၂၁ရာစုပင်လုံ ဒုတိယအကြိမ် ကျင်းပရန် ရက်ရွှေ့

၂၁ရာစုပင်လုံ ဒုတိယအကြိမ် ကျင်းပရန် ရက်ရွှေ့
၂၀၁၆ခုနှစ်၊ ဩဂုတ်လကုန်ပိုင်းက နေပြည်တော်တွင် ၂၁ရာစုပင်လုံ ပထမအကြိမ်ညီလာခံ ကျင်းပနေစဉ်(ဓာတ်ပုံ- မဇ္ဈိမ)

နေပြည်တော်(ဖေဖော်ဝါရီ ၁၄ရက်၊ ၂၀၁၇ခုနှစ်)။ ။ ယခုလကုန်ပိုင်းတွင် ကျင်းပရန် လျာထားသည့် ၂၁ရာစုပင်လုံ ဒုတိယအကြိမ်ညီလာခံကို ကျင်းပမည့်ရက် ရွှေ့ဆိုင်းလိုက်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၏ နာယကဖြစ်သူ ဗိုလ်မှူးကြီးခွန်ဥက္ကာက ဖေဖော်ဝါရီ ၁၄ရက်၊ ညနေပိုင်းတွင် မဇ္ဈိမကို အတည်ပြု ပြောဆိုသည်။

ချင်းပြည်နယ်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို စောင့်ဆိုင်းရန်နှင့် ဒေါက်တာတင်မျိုးဝင်း ဦးဆောင်သည့် ငြိမ်းချမ်းရေးကော်မရှင်နှင့် မြောက်ပိုင်အဖွဲ့တို့ တွေ့ဆုံရန် ရှိနေသည့်အတွက် ညီလာခံကျင်းပမည့်ရက်ကို ရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်သည်။

“မတ်လထဲကို ပြောင်းသွားပါတယ်။ အတိအကျတော့ မရသေးဘူး။ ပြောင်းဖို့တော့ သေချာသွားပြီ။ဘာ့ကြောင့်လည်းဆိုတော့ လူမျိုးအလိုက် ဆွေးနွေးပွဲကို ချင်းကိုလည်း လုပ်ခွင့်ပေးလိုက်တယ်။ ချင်းက ၂၀ရက်နေ့ကျမှ ချင်းအမျိုးသားနေ့နောက်ပိုင်းမှ လုပ်ရမယ်ဆိုတော့ မမှီတော့ဘူးလေ” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

ချင်းပြည်နယ်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို ယခုလ ၂၃ရက်တွင် ကျင်းပသွားရန် လျာထားသည်။

ထို့ပြင် “ဒီကြားထဲမှာ ချိန်းထားတာတွေရှိတယ်။ ငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်းအဖွဲ့တွေ တွေ့မယ်။ ပြီးတော့ ချင်းမိုင်အဖွဲ့တွေ တွေ့မယ်။ ဘာပဲဖြစ်ဖြစ် အချိန်နည်းနည်း ထပ်ယူတဲ့သဘောပေါ့ဗျာ။ တဖက်က အဖွဲ့အစည်းတွေ စဉ်းစားနိုင်အောင်ပေါ့” ဟုလည်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုသည်။

၂၁ရာစုပင်လုံ ပထမအကြိမ်ညီလာခံကို ပြီးခဲ့သည့် ၂၀၁၆ခုနှစ်၊ ဩဂုတ်လကုန်ပိုင်းတွင် ကျင်းပခဲ့ပြီး ဒုတိယအကြိမ် ညီလာခံကို ယခုလ ၂၈ရက်တွင် ကျင်းပသွားရန် ယခုလ ၆ရက်က နေပြည်တော်တွင်ပြုလုပ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC)အစည်းအဝေးတွင် သဘောတူထားခြင်း ဖြစ်သည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ကိုယ့်ကိုယ်ကိုယ် သတ္တိရှိရှိ၊ ယုံကြည်ချက်ရှိရှိဖြင့် ပါဝင်လက်မှတ်ရေးထိုးပြီး ၂၁ရာစုပင်လုံတွင် ပူးပေါင်းပါဝင်ကြပါဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယခုလ ၁၂ရက်က ရှမ်းပြည်တောင်ပိုင်း၊ ပင်လုံမြို့တွင်ပြုလုပ်သည့် ပြည်ထောင်စုနေ့အခမ်းအနားတွင် တိုက်တွန်းပြောဆိုထားသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly