ဦးသန့် ကိုယ်တစ်ပိုင်းရုပ်တု ထုလုပ်ပြီးစီးပါက ဦးနု၊ ဦးသန့်စာကြည့်တိုက်တွင် ထားရှိမည်

ဦးသန့် ကိုယ်တစ်ပိုင်းရုပ်တု ထုလုပ်ပြီးစီးပါက ဦးနု၊ ဦးသန့်စာကြည့်တိုက်တွင် ထားရှိမည်

ရန်ကုန်၊ ဖေဖော်ဝါရီလ ၁၄ ။            ။ အမြင့် ၁ဝ ပေကျော်ရှိသော ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် ကိုယ်တစ်ပိုင်းရုပ်တုကို ထုလုပ်ပြီးစီးပါက ကျောက်တန်းမြို့အဝင်ရှိ ဦးနု ဦးသန့် စာကြည့်တိုက်ရှေ့တွင် ထားရှိသွားမည်ဖြစ်ကြောင်း ရုပ်တု ထုလုပ်နေသော ပန်းပုဆရာ ကိုကျော်ကျော်မင်းက မဇ္ဈိမ သို့ ပြောသည်။

အဆိုပါ ဦးသန့်ရုပ်တုမှာ နတ်ရေကန် ဦးတင်မောင်ထွေးက လာရောက်အပ်နှံထားခြင်းဖြစ်ပြီး ၂ဝ၁၆ ခုနှစ်၊ ဒီဇင်ဘာလ မှစတင်ကာ ထုလုပ်နေခြင်းဖြစ်သည်။

 “ ဒီလို ဆရာကြီး ဦးသန့်ပုံတူရုပ်တုကို ကိုယ်တစ်ပိုင်းထုလုပ်ရတဲ့ အဓိကရည်ရွယ်ချက်ကတော့ အနယ်နယ် အရပ်ရပ်က ကျောက်တန်းရေလယ်ဘုရားကို သွားဖူးကြတဲ့သူတွေ၊ ကျောက်တန်းမြို့သူ၊ မြို့သားတွေက ဦးနု၊ဦးသန့် စာကြည့်တိုက်ရှေ့က ကားလမ်းမဘေးမှာ ထားရှိမယ့် ဦးသန့်ရုပ်တုအကြီးကြီးကို မြင်နိုင်မှာဖြစ်ပြီးတော့ ဦးသန့် ရုပ်တုက ကိုယ်တစ်ပိုင်းဆိုတော့ မျက်နှာကို အားပါးတရ ကြည့်လို့ရမယ်၊ ကျွန်တော်တို့ ဦးသန့်ဆိုတာ ဒီလိုမျိုး ဥပဓိရုပ်မျိုး၊ သူ့ရဲ့ သမိုင်းတွေကိုလည်း အပြင်သဏ္ဍာန်ရော၊ အတွင်း သဏ္ဍာန်ရော ဒီလိုမျိုးပါလားဆိုတဲ့ အတွေးနဲ့ မြင်လို့ရအောင် ကိုယ်တစ်ပိုင်းပုံ ဆယ်ပေဖြတ်ပြီး ထုလုပ်ထားတာပါ” ဟု ပန်းပုဆရာ ကိုကျော်ကျော်မင်းက ပြောသည်။

အဆိုပါ ဦးသန့်ရုပ်တုကို ပန်းပုဆရာ ကိုကျော်ကျော်မင်းက ၎င်းနေအိမ်ဖြစ်သည့် မြောက်ဥက္ကလာပမြို့နယ်၊ မြရတနာမှတ်တိုင်အနီး၊ (ခ) ရပ်ကွက်၊ မြရတနာ (၁ဝ)လမ်း၊ အိမ်အမှတ် (၄၇) တွင် ထုလုပ်နေခြင်းဖြစ်သည်။

ဦးသန့်ရုပ်တုကို ထုလုပ်ရာတွင် ပထမအဆင့်အနေဖြင့် ရွှံ့စေးဖြင့် ရုပ်လုံးဖော်နေခြင်းဖြစ်ပြီး ပြီးစီးပါက ဘိလပ် မြေအဖြူ၊ စကျင်ကျောက်များကို ကြိတ်ပြီးရလာသည့် ကျောက်မှုန့်ကို သဲအဖြူနှင့် ရောစပ်ကာ ဦးသန့်ကိုယ် တစ်ပိုင်းပုံတူ ကျောက်ရုပ်တုအဖြစ် ထုလုပ်မည်ဖြစ်သည်။

ယခုလက်ရှိတွင် ပုံကြမ်းရုပ်တုမှာ ၆ဝ ရာခိုင်နှုန်းကျော် ထုလုပ်ပြီးစီးနေပြီဖြစ်ပြီး လာမည့် မတ်လထဲတွင် အချောသတ်ပြီးစီးမည်ဖြစ်ကာ အဆိုပါ ဦးသန့်ရုပ်တုမှာ ပန်းပုဆရာ ကိုကျော်ကျော်မင်း၏ ၃ ရုပ် မြောက် ထုလုပ်သော ရုပ်တုဖြစ်သည်။

၂ဝ၁၃ ခုနှစ်တွင် ပြင်သစ်သံရုံးတွင် တစ်ကြိမ်၊ ၂ဝ၁၆ ခုနှစ်တွင် နတ်ရေကန် ဦးတင်မောင်ထွေး၏ အပ်နှံမှုကြောင့် လူတစ်ရပ်စာ ဦးသန့်ကိုယ်တစ်ပိုင်းရုပ်တုကို ထုလုပ်ခဲ့ဖူးကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်း မြို့အဝင်ရှိ ဦးနု ဦးသန့် စာကြည့်တိုက်တွင် ကျော်ကြားသော ဂီတပညာရှင်ကြီးများ၊ စာရေးဆရာကြီးများ၊ အောင်မြင်ကျော်ကြားသော ပုဂ္ဂိုလ်ကြီးများ၏ ပုံတူများကို ထုလုပ်ကာ ပြသထားသော ရုပ်တုပေါင်း ၂ဝ ကျော်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly