ပါကစ္စတန်တွင် ဗုံးပေါက်ကွဲ၍ ၁၃ ဦးထက်မနည်း သေဆုံး၊ ၈၂ ဦး ဒဏ်ရာရ

ပါကစ္စတန်တွင် ဗုံးပေါက်ကွဲ၍ ၁၃ ဦးထက်မနည်း သေဆုံး၊ ၈၂ ဦး ဒဏ်ရာရ

ဖေဖော်ဝါရီ ၁၄ ။              ။ ပါကစ္စတန်နိုင်ငံ လာဟိုးမြို့ရှိ ဆန္ဒပြလူစုလူဝေးတစ်ခုအတွင်းသို့ ဖေဖော်ဝါရီ ၁၃ ရက်က တာလီဘန် အသေခံဖောက်ခွဲရေးသမားဟု ယုံကြည်ရသူတစ်ဦးက ဝင်ရောက်ဖောက်ခွဲသွားခဲ့ရာ အနည်းဆုံး ၁၃ ဦး သေဆုံးပြီး ၈၂ ဦး ထိခိုက်ဒဏ်ရာရရရှိသွားခဲ့သည်။

အခင်း ဖြစ်ချိန်တွင်လည်း အနီးအနားရှိသူများကလည်း နောက်ထပ် ပေါက်ကွဲမှုများ ထပ်ဖြစ်မည်ကို ကြောက်ရွံ့၍ အော်ဟစ်ပြေးလွှားခဲ့ကြကြောင်း သိရပြီး မြို့တွင်းရှိ အဓိကလမ်းမကြီးတစ်ခုအနီး   ပေါက်ကွဲမှုဖြစ်ပွားခဲ့သော ယင်းနေရာကို ရဲများက ပိတ်ဆို့ထားလိုက်ပြီ ဖြစ်သည်။

အဆိုပါ လမ်းမကြီးပေါ်တွင် ဒေသအစိုးရ၏ ဆေးဝါးလုပ်ငန်းပိုင်း စည်းကြပ်မည့်အစီအစဉ်များအပေါ် လူရာနှင့်ချီ ကန့်ကွက်ဆန္ဒပြနေခဲ့ကြခြင်း ဖြစ်သည်ဟုလည်း သိရသည်။

" ပေါက်ကွဲမှုအားက တော်တော်ကြီးပါတယ်၊ ဒဏ်ရာသူတွေရော၊ အလောင်းတွေရော အများကြီး တွေ့ခဲ့ရတယ်၊ ငိုယိုသွေးပျက်နေကြတာကို တွေ့ရပါတယ်" ဟု မျက်မြင်တွေ့သူတစ်ဦးဖြစ်သည့် မိုဟာမက် တာရစ်က ပြောသည်။

ယခု တိုက်ခိုက်မှုကြောင့် ရဲခြောက်ဦးအပါအဝင် အနည်းဆုံး ၁၃ ဦးသေဆုံးသွားကြောင်း ပန်ဂျက်ဘ်ဒေသ ရဲအရာရှိချုပ်က အတည်ပြုသည်။ တိုက်ခိုက်မှုမှာ အသေခံဖောက်ခွဲသွားခြင်းဟု ယူဆရကြောင်းနှင့် ဆန္ဒပြလူအုပ်ကို ထိန်းသိမ်းရန် ကြိုးစားနေသော ရဲများကို ပစ်မှတ်ထားခဲ့ခြင်း ဖြစ်ပုံရကြောင်း ရဲအရာရှိ အေမင်ဝိန်းစ်က ပြောသည်။

တစ်ချိန်တည်းမှာပင် ယခုတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ကြောင်း ပါကစ္စတန် တာလီဘန် အဖွဲ့ခွဲတစ်ခုဖြစ်သည့် Jammat-ul-Ahrar  က ထုတ်ဖော်သွားသည်ဟုလည်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly