟုတ်ကဲ့ ..  .. ညီလေး မင်္ဂလာပါ။

မင်္ဂလာပါခင်ဗျာ။

မေး - ပထမဦးဆုံးအနေနဲ့ ဆယ်တန်းစာမေးပွဲဖြေဖို့ကလည်း ကျောင်းသားတွေအနေနဲ့  တစ်လနီးပါးပဲ လိုတော့တယ်။ အဲဒီအချိန်မှာ ညီလေးအနေနဲ့ဆိုရင်ရော မနှစ်က ဘယ်လိုမျိုးပြင်ဆင်မှုတွေ ရှိခဲ့လဲ။

ဖြေ - ဟုတ်ကဲ့ခင်ဗျ။ မနှစ်က ဒီလိုအချိန်ဆိုရင်တော့ မနက်ထ စာကျက်၊ ညအိပ် စာကျက်ပေါ့။ အဲဒီလိုမျိုး အခြေအနေတော့ ရှိပါတယ်။ ဒီလိုအချိန်ဆိုရင်တော့ ဘယ်ကျောင်းသားမဆို ကျူရှင်တို့၊ ကျောင်းတို့မှာ မရှိတော့ဘူးပေါ့။ အကုန်လုံးက ကိုယ့်အိမ်မှာကိုယ် Private Study လုပ်ကြရမယ့်အချိန်လို့ ကျွန်တော်ယူဆပါတယ်။ ဒီလိုအချိန်မှာ လုပ်လည်းလုပ်သင့်ပါပြီ။ တခြားကျူရှင်တို့ ဂိုက်တို့ကို ဖြုတ်ပြီးတော့ ကိုယ်ပိုင်စာကျက်ချိန် တည်ဆောက်ဖို့လိုနေပြီပေါ့။ အရမ်းကို အသည်းအသန် လုပ်နေတဲ့အချိန်ပေါ့။ ကိုယ်ပိုင်စာကျက်တဲ့အချိန်ဆိုပေမယ့်လည်း တနေ့လုံးအပြည့်ထားဖို့မလိုပါဘူး။ ကိုယ်ပိုင်စာကျက်ချိန်ကို မနက် ၃ နာရီဆိုလည်း ၃နာရီ၊ မနက် ၄နာရီဆို ၄ နာရီပေါ့။ အပိုင်းအခြား အကန့်အသတ်လေးထားပြီး ကျက်သင့်ပါတယ်။ စာကျက်တဲ့အခါမှာလည်း တခြားအပြင် ကိစ္စဝိစ္စတွေကိုမေ့ထားပြီးတော့ စာတစ်ခုတည်းကို အာရုံစိုက်ထားဖို့ လိုနေပြီပေါ့။ ဘာလို့လဲဆိုတော့ ကိုယ်ထားထားတဲ့ Target ကို ရဖို့ဆိုရင် ဒီတစ်လက ကိုယ့်ရဲ့  နောက်ဆုံးသော လောင်စာလေးပေါ့။ လောင်စာကာလလေးမို့ ဒီချိန်မှာ အရမ်းကို အာရုံစိုက်သင့်နေပြီ။ ကျက်သမျှစာတွေကိုလည်း နောကြေဖို့လိုနေပြီ။ ဒီအချိန်မှာ စာအသစ်ကျက်ဖို့ဆိုတာတော့ မဖြစ်သင့်တော့ပါဘူး။ Review လုပ်ဖို့ဆိုတာပဲ ရှိသင့်တော့တယ်။ ဒီလိုအချိန်မှာ အကောင်းဆုံး ကြိုးစားကြပါလို့။ ဒီလိုအချိန်မှာ အရေးကြီးနေပါပြီ။

မေး - နောက်တစ်ခုကတော့  ဆယ်တန်းစာမေးပွဲက နီးလာပြီဆိုတဲ့အတွက်ကြောင့် အခုလိုမျိုး တစ်လနီးပါးမှာ ပြင်ဆင်နေရတဲ့သူတွေအတွက် ဆောင်ရန်/ရှောင်ရန်တွေဆိုရင်ရော ဘာတွေဖြစ်မလဲ။

ဖြေ - ကျွန်တော့တုန်းကဆိုရင် ဒီလိုအချိန်မှာ ဘာရှောင်လဲဆိုတော့ ည အိပ်ရေးပျက်တာ ရှောင်တယ်ပေါ့။ ပထမဆုံးအချက်အနေနဲ့။ ဒါကျောင်းသားအများစု ဖြစ်မှာပါ။ ဒီအချိန်မှာတော့ အားလုံးက ပူပင်သောကတွေများပြီး ညမအိပ်ဘဲ စာကျက်ကြမယ်ပေါ့။ ဒါလုံးဝမဖြစ်သင့်ပါဘူး။ ဒီလိုအချိန်မှာ စာမေးပွဲနီးလာလေ ပိုပြီးတော့ စိတ်ရွှင်လန်းဖို့ လိုပါတယ်။ စိတ်ရွှင်လန်းမှပဲ ဦးနှောက်မှတ်ဉာဏ်ကောင်းပြီးတော့ များများတွေးခေါ်နိုင်မယ်၊ များများမှတ်ယူနိုင်မယ်။ ကျွန်တော် အဲလိုယူဆပါတယ်။ နောက်တချက်က ကျွန်တော် အစားအသောက်ရှောင်ပါတယ်။ အစားအသောက်မှာဆိုရင် ဒီလိုအချိန် ဖေဖော်ဝါရီလဆိုတာ ဆောင်းရာသီနဲ့ နွေရာသီ ကြားမှာပေါ့။ အဲဒီအချိန်မှာဆိုရင် ချောင်းဆိုးတာရော နှာစီးတာရော ဖြစ်နိုင်တယ်။ အဲဒါကြောင့် ကျွန်တော် အစားအသောက်ဆင်ခြင်ပါတယ်။ အနေအထိုင်လည်း ဆင်ခြင်ပါတယ်။ နောက် အချက်အနေနဲ့ကတော့ စိတ်အခြေအနေပေါ့။ အရမ်းကို ပူပန်သောကတွေ မများဘဲနဲ့ ကိုယ့်စိတ်ကို relax လုပ်ဖို့လိုအပ်တယ်လို့ ကျွန်တော် ထင်ပါတယ်။ Relaxing လုပ်နိုင်တဲ့သူက တခြားသူတွေထက် ပိုပြီးသာပါမယ်။ ဆောင်တဲ့အချက်ကတော့ ကျွန်တော် အိပ်ချိန် ပုံမှန်ထားခဲ့တယ်ပေါ့။ တစ်နေ့ကို ၆နာရီ အိပ်မယ်ဆိုရင် ၆နာရီ၊ ၈နာရီ အိပ်မယ်ဆိုရင် ၈နာရီ။ ကျွန်တော် အိပ်ချိန်ကို တစိုက်မတ်မတ်ထားခဲ့တယ်။ နောက် စာလုပ်တဲ့အခါမှာလည်း စာတစ်ခုတည်းမှာပဲ မဟုတ်ဘဲနဲ့၊ အမှတ်အတွက်ဆိုတဲ့ရည်ရွယ်ချက်မဟုတ်ဘဲနဲ့ ကိုယ်စာရဖို့ဆိုတဲ့ ရည်ရွယ်ချက်ကို ထားဖို့လိုတယ်ပေါ့။ ဒီအချိန်မှာ ကျောင်းသားအများစုက ကျွန်တော်တို့ ပညာရေးစနစ်အရ အမှတ်ကို အရမ်းအရေးစိုက်ကြတယ်ပေါ့။ တကယ်တော့ ပညာသင်တယ်ဆိုတာ အမှတ်ရဖို့ သင်တာမဟုတ်ပါဘူး။ စာရဖို့သင်တာပါ။ အဲဒီတော့ အမှတ်များများရဖို့ဆိုတာထက်ကို စာများများရဖို့ လုပ်ကြပါလို့ ကျွန်တော် တိုက်တွန်းချင်ပါတယ်။ နောက်တခုက ကိုယ့်ရည်မှန်းချက်ပန်းတိုင်ထားရမယ်လို့ ထင်ပါတယ်။ ရည်မှန်းချက်ပန်းတိုင်ကို ကျွန်တော့် ဆရာတွေ၊ ဆရာမတွေ ပြောသလိုပဲ စာရွက်တစ်ရွက်ပေါ်မှာ ချရေးထားပါ။ ချရေးပြီးတော့ ကိုယ်စာကျက်တဲ့ စားပွဲ ဒါမှမဟုတ် ကိုယ်လုပ်နေကျ စားပွဲရဲ့ အရှေ့မှာ ကပ်ထားပါ။ ဒါ ကိုယ် စာအရမ်းကျက်နေတုန်း Stress(ဖိအား)တွေ အရမ်းများလာတယ်။ စိတ်ဓာတ်တွေကျလာတယ်။ စာက ကျက်သာကျက်တယ် မရဘူးဆိုရင် အဲဒီလိုအချိန်မျိုးရောက်လာရင် ကိုယ်ရေးထားတဲ့ ရည်မှန်းချက်တွေပြန်ကြည့်ပါ။ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ပါ။ နောက်အချက် ကိုယ့်အတွက် ဘဝခွန်အားဖြစ်စေမယ့် စာတွေရေးထားပါ။ ကိုယ့်ပတ်ဝန်းကျင်မှာ ဘယ်စာအုပ်ထဲက ဖတ်ခဲ့၊ ဖတ်ခဲ့၊ ဘယ်လိုလူမျိုးတွေဆီကပဲ သိခဲ့၊ သိခဲ့၊ ကိုယ့်ကိုယ်ကိုယ် အားဖြစ်မယ်လို့ ထင်တဲ့စာတွေကို ချရေးထားပါ။ ခုနလိုပဲ ကပ်ထားပါ။

မေး - နောက်တစ်ခုကျတော့ ဆယ်တန်းစာမေးပွဲကို ရည်မှန်းချက်ကြီးကြီး ထားထားတဲ့သူတွေ ဥပမာ  မြန်မာတစ်နိုင်ငံလုံးမှာ ပထမ ရရမယ်၊ ဒုတိယ ရရမယ်၊ Top Ten ဝင်ကို ဝင်ရမယ်။ အဲဒီလိုလူမျိုးတွေအတွက်ရော ဒီအချိန်မှာ ဘယ်လိုမျိုး ပြင်ဆင်မှုတွေ ရှိသင့်လဲ။

ဖြေ - တိကျမှုနှုန်း အားကောင်းရမယ်ပေါ့ စာမေးပွဲမှာ။ကျွန်တော်တို့ စနစ်အရ တိကျမှုနှုန်းကောင်းရမယ်။ နောက်တစ်ခုက ပြန်လှန်မှတ်ယူနိုင်စွမ်း အားကောင်းရမယ်။ တွေးခေါ်နိုင်စွမ်းအား ကောင်းရမယ်ပေါ့။ ဒီသုံးခုက အရေးအကြီးဆုံးလို့ ကျွန်တော်ထင်ပါတယ်။ ဒီသုံးခုက ရဖို့ဆိုရင် တစ်နှစ်ပတ်လုံးမှာ ကိုယ်စာကြည့်လာတဲ့အလျှောက်ပေါ့ စာကို ကိုယ်ဘယ်လောက်စေ့စေ့စပ်စပ်ကြည့်လာလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ အကယ်၍ မကြည့်လာခဲ့ဘူးဆိုရင်တောင်မှ ကိုယ်အရင်တုန်းက ထုတ်ခဲ့တဲ့ မှတ်စုတွေ ဒါမှမဟုတ် ဆရာ/ဆရာမတွေ ထုတ်ခဲ့တဲ့ မှတ်စုတွေ ဆရာ/ဆရာမတွေ ပြခဲ့တဲ့ Guide Line တွေ။ ဒါမှမဟုတ်ရင် ကိုယ်ကိုယ်တိုင် လုပ်ထားတဲ့ Guide Line တွေကို ပြန်ကြည့်ပါ။ ပြန်ကြည့်တဲ့အခါမှာလည်း တစ်ခုမကျန်ပြန်ကြည့်ပါ။

မေး - ညီလေးအနေနဲ့ဆိုရင်ရော ဒီနှစ်စကတည်းက မြန်မာ တစ်နိုင်ငံလုံးမှာ ပထမ၊ဒုတိယ ရကို ရ ရမယ်၊ အဲဒီလိုစိတ်မျိုးနဲ့ ကြိုးစားခဲ့တာလား။ ဒုတိယ ရဖို့အတွက်ကိုရော ဘယ်လိုမျိုးတွေ ကြိုးစားခဲ့လဲ။

ဖြေ - ဒါက ကျွန်တော်ယုံကြည်မှုတစ်ခုနဲ့ အလုပ်လုပ်ခဲ့တယ်ပေါ့။ ငါ လုပ်ရင်လုပ်သလောက် ရရမယ်ဆိုပြီးပေါ့။ ဆယ်တန်းတစ်ခုမှာ ဆရာ/ဆရာမတွေ ပြောသလိုပဲ။ နတ်ကြီးပါတယ်။ ဝီရိယ တစ်ခုတည်းနဲ့ မရဘူး။ ကံတစ်ခုတည်းနဲ့လည်း မရဘူး။ ဉာဏ်တစ်ခုတည်းနဲ့လည်း မရဘူး။ သုံးခုလုံးပေါင်းမှ အထိုက်အလျောက် နေရာတစ်ခု ရနိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ အချို့ ကျောင်းသားတွေရှိပါတယ်။ ဆရာမတွေ စာသင်နေတဲ့အခါမှာ ကိုယ်က စာရချင်ဇောပဲ ရှိပြီးတော့ ဆရာမတွေအပေါ် အလေးမထားဘူးပေါ့။ နောက်တစ်ခါ ဆရာမတွေကို ပြစ်မှားမိတယ်ပေါ့။ ဆယ်တန်းမဟုတ်ဘဲ ဆယ်တန်းမတိုင်ခင် ပြစ်မှားမိရင် ပြစ်မှားမိမှာပဲ။ ဘာပဲဖြစ်ဖြစ် ဘုရားတရားလုပ်ပါ။ ဆယ်တန်းတစ်ခုလုံးမှာ။ ဆရာ/ဆရာမတွေကို ရိုသေပါ။ လူကြီးသူမတွေကို ရိုသေပါ။ နတ်ကြီးတယ်ဆိုတာကလည်း အဲဒါကို ပြောချင်တာပါ။ နောက်တစ်ခုက ဝီရိယ ကောင်းကောင်းထားပါ ဆယ်တန်းတစ်ခုလုံးမှာ..။ ကျွန်တော့တုန်းက ဆိုရင်တော့ အဲဒီသုံးခုလုံးတော့ မျှအောင်ထားရတာပေါ့ ကိုယ့်ဟာကိုယ်တော့။ နောက်တစ်ခုက Tradition ဆိုတဲ့ဟာကြီးကို ချိုးပစ်ချင်တာပေါ့။ ဘယ်လို Tradition လည်းဆိုတော့ ကျွန်တော်တို့ ပညာရေးစနစ်မှာ များသောအားဖြင့် ငယ်ငယ်လေးတုန်းက တော်တဲ့သူတွေပဲ ကြီးလာတဲ့အခါ Top Ten ဝင်ကြတယ်ဆိုတာကို ကျွန်တော်ငယ်ငယ်ကတည်းက မနှစ်မြို့ပါဘူး။ ရည်မှန်းချက်တော့ အဲလိုထားခဲ့တာမဟုတ်ပါဘူး။ Top Ten ဝင်ပြီးမှ ကျွန်တော် သက်သေပြချင်တဲ့အရာတစ်ခု ဖြစ်သွားတာပေါ့။ ဒါ ကျွန်တော် ကျောင်းသားအများစုကိုလည်း ကျွန်တော်ပြချင်ပါတယ်။ ငယ်ငယ်လေးကတည်းက တော်တာ၊ မတော်တာတွေကို ထားလိုက်ပါ။ ဒီဆယ်တန်းတစ်ခုမှာ ကောင်းကောင်းကြိုးစားပါ။ ဝင်လည်းဝင်နိုင်တယ်။ မဝင်လည်း မဝင်နိုင်ဘူး။ ဒါပေမယ့် ဝင်ဖို့အခွင့်အရေးဆိုတာ သတ်မှတ်ထားတဲ့ Quality တွေထဲမှာ ငယ်ငယ်လေးကတည်းက စာကြိုးစားရမယ်ဆိုတာ မပါပါဘူး။ ကြိုးစားသလောက်ကို ရမှာပဲ။ အဲဒီအတွက်ကြောင့် ငယ်ငယ်လေးကတည်းက တော်သည်ဖြစ်စေ၊ မတော်သည်ဖြစ်စေ ဆယ်တန်းမှာ ကြိုးစားပါ။ ငယ်ငယ်လေးကတည်းကနဲ့ ဘာမှမဆိုင်ဘူး။ ငယ်ငယ်လေးကတည်းက ဆုတွေ ဘယ်လောက်ရခဲ့ရခဲ့ မဝင်တဲ့သူတွေလည်း အများကြီးရှိပါတယ်။ ဒါကျွန်တော် ပစ်မှားတာလည်းမဟုတ်ဘူး။ စော်ကားတာလည်း မဟုတ်ဘူး။ ကျောင်းသားတွေ စိတ်ဓာတ်မကျဖို့ ကျွန်တော်ပြောချင်တာပေါ့ အဓိက,က။ ကျွန်တော်ကိုယ်တိုင်ကလည်း အဲဒီလိုမျိုးစိတ်ဓာတ်ရှိခဲ့လို့ ကျွန်တော် မြှင့်တင်ပေးချင်တာပေါ့။

 အပိုင်း (၂) အားကြည့်ရန်-http://www.mizzimaburmese.com/article/23565

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly