ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အိန္ဒိယသို့ မကြာမီ သွားရောက်မည်

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အိန္ဒိယသို့ မကြာမီ သွားရောက်မည်

ဇူလိုင် ၂၅ ရက် ။       ။ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် လာမည့်သီတင်းပတ်အတွင်း အိန္ဒိယနိုင်ငံသို့ နယ်စပ် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးရန် သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

နယ်စပ်ချင်း ၁၆၄၃ ကီလိုမီတာ ထိစပ်နေသည့် အိန္ဒိယ-မြန်မာနှစ်နိုင်ငံ ပူးပေါင်း ကင်းလှည့်ရေးလုပ်ငန်းစဉ်များကို မြန်မာ အဆင့်မြင့် တပ်မတော်ခေါင်းဆောင်များလိုက်ပါသည့် အဆိုပါ ခရီးစဉ်တွင် ဆွေးနွေးကြမည်ဖြစ်သည်။

ပြီးခဲ့သည့်လအတွင်းက မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းရှိ လက်နက်ကိုင်အုပ်စုများကို အိန္ဒိယစစ်တပ်က စီးနင်း တိုက်ခိုက်ခဲ့ ပြီးနောက် မြန်မာနိုင်ငံသို့ စစ်ရေးအကူအညီများနှင့် စစ်သင်တန်းများပေးသွားရန်အတွက် အိန္ဒိယနိုင်ငံက သဘောတူခဲ့သည်။

အဆိုပါ စီးနင်းတိုက်ခိုက်မှုမှာ ဇွန် ၄ ရက်ကလက်နက်ကိုင်တပ်ဖွဲ့၏ ချုံခိုတိုက်ခိုက်ခံရ၍ မဏိပူတွင် အိန္ဒိယစစ်သား ၁၈ ဦးသေဆုံး ခဲ့သဖြင့် အိန္ဒိယစစ်တပ်က ပြန်လည်ထိုးစစ်ဆင်ချေမှုန်းခဲ့ခြင်းဖြစ်သည်။

ခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အိန္ဒိယလေတပ် လေယာဉ်များပြုပြင်ရေး စခန်းအပါအဝင် စစ်ဖက်ဆိုင်ရာ လုပ်ငန်း များသို့ ဦးစွာသွားရောက်လည်ပတ်ကြည့်ရှုမည်ဖြစ်ပြီး ဇူလိုင် ၂၉ တွင် ဒေလီသို့ရောက်ရှိကာ ဆွေးနွေးပွဲ များကို ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်အား အိန္ဒိယကာကွယ်ရေးဝန်ကြီး မန်နိုဟာပါရီကာနှင့် ဌာနဆိုင်ရာ အကြီးအကဲများက လက်ခံတွေ့ဆုံမည်ဖြစ်သည်။

"အိန္ဒိယကို တိုက်ခိုက်နေတဲ့ သူပုန်လက်နက်ကိုင်တွေကို နယ်မြေအတွင်း ခွင့်ပြုထားမှာ မဟုတ်ဘူးလို့ မြန်မာနိုင်ငံဖက်က အကြိမ်ကြိမ်အာမခံထားပါတယ်။" ဟု ပါရီကာက ဇူလိုင် ၂၄ ရက်က ပြောကြားခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည်လည်း အိန္ဒိယသို့ ဇူလိုင် ဒုတိယပတ်ထဲ၌ သုံးရက်ကြာ သွားရောက်ခဲ့သေးပြီး အိန္ဒိယဝန်ကြီးချုပ်နှင့် တွေ့ဆုံခဲ့သေးသည်။

Ref; The Times of India

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly