မိုးညှင်းတွင် ကျောက်စိမ်းအရိုင်းတုံး တန် ၂၀ ကျော် ဖမ်းမိ

မိုးညှင်းတွင် ကျောက်စိမ်းအရိုင်းတုံး တန် ၂၀ ကျော် ဖမ်းမိ
ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ဖေဖော်ဝါရီ ၁၄ ။            ။ ကချင်ပြည်နယ်၊ မိုးညှင်းမြို့အနီး ဖားကန့်မှ မန္တလေးသို့ သယ်ဆောင်လာသည့် တရားမဝင် တင်ဆောင်လာသည့် ကျောက်စိမ်းအရိုင်းတုံး ခန့်မှန်းအလေးချိန်တန် ၂၀ ခန့်အား ဖေဖော်ဝါရီ ၁၀ ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ယနေ့ ထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၁၀ ရက်၊ ည ၈ နာရီခွဲခန့်တွင် ဖားကန့်ဒေသမှ နန့်ယား-မိုးကောင်း-မိုးညှင်း လမ်းကြောင်းအတိုင်း မန္တလေးဘက်သို့ မောင်းနှင်လာသည့် ခြောက်ဘီးယာဉ် ၅ စီး၊ ၁၀ ဘီးယာဉ် ၂ စီးနှင့် ၁၂ ဘီး ယာဉ် ၁ စီးတို့ကို ရှာဖွေခဲ့ရာ ကျောက်စိမ်းအရိုင်းတုံးများ တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဖေဖော်ဝါရီ ၁၂ ရက် ညနေ ၃ နာရီခန့်တွင်လည်း ကျောက်စိမ်းအရိုင်းတုံးခန့်မှန်းအလေးချိန် ၁ တန်ခွဲခန့်ကို ထပ်မံတွေ့ရှိဖမ်းဆီးရမိခဲ့သည်။ နန့်ယား-ကာမိုင်း-မိုးကောင်း-မိုးညှင်းလမ်းအတိုင်း မန္တလေးသို့ ထွက်ခွာလာသည့် ယူဒီ ၁၂ ဘီးယာဉ် ၇စီးအား  စစ်ဆေးခဲ့ရာ ယာဉ် ၁ စီးပေါ်တွင် ယင်းသို့ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဖမ်းဆီးရမိသူများ၊  တရားမဝင်ကျောက်စိမ်းတုံးများနှင့် ယာဉ်များအား မိုးညှင်းမြို့နယ်ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်   ကျောက်စိမ်းတူးဖော်ရေးဌာနခွဲ (မိုးညှင်း)မှတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည် မော်တော်ယာဉ်များအား သတင်းအရရှာဖွေ စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ကျောက်စိမ်းအရိုင်းတုံးများ စုစုပေါင်း တန် ၂၁ တန်ခန့် ဖမ်းဆီးရခဲ့မိခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly